အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်ဝေခံများ၏ လှုံ့ဆော်၊ ဝါဒဖြန့်ခြင်းများ လိုက်ပါလုပ်ဆောင်ခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့သူများ ဖော်ထုတ်အရေးယူ

 

နေပြည်တော်   ဖေဖော်ဝါရီ    ၁၁


အကြမ်းဖက်အုပ်စုအဖြစ်ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့ ၏ လက်အောက်ခံအဖွဲ့အစည်းများ၊  ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များသည်  နိုင်ငံတော်တည်ငြိမ်အေးချမ်း ရေးကို ပျက်ပြားစေရန်နှင့်  ပြည်သူလူထုကို  အကြောက်တရားများ ဖြစ်ပေါ်စေပြီး အစိုးရယန္တရားများ  ပျက်ပြားစေရန်  ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များ မှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။

 


ပြည်သူများအနေဖြင့်  ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊  ပြုလုပ်မှုဖြင့်ဖြစ်စေ၊    တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို  ထပ်ဆင့်မျှဝေခြင်း၊  အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင်   အကြမ်းဖက်မှုတိုက်ဖျက်ရေး   ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊  အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃ (က)နှင့်   တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့်သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော   ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှုတိုက်ဖျက် ရေးဥပဒေအရ  သိမ်းဆည်းခံရနိုင်ပြီး   ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ဇန်နဝါရီ ၂၅ ရက် တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေးသတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။

 


ထိုကဲ့သို့ အသိပေးသတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း မန္တလေး တိုင်းဒေသကြီး   ချမ်းအေးသာစံမြို့နယ်နေ ဟန်ဝင်းထွန်းသည် ၎င်းအသုံးပြုသည့်  “Han Win Htun” Facebook  အကောင့်၊ ရန်ကုန် တိုင်းဒေသကြီး အလုံမြို့နယ်နေ ဝတ်မှုံထွန်းသည်  ၎င်းအသုံးပြုသည့် “Poineer Sushi Halal Food” Facebook Page၊ လှိုင်သာယာ (အရှေ့ပိုင်း)မြို့နယ်နေ အကောင့်ပိုင်ရှင်(စိစစ်ဆဲ) သည် ၎င်းအသုံးပြု သည့် “KYAL Unifrom” Facebook Page၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်နေ သုတအောင်သည် ၎င်းအသုံးပြုသည့် “Thuta Aung” Facebook  အကောင့်နှင့်  ရှမ်းပြည်နယ်တောင်ပိုင်း   တောင်ကြီး မြို့နယ်နေ သက်ထွန်းကျော်သည်  ၎င်းအသုံးပြုသည့် “သက်ထွန်း ကျော်”  Facebook အကောင့်တို့သည် အသိပေးသတင်းထုတ်ပြန်ချက် အပေါ် မျက်ကွယ်ပြု၍  နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြား စေရန်   ရည်ရွယ်လျက်   လှုံ့ဆော်ခြင်း၊    ဝါဒဖြန့်ခြင်းများပြုမူ လုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီးထိန်းသိမ်း အမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။

 


ထိုကဲ့သို့ CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့အစည်း များ၊   ယင်းတို့နှင့်   ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို  ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန်  ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူများ အား ဥပဒေနှင့်အညီ  ထိရောက်စွာ  အရေးယူသွားမည်ဖြစ်ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊   ဝါဒဖြန့်သူများအား   ဆက်လက်ဖော်ထုတ်အရေးယူ သွားမည်ဖြစ်ကြောင်း သိရသည်။                              

သတင်းစဉ်