
ဇင်ငြိမ်း
အကြမ်းဖက်ဝါဒ
အကြမ်းဖက်ဝါဒနှင့် တော်လှန်ရေးဆိုသည့် သဘော သည် အနှစ်သာရအားဖြင့်ဖြစ်စေ၊ အသွင်သဏ္ဌာန် အားဖြင့်ဖြစ်စေ၊ ရည်ရွယ်ချက်အားဖြင့် ဖြစ်စေ ကွဲပြားခြားနားပါသည်။ အကြမ်းဖက်ဝါဒအား နိုင်ငံတကာဥပဒေအရ ရှင်းလင်းတိကျသည့် အဓိပ္ပာယ်ဖွင့်ဆိုချက်မရှိပါ။ ယင်းသည် နိုင်ငံရေးနှင့် အယူအဆဆိုင်ရာ အဓိပ္ပာယ်များရှိပါသည်။ အကြမ်း ဖက်ဝါဒနှင့်ပတ်သက်၍ ကုလသမဂ္ဂ၏ ဖွင့်ဆိုချက် များရှိသော်လည်း နိုင်ငံများက အကြမ်းဖက်ဝါဒ ဖွင့်ဆိုချက်အပေါ် သဘောတူညီမှုမရရှိသေးချေ။
၁၉၉၉ ခုနှစ် ဒီဇင်ဘာ ၉ ရက်က လက်မှတ် ရေးထိုးခဲ့သည့် အကြမ်းဖက်မှုဆိုင်ရာ ဘဏ္ဍာငွေ ထောက်ပံ့မှုရပ်ဆိုင်းရေး နိုင်ငံတကာသဘောတူ စာချုပ်တွင် အကြမ်းဖက်ဝါဒကို အဓိပ္ပာယ်ဖွင့်ဆို ထားသည်။ ထို့နောက် ၂၀၀၄ ခုနှစ် အောက်တိုဘာ လတွင် ကုလသမဂ္ဂလုံခြုံရေးကောင်စီ၏ ဆုံးဖြတ် ချက် အမှတ် ၁၅၆၆ တွင် အဆိုပါအဓိပ္ပာယ် ဖွင့်ဆို ချက်ကို ပြင်ဆင်ခဲ့ပါသည်။ ၂၀၀၆ ခုနှစ် ဇန်နဝါရီလ တွင် အကြမ်းဖက်ဝါဒကို အဓိပ္ပာယ်ဖွင့်ဆိုသည့် ဆုံးဖြတ်ချက်အမှတ် ၆၀/၄၃ ကို ကုလသမဂ္ဂ အထွေထွေညီလာခံက အတည်ပြုခဲ့ပါသည်။ ယင်း အဓိပ္ပာယ်ဖွင့်ဆိုချက်တွင် အများသူငါ၊ လူအုပ်စုတစ်ခု သို့မဟုတ် လူတစ်ဦးချင်းစီအား နိုင်ငံရေးရည်ရွယ် ချက်များအတွက် ကြောက်မက်ဖွယ် အခြေအနေ ဖြစ်စေရန် ရည်ရွယ်သော သို့မဟုတ် စနစ်တကျ စီစဉ်လုပ်ဆောင်သော ရာဇဝတ်မှုဆိုင်ရာ လုပ်ဆောင်မှုများဟု ဖွင့်ဆိုထားပါသည်။
မြန်မာနိုင်ငံတွင် အကြမ်းဖက်ဆိုင်ရာ လုပ်ဆောင်မှုများနှင့်ပတ်သက်၍ အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေ (၂၀၀၄) အခန်း(၁) ပုဒ်မ ၃၊ ပုဒ်မခွဲ (ခ)တွင် အကြမ်းဖက်မှုဆိုသည်မှာ အကြမ်း ဖက်မှုကျူးလွန်ရန် ရည်ရွယ်ချက်ဖြင့် အောက် ဖော်ပြပါ ပြစ်မှုတစ်ခုခုကို ပြုလုပ်မှုနှင့် ပြုလုပ်ရန် ပျက်ကွက်မှုများကို ဆိုသည်ဟု ၁၁ ချက် ဖော်ပြ ထားပါသည်။
ယင်းပြဋ္ဌာန်းထားချက်များတွင် ကုလသမဂ္ဂမှ ဖွင့်ဆိုထားသည့် အများပြည်သူအတွင်း ထိတ်လန့် ကြောက်ရွံ့မှုဖြစ်ပေါ်စေခြင်း၊ အစိုးရ သို့မဟုတ် ပြည်တွင်း၊ ပြည်ပအဖွဲ့အစည်းတစ်ခုခုအား ဥပဒေ နှင့်မညီသည့် လုပ်ရပ်တစ်ခုကို အတင်းအကျပ် ပြုလုပ်စေခြင်း သို့မဟုတ် ဥပဒေနှင့်အညီ ပြုလုပ် ရမည်ကိုမပြုလုပ်ဘဲ ရှောင်ရှားစေခြင်းတို့ကို ရည်ရွယ် ၍ အရပ်သားကိုဖြစ်စေ၊ လက်နက်ကိုင်ပဋိပက္ခ တိုက်ပွဲဖြစ်နေသည့် အခြေအနေတွင် စစ်ပြိုင်မှု၌ ပါဝင်တိုက်ခိုက်ခြင်းမရှိသည့် အခြားသူတစ်ဦးဦးကို ဖြစ်စေ သေစေရန် သို့မဟုတ် အပြင်းအထန် နာကျင် စေရန်နှင့် အခြားပြုလုပ်မှုများဆိုသည့် ဖွင့်ဆိုချက် ပါဝင်သည်ကို တွေ့ရပါသည်။
တော်လှန်ရေး
တော်လှန်ရေးဆိုသည့် စကားရပ်သည် လက်တင်ဘာသာစကား revolution အလှည့်၊ ပြန်လှည့်သည်ဆိုသည့်စကားရပ်မှ ဆင်းသက်လာ သည်ကို တွေ့ရပါသည်။ နိုင်ငံရေးသိပ္ပံတွင် တော်လှန်ရေးဆိုသည်မှာ အစိုးရအပေါ် ပြည်သူ လူထုက နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာများ မကျေနပ်မှုကြောင့် နိုင်ငံရေးအာဏာနှင့် နိုင်ငံရေး အဖွဲ့အစည်းများတွင် အပြောင်းအလဲလုပ်ဆောင် ခြင်းဟု တွေ့ရှိရသည်။ ယင်းသို့ ပြောင်းလဲရာတွင် မတူညီသောနိုင်ငံရေးစနစ်များသို့ ပြောင်းလဲရန် အတွက် အများအားဖြင့် ဆန့်ကျင်ဆန္ဒပြခြင်း၊ အင်အား အသုံးပြုခြင်းနှင့် စစ်ပွဲနည်းလမ်းများကို အသုံးပြု လေ့ရှိကြပါသည်။ ဆန့်ကျင်ဆန္ဒပြခြင်း၊ အင်အား အသုံးပြုခြင်းနှင့် စစ်ပွဲနည်းလမ်းများ အသုံးပြုရာ တွင် လိုက်နာရမည့် သတ်မှတ်ချက်များ ရှိပါသည်။
မတူညီမှု
အကြမ်းဖက်မှုလုပ်ရပ်နှင့် တော်လှန်ရေးအသွင် တို့၏ ရည်ရွယ်ချက်နှင့် လုပ်ကိုင်ပုံတို့သည် များစွာ ကွဲပြားခြားနားကြပါသည်။ အနီးစပ်ဆုံး ဥပမာ အဖြစ် တည်ဆဲအစိုးရတစ်ရပ်အား တော်လှန်ခဲ့ကြ သည့် ထိုင်းနိုင်ငံတွင်ဖြစ်ပွားခဲ့သော ဖြစ်ရပ်များနှင့် သီရိလင်္ကာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်နှစ်ခု တွင် တွေ့နိုင်ပါသည်။
၂၀၂၀ ပြည့်နှစ် စက်တင်ဘာလအတွင်းက ထိုင်းဘုရင်၏ဩဇာအာဏာကို ကန့်သတ်ရန်အတွက် အင်အားသောင်းနှင့်ချီသောလူထုက ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေးအပါအဝင် အခြားတောင်းဆို မှုများဖြင့် ဘန်ကောက်မြို့တွင် ဆန္ဒပြခဲ့ကြသည်။ ဆန္ဒပြမှုများကို နေ့စဉ်ရက်ဆက် ပြုလုပ်ခဲ့ကြသည်။ သို့သော် ထိုဆန္ဒပြမှုများတွင် အကြမ်းဖက်မှုပုံစံ များ ပါဝင်ခြင်းမရှိဘဲ နိုင်ငံရေးရည်မှန်းချက်နှင့် တောင်းဆိုမှုများရရှိရေးကိုသာ ဦးတည်သည်ကို တွေ့ရပါသည်။
အလားတူပင် ၂၀၂၂ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့ က သီရိလင်္ကာနိုင်ငံတွင် ထောင်ချီသည့် ဆန္ဒပြသူ များသည် မြို့တော် ကိုလံဘိုတွင်ရှိသည့် သမ္မတ အိမ်တော်ဝင်းကို ဝင်စီးခဲ့သည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ပါ သည်။ ထိုဖြစ်စဉ်တွင်လည်း အကြမ်းဖက်သည့် အသွင်ပုံစံများကို မတွေ့ရှိရဘဲ နိုင်ငံရေး၊ စီးပွားရေး ဆိုင်ရာ လိုလားချက်များကိုသာ တောင်းဆိုခဲ့သည် ကိုတွေ့ရပါသည်။ ယင်းဖြစ်စဉ်နှစ်ခုသည် တော်လှန် ရေးအသွင်ပုံစံဖြင့် တွေ့မြင်ရပြီး လူထုက ၎င်းတို့ လိုလားသည့် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဆိုင်ရာ ရည်ရွယ်ချက်များကိုသာ တောင်းဆိုခဲ့ကြကာ ရည်ရွယ်ချက်နှင့်မသက်ဆိုင်သည့် ပြည်သူပိုင် အဆောက်အအုံများ ဖျက်ဆီးခြင်း၊ အပြစ်မဲ့ပြည်သူ များအား သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများ မီးရှို့ ခြင်း၊ လမ်းတံတားများ မိုင်းခွဲခြင်း စသည့်ဥပဒေမဲ့ လုပ်ရပ်များမပါဝင်သည်ကို တွေ့ရပါသည်။
သို့သော်လည်း တော်လှန်ရေးခေါင်းစဉ်အောက် တွင် မိမိတို့လိုလားသော နိုင်ငံရေး ရည်မှန်းချက်နှင့် သွေဖည်ကာ အပြစ်မဲ့ပြည်သူများကို သတ်ဖြတ်ခြင်း၊ နိုင်ငံပိုင်အဆောက်အအုံများကို မီးရှို့ခြင်း၊ စာသင် ကျောင်းများကို မီးရှို့၍ ဆရာ ဆရာမများကို ခြိမ်းခြောက်ခြင်း၊ သတ်ဖြတ်ခြင်း စသောလုပ်ရပ်များ သည် ဥပဒေချိုးဖောက်သော ရာဇဝတ်မှုများဖြစ်၍ အကြမ်းဖက်လုပ်ရပ်များ ဖြစ်ကြပါသည်။
၂၀၂၂ ခုနှစ် ဇူလိုင်လ ၂၇ ရက်နေ့ထုတ် မြန်မာ့ အလင်းသတင်းစာတွင် သတင်းတစ်ပုဒ် ဖတ်ရှုရ ပါသည်။ သတင်းမှာ ဂျပန်နိုင်ငံတွင် လူခုနစ်ဦးအား သတ်ခဲ့သည့် တရားခံကို ဇူလိုင်လ ၂၆ ရက်နေ့က သေဒဏ်ပေးလိုက်သည့် သတင်းဖြစ်ပါသည်။ ယင်းဖြစ်စဉ်တွင် ၂၀၀၈ ခုနှစ် ဇွန်လက ကာတိုတိုမိုဟီရို ဆိုသူသည် ဈေးဝယ်များဖြင့် စည်ကားနေသည့် လူအုပ်အတွင်း ထရပ်ကားဖြင့် ဝင်တိုက်ပြီးနောက် လမ်းသွားလမ်းလာများကို ဓားဖြင့်ထိုးခဲ့သဖြင့် အပြစ်မဲ့လူခုနစ်ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိ စေခဲ့သည်။ ယင်းဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားခံ၏ အယူခံကို တရားရုံးချုပ်ကပယ်ချခဲ့ပါသည်။ တရားခံ ကျူးလွန်ခဲ့သောပြစ်မှုမှာ သက်ညှာရန်မရှိကြောင်း တရားသူကြီးက ပြောခဲ့ပြီး ဇူလိုင်လ ၂၆ ရက်နေ့တွင် တရားခံအား သေဒဏ်စီရင်ခဲ့ပါသည်။ ယင်းမှာ ဒီမိုကရေစီနိုင်ငံတစ်နိုင်ငံတွင် အကြမ်းဖက်သူတစ်ဦး ကို သေဒဏ်ပေးခြင်းကိုကြည့်လျှင် အကြမ်းဖက် လုပ်ရပ်များနှင့် အကြမ်းဖက်ဝါဒကို မည်သည့်နိုင်ငံ ကမျှလက်မခံသည်ကို တွေ့ရမည်ဖြစ်သည်။
အထက်ပါဖြစ်စဉ်များကို ကြည့်ခြင်းအားဖြင့် တော်လှန်ရေးနှင့် အကြမ်းဖက်ဝါဒသည် ပြဒါး တစ်လမ်း သံတစ်လမ်းပင်ဖြစ်သည်ကို တွေ့ရမည် ဖြစ်သည်။
တော်လှန်ရေးခေါင်းစဉ်အောက်မှ အကြမ်းဖက်ဝါဒ
ယနေ့မြန်မာနိုင်ငံတွင် ၂၀၂၀ ရွေးကောက်ပွဲမှ တစ်ဆင့် နိုင်ငံရေးဆိုင်ရာ ပဋိပက္ခများ ဖြစ်ပေါ်လာပါ သည်။ ယင်းမှထပ်မံ၍ နိုင်ငံရေးမကျေနပ်မှုများ၊ ဆန္ဒပြမှုများဆီသို့ ကူးပြောင်းလာပါသည်။ အမေရိကန်နိုင်ငံကဲ့သို့ ဒီမိုကရေစီရင့်ကျက်ပြီးသော နိုင်ငံတွင်ပင် ရွေးကောက်ပွဲဆိုင်ရာပဋိပက္ခများ ဖြစ်ပွားသည်ကို တွေ့ရပါသည်။ ၂၀၂၁ ခုနှစ် ဇန်နဝါရီလက အမေရိကန်သမ္မတရွေးကောက်ပွဲ တွင် အနိုင်ရခဲ့သည့် ဂျိုးဘိုင်ဒင်၏မဲများ လွှတ်တော် တွင် အတည်ပြုရန် ဆောင်ရွက်နေစဉ် သမ္မတထရမ့် အား ထောက်ခံသူများက လွှတ်တော်ထဲသို့ အကြမ်း ဖက် ဝင်ရောက်ခဲ့သည့်ဖြစ်စဉ်အား ကြည့်ပါက နိုင်ငံရေးပဋိပက္ခများဆိုသည်မှာ မည်သည့်နိုင်ငံတွင် မဆို ဖြစ်လေ့ရှိတတ်သည့်သဘော ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင်လည်း နိုင်ငံရေးဆိုင်ရာ ပဋိပက္ခများကို အကြောင်းပြု၍ ဆန္ဒပြမှုများဖြစ်ပွား ခဲ့ပြီး ယင်းမှတစ်ဆင့် လက်နက်ကိုင်တော်လှန်ရေး အသွင်သို့ ပြောင်းလဲပါသည်။ သို့သော်လည်း နောက်ပိုင်းတွင် နိုင်ငံရေးရည်မှန်းချက်များနှင့် သွေဖည်ကာ ပုဂ္ဂိုလ်ရေးအသွင်၊ လက်စားချေသည့် အသွင်ဖြင့် အကြမ်းဖက်မှုပုံစံများကို ပြောင်ပြောင် တင်းတင်း လုပ်ဆောင်လာပါသည်။
ပြည်သူများ ကျန်းမာရေးအတွက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးခြင်းကို ဆန့်ကျင်ခြင်း၊ ကလေးသူငယ်များ၏ ပညာသင်ကြားခွင့်ကို ခြိမ်းခြောက်တိုက်ခိုက်ခြင်း၊ ပြည်သူ့ဝန်ဆောင်မှု အဆောက်အအုံများ၊ အပြစ်မဲ့လူပုဂ္ဂိုလ်များကို တိုက်ခိုက်သတ်ဖြတ်နေခြင်းသည် အကြမ်းဖက်ဝါဒ သာ ဖြစ်ပါသည်။ တစ်လောက မျိုးရန်နောင်သိန်း ဆိုသူက ဆရာတော်ကြီးများအား လုပ်ကြံရန်ပြောဆို ထားသည့် ဗီဒီယိုဖိုင် ကြည့်ရပါသည်။ ယင်းမှာ နိုင်ငံရေးအသွင်၊ တော်လှန်ရေးအသွင်မှ အကြမ်းဖက် ဝါဒအသွင်သို့ ပြောင်းလဲသွားသည့် သက်သေပင် ဖြစ်ပါသည်။ ကမ္ဘာပေါ်တွင် အကြမ်းဖက်အဖွဲ့ အစည်း၊ အကြမ်းဖက်သူများအဖြစ် နိုင်ငံတကာက သတ်မှတ်ထားသူများပင် မိမိတို့ကိုးကွယ်ရာဘာသာ ကို ပြန်လည်ဖျက်ဆီးခြင်းမလုပ်ကြပါ။
ယနေ့ မြန်မာနိုင်ငံအတွင်း လုပ်ဆောင်နေသည့် အကြမ်းဖက်ဝါဒကို ဦးဆောင်သူများသည် သူတို့ ကိုယ်တိုင်မှာ အန္တရာယ်လွတ်မြောက်ရာ နေရာများ တွင်နေထိုင်၍ ပြည်တွင်းရှိလူငယ်များကို အသုံးချ နေကြပါသည်။ ပြည်သူအချင်းချင်း ရန်တိုက်၍ သတ်ဖြတ်ခိုင်းခြင်း၊ ပညာရေးအား ဖျက်ဆီးခြင်း၊ ဘာသာတရားအား ဖျက်ဆီးခြင်းများ လုပ်ဆောင် နေသည်ကို တွေ့ရပါသည်။
အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့်အရေးယူ
ထိုသို့ မြန်မာနိုင်ငံအတွင်း နိုင်ငံရေးပြောင်းလဲ ရန် ခေါင်းစဉ်ဖြင့် အကြမ်းဖက်မှုများကို စီမံခြင်း၊ ဦးဆောင်ခြင်း၊ ကိုယ်တိုင်ကျူးလွန်ခြင်း၊ နည်းလမ်း အမျိုးမျိုးဖြင့် ပံ့ပိုးပေးခြင်းများ လုပ်ဆောင်လျက်ရှိ သဖြင့် ယင်းသို့ကျူးလွန်သူများကို အရေးယူအပြစ် ပေးနေသည်ကို တွေ့ရပါသည်။ ယင်းတို့အနက် ကျော်မင်းယု(ခ) ဂျင်မီ၊ ဖြိုးဇေယျာသော်၊ လှမျိုးအောင် နှင့် အောင်သူရဇော်တို့ကို အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေ ပုဒ်မ ၄၉(က)၊ ၅၀(ဈ)၊ ၅၀(ည) တို့အရ သေဒဏ်စီရင်ခဲ့ကြောင်း သိရပါသည်။
၎င်းတို့သည် အကြမ်းဖက်မှုအား စီမံပေးခြင်း၊ ဦးဆောင်ခြင်း၊ ပူးပေါင်းကူညီခြင်း၊ ထောက်ပံ့ခြင်း၊ ကျောင်းများ၊ ရဲစခန်းများ၊ အများပြည်သူဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာ အဆောက်အအုံများအား တိုက်ခိုက်ခြင်း၊ မိုင်းဖောက်ခွဲခြင်း၊ အပြစ်မဲ့ပြည်သူ များအား သတ်ဖြတ်ခြင်းတို့ လုပ်ဆောင်ခဲ့ကြောင်း သက်သေထင်ရှားဖော်ထုတ်ရရှိသဖြင့် ထိုသို့ ပြစ်ဒဏ် ချမှတ်ခဲ့ကြောင်း သိရပါသည်။ ထို့အပြင် ၎င်းတို့လက်ဝယ်တွင် လက်နက်ခဲယမ်းနှင့် အကြမ်း ဖက်ရာတွင် အသုံးပြုသည့် အခြားပစ္စည်းများကို ဖမ်းဆီးရမိခဲ့သည်။
ထိုပြစ်ဒဏ်စီရင်ခံရသော လေးဦးသည် ရည်ရွယ်ချက်အားဖြင့် နိုင်ငံရေးဆိုင်ရာဟု ဆိုသော် လည်း လက်တွေ့လုပ်ဆောင်နေသည်မှာ အကြမ်း ဖက်မှုအသွင်ပုံစံများ ဖြစ်ကြပါသည်။ သို့ဖြစ်သည့် အတွက် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အရေးယူအပြစ်ပေးခဲ့သည်ကို တွေ့ရပါသည်။ ထို့အပြင် အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေဖြင့် အခြားအရေးယူထားသူများလည်း ရှိနေဆဲဖြစ်သည်။
အကြမ်းဖက်မှုများနောက်ကွယ်
နိုင်ငံရေးပဋိပက္ခများမှတစ်ဆင့် အသွင်ပြောင်း လာသော အကြမ်းဖက်မှုများသည် ကောင်းကျိုး ထက် ဆိုးကျိုးများကိုသာ သယ်ဆောင်လာသည်ကို ယနေ့မြန်မာနိုင်ငံတွင်ဖြစ်နေသော တည်ငြိမ်မှု၊ အေးချမ်းမှု၊ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေးဆိုင်ရာအခြေအနေများတွင် သိသာစွာ တွေ့ရပါသည်။ ယင်းအကြမ်းဖက်မှုများကို ဦးဆောင် နေသူများ၊ စီမံပေးနေသူများနှင့် ထောက်ပံ့ပေးနေသူ များသည် ယနေ့အခါ နိုင်ငံရေးရည်မှန်းချက်မပါတော့သည့် ပုဂ္ဂိုလ်ရေးအာဃာတများ၊ အကျိုးစီးပွား များနှင့် နောက်ကွယ်မှကြိုးကိုင်နေသူများအလိုကျ လုပ်ဆောင်နေကြပါသည်။ အကြမ်းဖက်မှုများ တိုးမြင့်လာခြင်း၏နောက်ကွယ်တွင် မြန်မာ့နိုင်ငံရေး မတည်မငြိမ်ဖြစ်စေရန်နှင့် ရုပ်သေးအစိုးရတစ်ရပ် အာဏာရရှိရန်ဆိုသည့် ပယောဂများလည်း ရှိနေပါ သည်။
ယင်းပယောဂများတွင် စတေးခံနေကြရသည် မှာ မြန်မာနိုင်ငံသားအချင်းချင်း အိမ်ကြက်ချင်း အိုးမည်းသုတ်၍ ဖျက်ဆီးခံနေရခြင်း ဖြစ်ပါသည်။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေ စကားအတိုင်း ဖြစ်ပါသည်။ ထိုသို့သော နောက်ကွယ်မှ အကြံအစည် များတွင် လူထုအနေဖြင့် အထူးသဖြင့် လူငယ်များ အနေဖြင့် အသုံးချခံမဖြစ်ရန် အရေးကြီးပါသည်။ နိုင်ငံရေးရည်မှန်းချက်များကို အကောင်အထည်ဖော် ရာတွင် အကြမ်းဖက်သည့် နည်းလမ်းတစ်ခုတည်း သာ ရှိသည်မဟုတ်ပါ။ တော်လှန်ရေးနှင့် အကြမ်း ဖက်မှုကို ခွဲခြားသိရန်လိုအပ်ပါသည်။ ထိုသို့မဟုတ် ဘဲ အကြမ်းဖက်မှုများတွင် အသုံးချခံရပါက နစ်နာ ရမည်မှာ ကာယကံရှင်ကိုယ်တိုင်ပင်ဖြစ်ပြီး ကိုယ်တိုင် လည်း အကျိုးပျက်စီး၊ ပတ်ဝန်းကျင်ကိုလည်း ထိခိုက်၊ နိုင်ငံကိုလည်း အကျိုးပျက်စီးစေမည် ဖြစ်ပါ သည်။ ။
- Log in to post comments