
ရန်ကုန် ဖေဖော်ဝါရီ ၂၅
ကျန်းမာရေးဝန်ကြီးဌာနက ကြီးမှူးကျင်းပသော “အကြိမ် (၅၀) မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ” နောက်ဆုံးနေ့နှင့် ညီလာခံပိတ်ပွဲအခမ်းအနားကို ယနေ့တွင် ရန်ကုန်မြို့ ဒဂုံမြို့နယ် အမှတ် ၅ ဇီဝကလမ်းရှိ ဆေးသုတေသနဦးစီး ဌာန၌ ဗီဒီယိုကွန်ဖရင့်စနစ်(Virtual) နှင့် ကိုယ်တိုင်တက်ရောက်ခြင်း (In-person) ပူးတွဲလျက် ပေါင်းစပ်(Hybrid)အသွင်ဖြင့် ကျင်းပသည်။
ညီလာခံနောက်ဆုံးနေ့၏ နံနက်ပိုင်းတွင် နိုင်ငံအတွက် အရေးကြီး သော ကျန်းမာရေးလုပ်ငန်းဖြစ်သည့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးလုပ်ငန်းများ၌ ကြုံတွေ့ရသော အခက်အခဲများဆိုင်ရာ သိကောင်း စရာများကို “Overcoming challenges in COVID-19 vaccination” ခေါင်းစဉ်ဖြင့် နှီးနှောဖလှယ်ပွဲ ပြုလုပ်သည်။
အဆိုပါနှီးနှောဖလှယ်ပွဲတွင် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အဖွင့်အမှာစကားပြောကြားရာ၌ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် ရောဂါ ကာကွယ် ဆေးထိုးနှံခြင်းသည် အရေးကြီးဆုံးဖြစ်ပါကြောင်း၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ စတင်ထိုးနှံသည့်အချိန်တွင်လည်း ရောဂါကူးစက် ဖြစ်ပွားမှုများနှင့် ရောဂါကြောင့် သေဆုံးရမှုများ လျော့ကျစေရန် ရည်ရွယ်ချက်များနှင့်အတူ လူမှုစီးပွားထိခိုက်မှုလျှော့ချနိုင်ရန် ဆောင် ရွက်ခဲ့သည့်အတွက် စက်ရုံ/အလုပ်ရုံများ၊ ဟိုတယ်များ၊ ကျောင်းများ စသည့် လူမှုစီးပွားလုပ်ငန်းများ ပုံမှန်နီးပါး လည်ပတ်နိုင်ခဲ့ပါကြောင်း။
အတွေ့အကြုံမျှဝေ
ကာကွယ်ဆေးထိုးလုပ်ငန်းအတွက် လိုအပ်သည့် လူ့စွမ်းအားအရင်း အမြစ်များရရှိစေရေး ဆောင်ရွက်ခြင်း၊ အအေးလမ်းကြောင်းမပျက် စနစ်တကျသိုလှောင်ဖြန့်ဖြူးနိုင်ရန်အတွက် ဆောင်ရွက်ခြင်းစသည့် ဘက်ပေါင်းစုံမှ ကြိုးပမ်းဆောင်ရွက်ခဲ့ရာတွင် တွေ့ကြုံရသည့် အခက် အခဲများစွာရှိခဲ့ပါကြောင်း၊ ၎င်းအတွေ့အကြုံများနှင့်ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးကြ၍ မိမိတို့ရည်မှန်းထားသည့် ကာကွယ် ဆေးလွှမ်းခြုံမှုရရှိစေရေးနှင့် ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမို အောင်မြင်စေရေးအတွက် အတွေ့အကြုံမျှဝေကြရန် ဖြစ်ပါကြောင်း။
မိမိတို့နိုင်ငံတွင် ကာကွယ်ဆေးထိုးနှံမှုအနေဖြင့် ၄၅ သန်း Doses ထိုးနှံပြီးဖြစ်၍ ထိုးနှံရမည့် မြေပြင်ရှိ လူဦးရေ၏ (၆၀%)ကျော် ထိုးနှံပြီး ဖြစ်ပါကြောင်း။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံမှုအပါအဝင် ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က “လက်တွေ့ကျကျ မြန်မြန်ဆန်ဆန် ဆောင်ရွက်ရန်နှင့် လူ့အသက် ထက်အရေးကြီးတာ ဘာမှမရှိ” ဟု လမ်းညွှန်ခဲ့ပါကြောင်း။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ဝယ်ယူမှုနှင့်ပတ်သက်၍ နိုင်ငံတော်အနေဖြင့် အမေရိကန်ဒေါ်လာ ၂၇၆.၆၄ သန်း သုံးစွဲခဲ့ပြီး မိတ်ဆွေနိုင်ငံများ လှူဒါန်းမှုအနေဖြင့် အမေရိကန်ဒေါ်လာ ၁၂၁.၁၂ သန်း လှူဒါန်းခဲ့၍ ကာကွယ်ဆေးဝယ်ယူမှုမှ ၄၅ သန်း Doses၊ လှူဒါန်း မှုမှ ၁၇ သန်း Doses၊ စုစုပေါင်း ၆၂ သန်း Doses ရရှိပြီးဖြစ်ပါကြောင်း၊ ထို့အပြင် ပြည်တွင်းထုတ်လုပ်မှုမှရရှိလာမည့် ကာကွယ်ဆေးများကို လည်း ဆက်လက်အသုံးပြုသွားမည်ဖြစ်ပါကြောင်း။
အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်
ယခုဖြစ်ပွားလျက်ရှိသည့် ရောဂါဖြစ်ပွားမှုလှိုင်းများတွင် ရောဂါ ကြောင့် သေဆုံးရမှုများကို သုံးသပ်ချက်များအရ ကာကွယ်ဆေးအကြိမ် ပြည့်ထိုးနှံမှု ခံယူထားပါက သေဆုံးသည့်နှုန်း သိသာစွာလျော့ကျသည် ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်ပါ၍ ကာကွယ်ဆေးထိုးနှံမှုများကို ဆက်လက်အရှိန်အဟုန်မြှင့်တင် ဆောင်ရွက်ရမည် ဖြစ်ပါကြောင်း။
ဤသုတေသနညီလာခံတွင် ရရှိသည့်အတွေ့အကြုံများ၊ စာတမ်း များကို တက်ရောက်လာကြသူများက ဝိုင်းဝန်းအကြံပြုဆွေးနွေးကြရန်နှင့် ရှေ့ဆက်လက်ဆောင်ရွက်မည့် သုတေသနညီလာခံများတွင် လည်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်သွားကြရန်ဖြစ်ပါကြောင်း ပြောကြားသည်။
ထို့နောက် သဘာပတိများအဖြစ် ကျန်းမာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာအေးထွန်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်မြင့်သန်းတို့က ဆောင်ရွက်ကြ သည်။
ဆွေးနွေးတင်ပြ
ဆက်လက်၍ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာ ကျော်ကံကောင်းက “မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများအကြောင်း (Overview of COVID-19 vaccine Deployment in Myanmar)” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ညွှန်ကြားရေးမှူး ဒေါက်တာတိုးသီရိအောင်က “ကိုဗစ်-၁၉ ကပ်ရောဂါဗေဒဆိုင်ရာအမြင်များ (Epidemiological Perspective)” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းမှ စီမံချက်မန်နေဂျာ ဒေါက်တာမျိုးစုကြည်က “ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးလုပ်ငန်းများတွင် ဗဟိုအဆင့်၌ ကြုံတွေ့ရသော အခက်အခဲများဆိုင်ရာ သိကောင်းစရာများ (Operational Challenges at Central Level)” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထွန်းမင်းက “ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုး လုပ်ငန်းများတွင် ကျန်းမာရေးဝန်ထမ်းများ ကြုံတွေ့ရသော အခက် အခဲများဆိုင်ရာ သိကောင်းစရာများ (Challenges for the basic health staff at the township level for COVID-19 vaccination)” ခေါင်းစဉ်ဖြင့် လည်းကောင်း ဆွေးနွေးတင်ပြကြသည်။
မေးမြန်းဆွေးနွေး
ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ လူကိုယ်တိုင်တက်ရောက်သူ များနှင့် ဗီဒီယိုကွန်ဖရင့်စနစ် (Virtual) ဖြင့် တက်ရောက်သော ပါမောက္ခ များနှင့် ဆေးပညာရှင်များက ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံထား ပါက ရောဂါကြောင့် သေဆုံးမှုကို သိသာစွာ လျှော့ချနိုင်သည့်အကြောင်း နှင့် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အောင်မြင်စေရေးအတွက် ဝိုင်းဝန်းအကြံပြု မေးမြန်းဆွေးနွေးကြသည်။
အဆိုပါနှီးနှောဖလှယ်ပွဲပြီးနောက် သုတေသနညီလာခံပိတ်ပွဲအခမ်း အနားကို ဆက်လက်ပြုလုပ်ရာ ဆေးသုတေသနဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ပါမောက္ခဒေါက်တာဇော်သန်းထွန်းက ဖေဖော်ဝါရီ ၂၁ ရက် မှ ၂၅ ရက်အထိ ငါးရက်တိုင် အောင်မြင်စွာကျင်းပနိုင်ခဲ့ခြင်းအတွက် ဝမ်းမြောက်ဂုဏ်ယူပါကြောင်း၊ သုတေသနညီလာခံကို အောင်မြင်စွာ ကျင်းပနိုင်ရန် တာဝန်ယူဆောင်ရွက်ပေးခဲ့သော တာဝန်ရှိပုဂ္ဂိုလ်များ၊ စာတမ်းရှင်များနှင့် တက်ရောက်ကြသူများအားလုံးကို အထူးကျေးဇူး တင်ရှိပါကြောင်း ပြောကြားသည်။
ညနေပိုင်းတွင် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အကောင်းဆုံးစာတမ်းနှင့် ပိုစတာဆုရွေးချယ်ရေးဆပ်ကော်မတီ ဥက္ကဋ္ဌ၊ ပြည်သူ့ကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ် ပါမောက္ခဒေါက်တာ လှလှဝင်းက ဆုရွေးချယ်ရေးဆိုင်ရာ သုံးသပ်ချက်များကို တင်ပြကာ ဆုရရှိသူများအား ကြေညာပေးပြီး ဆုများကို ပေးအပ်ကြောင်း သိရ သည်။
သတင်းစဉ်