နေပြည်တော် ဧပြီ ၂၆
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက် များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ
အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ် ရေးဥပဒေပုဒ်မ ၃၃(က)နှင့် တည်ဆဲဥပဒေများအရ အရေးယူ ခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှု ထင်ရှား စီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက် တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်း ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သော် လည်း မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ရေယှား ကျေးရွာနေ သဲနုအောင် (၂၇)နှစ်သည် ၎င်းအသုံးပြုသည့် “Thae Nu Aung” Facebook အကောင့်၊ ပခုက္ကူမြို့ အမှတ်(၁၄)ရပ်ကွက်နေ သီဟ (၁၉)နှစ်သည် ၎င်းအသုံး ပြုသည့် “THI HA” Facebook အကောင့်၊ မန္တလေးတိုင်း ဒေသကြီး ညောင်ဦးမြို့နယ် ငါ့သရောက်မြို့ ကုလားတဲ ကျေးရွာနေ သက်ထွန်းစိုး (၃၃)နှစ်သည် ၎င်းအသုံးပြု သည့် “Thet Naing Htun” Facebook အကောင့်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့ ပြည်တော်သာ ရပ်ကွက် သစ္စာလမ်းရှိ DNNA ကိုယ်ပိုင်အထက်တန်း ကျောင်းဝင်း၌ နေထိုင်သူများဖြစ်သည့် ဖြူဖြူသင်း(ခ)ဇာဇာ(၄၅)နှစ်၊ နန်းမိုးဟွမ် (ခ) နောင်ငယ် (၄၀)နှစ်၊ သဉ္ဇာကျော် (ခ) သဲသဲ (၃၅)နှစ်နှင့်် နွဲ့နွဲ့အေး (၇၀)နှစ်တို့ လေးဦးသည် ၎င်းတို့အသုံးပြုသည့် “Phyu Phyu Thin”၊ “Nang Moe Hwan”၊ “Thae Thae”၊ “Ngwe Ngwe Aye” Facebook အကောင့်တို့နှင့် ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့နယ် မဲဇလီကုန်းမြို့ (၂)ရပ်ကွက်နေ ဇော်ကြီး (၅၀)နှစ်သည် ၎င်းအသုံးပြုသည့် “Zaw Kyi” Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင် ရွက်ခဲ့ရသည်။
ထိုကဲ့သို့ CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော်တည်ငြိမ် အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း များပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများ ကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည် ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများကို ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်



