အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များတွင် ပါဝင်ပတ်သက်သော အကြမ်းဖက်သမားများကို ခိုလှုံခွင့် (သို့မဟုတ်) ယာယီနေထိုင်ခွင့် ပေးထားသည့် အဆောက်အဦများနှင့်စပ်လျဉ်း၍ အများပြည်သူများ သိရှိလိုက်နာနိုင်ရန် အသိပေးထုတ်ပြန်ချက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးနှင့်  ဖွံ့ဖြိုးတိုးတက်ရေးအတွက်    ရှေ့လုပ်ငန်းစဉ်များချမှတ်၍ တိုင်းရင်းသားပြည်သူများနှင့်အတူ လက်တွဲပူးပေါင်းဆောင်ရွက်နေမှု အပေါ်တွင် မလိုလားသော အကြမ်းဖက်အုပ်စုများဖြစ်သည့် CRPH ၊  ယင်းက ဖွဲ့စည်းထားသော NUG ၊ ယင်းကဖွဲ့စည်းသည့် PDF နှင့် ယင်းတို့၏   လက်အောက်ခံအဖွဲ့အစည်းများက   နိုင်ငံတစ်ဝှမ်း ဖောက်ခွဲဖျက်ဆီးခြင်း၊    မီးရှို့သတ်ဖြတ်ခြင်း   စသည့်အကြမ်းဖက် လုပ်ရပ်များ     လုပ်ဆောင်လျက်ရှိရာ   ထိုသို့လုပ်ဆောင်ရာတွင် တိမ်းရှောင်၊ ပုန်းခိုနေထိုင်ရန်အတွက် နေအိမ်၊ တိုက်ခန်းများကို ငှားရမ်းသုံးစွဲခဲ့ကြပြီး အကြမ်းဖက်လုပ်ငန်းများကို ဆောင်ရွက်လျက် ရှိကြောင်း  တွေ့ရှိရပါသည်။


ထိုသို့ဆောင်ရွက်ရာတွင်  သာဓကအားဖြင့်  ၂၀၂၁  ခုနှစ်၊ ဇွန်လ ၈  ရက်နေ့တွင်  မန္တလေးတိုင်းဒေသကြီး၊  ပုသိမ်ကြီးမြို့နယ်၊  ရွေးစု အနောက်ကျေးရွာရှိ အကြမ်းဖက်သမားများ  ငှားရမ်းထားသော နေအိမ်တစ်ထပ်တိုက်အတွင်းမှ လက်နက်မျိုးစုံ ၂၅ လက်၊ လက်ပစ်ဗုံး ၇၂ လုံး၊ ဖျူ့စ် ၇၁ ခု၊ ကျည်ဘောက်မျိုးစုံ ၁၄ ခု၊ TNT ယမ်း ၁၅၆ တောင့်၊ ဒီတိုနေတာ ၅၄၀ ချောင်း၊ ကျည်ခါးပတ် ၂ ခုအပါ ၄ ဘူး၊ ၁၂ ဗို့ကျည် (ယမ်းမပါ)  ၂၇   တောင့်၊  (ယမ်းပါ)  ၂၅  တောင့်၊ စက်လတ်ကျည်ခါးပတ်တွဲ  ၃  ခု၊ ကျည်မျိုးစုံ ၃၂၈၅ တောင့်တို့အား ရှာဖွေတွေ့ရှိသိမ်းဆည်းရမိခဲ့ပါသည်။ ထို့အတူ ဇွန်လ ၂၂ ရက်နေ့၊ နံနက်  ၈ နာရီ  ၁၅ မိနစ်အချိန်တွင်  မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ထွန်တုံး ရပ်ကွက်၊   ၅၄ လမ်းနှင့် ၁၁၁(E)လမ်းရှိ  အကြမ်းဖက်သမားများ ငှားရမ်းထားသော    အိမ်အမှတ်   ၁၁၆/ဖ-၁၉   ၌   အကြမ်းဖက်သောင်းကျန်းသူများ   ရောက်ရှိခိုအောင်း နေကြောင်း  သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်း အဖွဲ့က သွားရောက်စစ်ဆေးစဉ် အကြမ်းဖက်သောင်းကျန်းသူများမှ အဆိုပါတိုက်ခန်းအတွင်းမှနေ၍ လုံခြုံရေးတပ်ဖွဲ့ဝင်များအား လက်နက် ငယ်၊ လက်လုပ်ဗုံးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် အချို့ ကျဆုံး/ဒဏ်ရာရရှိခဲ့ပြီး အကြမ်းဖက်သမား ၆ ဦး သေဆုံးကာ အကြမ်းဖက်သမား  ၈ ဦးအား  လက်နက်ခဲယမ်း၊  ဆက်စပ်ပစ္စည်း အများအပြားတို့နှင့်အတူ ဖမ်းဆီးရမိခဲ့ပါသည်။

အလားတူ ဩဂုတ်လ ၁၄ ရက်နေ့ ညနေ ၄ နာရီ ၁၅ မိနစ်အချိန် တွင် အင်းစိန်မြို့ပတ်ရထားသည် အလုံဘူတာနှင့် ပန်းလှိုင်ဘူတာကြား  အရောက်၌ အဆိုပါရထားပေါ်တွင်  လုံခြုံရေးလိုက်ပါလာသော  လုံခြုံရေး တပ်ဖွဲ့ဝင်များအား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့် ပစ်ခတ်ခဲ့မှုကြောင့် လုံခြုံရေးတပ်ဖွဲ့ဝင် ၅ ဦးကျဆုံးကာ တစ်ဦးဒဏ်ရာ ရရှိခဲ့ပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များ ကိုင်ဆောင်သော လက်နက် ၄ လက်  နှင့် ခဲယမ်းအချို့တို့ကို အကြမ်းဖက်လက်နက်ကိုင်အဖွဲ့က ယူဆောင် သွားခဲ့သည့် ဖြစ်စဉ်တွင် အကြမ်းဖက်တိုက်ခိုက်သော တရားခံများကို စိစစ်ဖော်ထုတ်ချက်များအရ ရန်ကုန်မြို့တွင်းရှိ နေအိမ်၊ တိုက်ခန်းများအား ကာလတိုငှားရမ်းပြီး ဖြန့်ခွဲနေထိုင်ခဲ့ကြကြောင်း တွေ့ရှိရပါသည်။


အထက်ပါဖြစ်စဉ်များနှင့်ပတ်သက်၍ စုံစမ်းဖော်ထုတ်ခဲ့ရာ ပြစ်မှု ကျူးလွန်သူများသည်   အကြမ်းဖက်မှုများ  ကျူးလွန်နိုင်ရန်အတွက် ကြိုတင်ကြံစည်၍ နေအိမ်၊ တိုက်ခန်းများကို  ကာလတို  ငှားရမ်း နေထိုင်ခဲ့ကြောင်း  စုံစမ်းဖော်ထုတ်သိရှိခဲ့ရသည့်အတွက်    နေအိမ်၊ တိုက်ခန်းငှားရမ်းသူ အိမ်ရှင်များအနေဖြင့်လည်း မိမိတို့၏ နေအိမ်၊ တိုက်ခန်းများအား ငှားရမ်းမည်ဆိုပါက ငှားရမ်းနေထိုင်သည့်သူများ နှင့်ပတ်သက်၍ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးဥပဒေ ပုဒ်မ ၁၇ အရ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံးများသို့  ဧည့်စာရင်း တိုင်ကြားရန်   တာဝန်ရှိသည့်အတွက်   ငှားရမ်းနေထိုင်သူများ၏ ကိုယ်ရေးအချက်အလက်၊     အထောက်အထားပြည့်စုံစွာဖြင့် သက်ဆိုင်ရာရပ်ကွက်    သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးများသို့ သတ်မှတ်ချက်များနှင့်အညီ ဧည့်စာရင်းတိုင်ကြားရန်နှင့် မိမိငှားရမ်းထားသောသူများသည်     သံသယဖြစ်ဖွယ်ရှိကြောင်း   တွေ့ရှိရပါက    သက်ဆိုင်ရာတာဝန်ရှိသူများကို   အချိန်မီသတင်းပို့ အကြောင်းကြားခြင်းဖြင့်     အိမ်ရှင်များမှလည်း     ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြရန်  လိုအပ်ပါသည်။


သို့ဖြစ်ပါ၍ နေအိမ်၊ တိုက်ခန်း ငှားရမ်းနေထိုင်ပြီး အကြမ်းဖက် မှုများ ကျူးလွန်ကြောင်း ဖော်ထုတ်ရရှိပါက နေအိမ်၊ တိုက်ခန်းများ ငှားရမ်းစဉ် သက်ဆိုင်ရာ ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ် ရေးမှူးရုံးသို့ ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိရ ပါက    ငှားရမ်းသည့်    ပိုင်ရှင်များတွင်  တာဝန်ရှိမည်ဖြစ်သဖြင့် သက်ဆိုင်ရာ တည်ဆဲဥပဒေအရ အရေးယူခံရမည့်အပြင်  အဆိုပါ ငှားရမ်းထားသည့် နေအိမ်၊ တိုက်ခန်းများကို အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေအရ အရေးယူဆောင်ရွက်သည့် အမှုများနှင့်ဆက်စပ်၍ သက်သေခံအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ပြီး တရားရုံးတွင် စစ်ဆေး ပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ်  သိမ်းဆည်းခံရမည် ဖြစ်ကြောင်း အသိပေးအပ်ပါသည်။ 


အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့