
နေပြည်တော် မေ ၅
အကြမ်းဖက်အုပ်စုအဖြစ် ကြေညာထားသော CRPH၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံ အဖွဲ့အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့ အစည်းများ၊ လူပုဂ္ဂိုလ်များသည် နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် ပြည်သူလူထုကို အကြောက်တရားများ ဖြစ်ပေါ် စေပြီး အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော် ခြင်း၊ ဝါဒဖြန့်ခြင်း၊ ခြိမ်းခြောက်ခြင်းများကို လူမှုကွန်ရက်များမှတစ်ဆင့် နည်းမျိုးစုံဖြင့် ပြုလုပ်လျက်ရှိသည်။
ပြည်သူများအနေဖြင့် ယင်းတို့၏ လှုံ့ဆော်မှု၊ ဝါဒဖြန့်မှုများအပေါ် မသိနားမလည်၍ဖြစ်စေ၊ ကြောက်ရွံ့၍ဖြစ်စေ လိုက်ပါလုပ်ဆောင်ခြင်း၊ အသံဖြင့်ဖြစ်စေ၊ ပြုလုပ်မှုဖြင့်ဖြစ်စေ၊ တစ်နည်းနည်းဖြင့်ဖြစ်စေ အများပြည်သူအနှောင့်အယှက်ဖြစ်စေမည့် ပြုလုပ်မှုများ ပြုလုပ်ခြင်း၊ လှုံ့ဆော်ဝါဒဖြန့်မှုများကို ထပ်ဆင့်မျှဝေခြင်း၊ အားပေးကူညီခြင်းများ ပြုလုပ်ခဲ့လျှင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က)၊ ရာဇသတ်ကြီးပုဒ်မ ၁၂၄-က နှင့် ပုဒ်မ ၅၀၅-က၊ အီလက်ထရောနစ် ဆက်သွယ်ရေးဥပဒေပုဒ်မ ၃၃(က) နှင့် တည်ဆဲဥပဒေများအရ အရေးယူခံရမည့်အပြင် ပြစ်မှုနှင့် သက်ဆိုင်သည့် ရွှေ့ပြောင်းနိုင်သော ပစ္စည်း၊ မရွှေ့ပြောင်းနိုင်သောပစ္စည်းများကို အကြမ်းဖက်မှု တိုက်ဖျက် ရေးဥပဒေအရ သိမ်းဆည်းခံရနိုင်ပြီး ပြစ်မှုထင်ရှားစီရင်ခြင်းခံရပါက နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရနိုင်ကြောင်း ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၂၅ ရက်တွင် နိုင်ငံပိုင်မီဒီယာများမှတစ်ဆင့် အသိပေး သတင်းထုတ်ပြန်ခဲ့ပြီး ဖြစ်သည်။
ထိုကဲ့သို့ အသိပေး သတင်းထုတ်ပြန်ခဲ့ပြီးဖြစ်သော်လည်း စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုမြို့နယ် အမှတ်(၁၇)ရပ်ကွက်နေ ဇင်ဇင်ကျော်၊ အမှတ်(၅)ရပ်ကွက်နေ ဖူးငုံသဉ္ဇာနိုင်(ခ)ဖူးဖူးတို့သည် ၎င်းတို့အသုံးပြုသည့် “Zin Zin Kyaw” Facebook အကောင့်နှင့် “Phoo Phoo” Facebook အကောင့်၊ ရှမ်းပြည်နယ်(မြောက်ပိုင်း)နောင်ချိုမြို့နယ် နောင်ချိုကြီးကျေးရွာနေ ညီညီလှိုင်သည် ၎င်းအသုံးပြု သည့် “Nyi Nyi Hlaing” Facebook အကောင့်၊ မကွေးတိုင်းဒေသကြီး ရေစကြိုမြို့နယ် ကုက္ကိုလ်စုကျေးရွာနေ အေးချမ်းမောင်သည် ၎င်း အသုံးပြုသည့် “Aye Chan Maung” Facebook အကောင့်၊ ရန်ကုန် တိုင်းဒေသကြီး မရမ်းကုန်းမြို့နယ် အမှတ်(၅)ရပ်ကွက်နေ ဟိန်းတိုး ဇော် (ခ)ချမ်းချမ်းနှင့် အမှတ်(၂)ရပ်ကွက်နေ အောင်နိုင်ဝင်းတို့သည် ၎င်းတို့အသုံးပြုသည့် “Chan Chan” Facebook အကောင့်နှင့် “Aung Naing Win” Facebook အကောင့်တို့သည် အသိပေး သတင်း ထုတ်ပြန်ချက်အပေါ် မျက်ကွယ်ပြု၍ နိုင်ငံတော်တည်ငြိမ်အေးချမ်းရေး ကို ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုမူလုပ်ဆောင်ခဲ့သည့်အတွက် တရားဥပဒေနှင့်အညီ ဖမ်းဆီး ထိန်းသိမ်းအမှုဖွင့်လှစ်အရေးယူခြင်းများ ဆောင်ရွက်ခဲ့ရသည်။
ထိုကဲ့သို့ CRPH ၊ NUG နှင့် ယင်းတို့၏ လက်အောက်ခံအဖွဲ့ အစည်းများ၊ ယင်းတို့နှင့်ဆက်နွှယ်နေသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ် များသည် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးကို ပျက်ပြားစေရန်နှင့် အစိုးရယန္တရားများ ပျက်ပြားစေရန် ရည်ရွယ်လျက် လှုံ့ဆော်ခြင်း၊ ဝါဒဖြန့်ခြင်းများ ပြုလုပ်ခဲ့မှုအပေါ် အားပေးကူညီခြင်း ပြုလုပ်ခဲ့သူ များကို ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူသွားမည်ဖြစ် ကြောင်းနှင့် ထိုသို့လှုံ့ဆော်သူ၊ ဝါဒဖြန့်သူများအား ဆက်လက်ဖော်ထုတ် အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်