
နေပြည်တော် ဖေဖော်ဝါရီ ၂၁
အကြိမ်(၅၀)မြောက် ရွှေရတုအထိမ်းအမှတ် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသန ညီလာခံ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲ တွင် ဆေးသုတေသနဦးစီးဌာန အမှတ်(၅) ဇီဝကလမ်း ဒဂုံမြို့နယ် ရန်ကုန်မြို့တွင် ဗီဒီယို ကွန်ဖရင့်စနစ်(Virtual) ဖြင့် ကျင်းပသည်။
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က Video Message ပေးပို့၍ အဖွင့် အမှာစကား ပြောကြားသည်။ (နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အဖွင့်အမှာ စကားကို စာမျက်နှာ - ၃ တွင် သီးခြားဖော်ပြထား ပါသည်။)
ထို့နောက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းက အမှာစကား ပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ် မှူးကြီး မင်းအောင်လှိုင် လမ်းညွှန်မှာကြားထားသော
ကျန်းမာရေးဝန်ထမ်းများအကြားတွင် သုတေသန ယဉ်ကျေးမှု ပိုမိုပျံ့နှံ့ပွားများလာအောင် ကြိုးပမ်း ဆောင်ရွက်ကြရန် လိုအပ်ကြောင်းနှင့် သုတေသီတို့ သည် သုတေသနများလုပ်ဆောင်ရာတွင် သုတေသန ကျင့်ဝတ်များနှင့်အညီ အလေးထား လိုက်နာ ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သုတေသန ညီလာခံများကို အစဉ်အလာမပျက် ကျင်းပခြင်း အားဖြင့် ကျန်းမာရေးဆိုင်ရာ အသိပညာများ တိုးတက်လာပြီး ကျန်းမာရေးစောင့်ရှောက်မှုအဆင့် အတန်း မြင့်မားလာစေရန်နှင့် သုတေသန တွေ့ရှိ ချက်များကို လက်တွေ့အသုံးချမည့် ကျန်းမာရေး ပညာရှင်များ သိရှိဆွေးနွေးနိုင်စေရန် စသည့် ရည်ရွယ်ချက်ကောင်းများချမှတ်ကာ ကျင်းပခြင်းဖြစ် ၍ မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှု မြှင့်တင်ရေးကဏ္ဍကို များစွာအထောက်အကူပြုစေမည်ဖြစ်ကြောင်း။
အလွန်အကျိုးရှိစေမည်
ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ ရောဂါတတိယလှိုင်း အား တိုက်ဖျက်ရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ကျန်းမာရေး ဝန်ကြီးဌာန၏ အလေးထားဆောင်ရွက်ခဲ့မှု၊ ပုဂ္ဂလိက ကဏ္ဍများ၏ ပံ့ပိုးကူညီဆောင်ရွက်ခဲ့မှု၊ ပြည်သူလူထု ၏ ကျန်းမာရေးအသိပညာ ပိုမိုနားလည်သဘော ပေါက်မှုများဖြင့် ပူးပေါင်းပါဝင် ဆောင်ရွက်ခဲ့ကြမှု များကြောင့် ကျော်လွှားခဲ့နိုင်ခြင်းကို မီးမောင်းထိုး ပြသနိုင်ရန်ရည်ရွယ်ကာ ယခုနှစ်သုတေသနညီလာခံ ၏ အဓိကသုတေသန ဦးတည်ချက်ခေါင်းစဉ် (Theme) အဖြစ် “မျှဝေခံစား၊ အသိတိုးပွား၊ ကိုဗစ် တတိယလှိုင်းအတွေ့အကြုံများ (Response to COVID-19 in Myanmar: Reflection after the Third Wave)” ဟု သတ်မှတ်ထားခြင်းဖြစ်ပါကြောင်း၊ နှီးနှောဖလှယ်ပွဲတို့ကို သုတေသီများ၊ ကျွမ်းကျင် ပညာရှင်များပါဝင်လျက် သက်ဆိုင်ရာကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြမည်ဖြစ်၍ ပြည်သူတို့၏ ကျန်းမာ ရေး စောင့်ရှောက်မှုအတွက်နှင့် ဆေးပညာလောက အတွက် အလွန်အကျိုးရှိစေမည်ဖြစ်ကြောင်း ပြောကြားသည်။
ဆက်လက်၍ ဆေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာ ဇော်သန်းထွန်းက ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ဆေးသုတေသနဦးစီးဌာနကို ပြုစုပျိုးထောင်ပေးခဲ့ကြသည့် အငြိမ်းစား ညွှန်ကြား ရေးမှူးချုပ်များ၏ ရွှေရတုအထိမ်းအမှတ်ဂုဏ်ပြု စကား Video Clip များကို ပြသပြီး စုပေါင်း မှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကြသည်။
ထို့နောက် မြန်မာနိုင်ငံ ကျန်းမာရေးဆိုင်ရာ သုတေသနညီလာခံ ရွှေရတုအထိမ်းအမှတ်အဖြစ် ဆေးသုတေသနဦးစီးဌာန၏ လက်ဦးတည်ထောင်သူ ပါမောက္ခဒေါက်တာမြတူနှင့် ပါမောက္ခဒေါက်တာအောင်သန်းဘတူတို့၏ ရုပ်တုဖွင့်ပွဲအခမ်းအနားကို ကျင်းပရာ ဖွင့်ပွဲအခမ်းအနားသို့ ကျန်းမာရေးဝန်ကြီး ဌာန၊ ဦးစီးဌာနအသီးသီးမှ ညွှန်ကြားရေးမှူးချုပ်များ၊ ပါမောက္ခချုပ်များ၊ ဆေးသုတေသနပညာရှင်များ၊ စာတမ်းဖတ်ကြားမည့် အဓိကသုတေသီများနှင့် ပြည်တွင်း/ပြည်ပ ပညာရှင်များ ဗီဒီယိုကွန်ဖရင့်စနစ် (Virtual)ဖြင့် တက်ရောက်ကြသည်။
မွန်းလွဲပိုင်းတွင် အကြိမ်(၅၀) မြောက် ရွှေရတု အထိမ်းအမှတ် ကျန်းမာရေးသုတေသနညီလာခံ အား ဆက်လက်ကျင်းပရာ “ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းအတွေ့အကြုံများ နှီးနှောဖလှယ်ပွဲ (Symposium on: Experiences encountered during the Third Wave of COVID-19 in Myanmar)” ခေါင်းစဉ်ဖြင့် ဆွေးနွေးကြပြီး အဆိုပါ ပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲတွင် ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ပါမောက္ခ ဒေါက်တာ အေးထွန်းနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (အငြိမ်းစား) ပါမောက္ခ ဒေါက်တာ စိုးလွင်ငြိမ်းတို့က သဘာပတိများအဖြစ် ဆောင်ရွက်ခဲ့ကြပြီး ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း တွင် ဆောင်ရွက်ခဲ့မှုများနှင့် အတွေ့အကြုံစာတမ်း များကို ကူးစက်ရောဂါဆိုင်ရာရှုထောင့်၊ ဓာတ်ခွဲ စစ်ဆေးမှုဆိုင်ရာရှုထောင့်၊ ကုသရေးဆိုင်ရာရှုထောင့် နှင့် ဆေးရုံစီမံခန့်ခွဲမှုဆိုင်ရာ ရှုထောင့်အသီးသီးမှ တာဝန်ရှိသူများက တင်ပြခဲ့ကြပြီး တက်ရောက်လာ သူများက သိရှိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ ကြသည်။
ပေးအပ်ချီးမြှင့်
ညီလာခံကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၅ ရက် အထိ ဆက်လက်ကျင်းပမည်ဖြစ်ပြီး ကိုရီးယား နိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံတို့မှ ပညာရှင်များအပါအဝင် ပြည်တွင်း/ပြည်ပမှ သုတေသနပညာရှင်များ တက်ရောက်လျက်ရှိပြီး သုတေသနစာတမ်း ၆၉ စောင်၊ သုတေသနပိုစတာ ၂၇ စောင်တို့ကို တင်သွင်း ဖတ်ကြားပြသမည်ဖြစ်သည်။ တင်သွင်းလာသည့် စာတမ်းများအနက်မှ အကောင်းဆုံးအခြေခံ သုတေသန (Basic Research) စာတမ်းတစ်စောင်၊ အကောင်းဆုံးလက်တွေ့အသုံးချသုတေသန (App-lied Research) စာတမ်းတစ်စောင်၊ အကောင်းဆုံး ကျန်းမာရေးစနစ်သုတေသန (Health Systems Research) စာတမ်းတစ်စောင်နှင့် ပိုစတာများမှ အကောင်းဆုံးပိုစတာတစ်စောင် စုစုပေါင်းလေးစောင် နှင့် လူငယ်သုတေသီဆုများလည်း ပေးအပ်ချီးမြှင့် မည်ဖြစ်ကြောင်း သိရသည်။ သတင်းစဉ်