
နေပြည်တော် ဧပြီ ၆
အကြိမ်(၂၀) မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌများအစည်းအဝေး (20th ASEAN Central Bank Governors’ Meeting-ACGM)၊ (၁၁)ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌ များအစည်းအဝေး (11th ASEAN Finance Ministers’ and Central Bank Governors’ Meeting-AFMGM) နှင့် ဆက်စပ်အစည်းအဝေးများကို ယမန်နေ့က လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ လွမ်ပရာ ဘွမ်မြို့၌ ကျင်းပသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်း ဆွေ ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် နံနက်ပိုင်းတွင် အကြိမ်(၂၀)မြောက် အာဆီယံဗဟို ဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးသို့လည်းကောင်း၊ မွန်းလွဲပိုင်းတွင် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အပြည်ပြည်ဆိုင်ရာ ငွေရေး ကြေးရေး အဖွဲ့အစည်းများ၏ အစည်းအဝေးနှင့် (၁၁) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများ နှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးများသို့ လည်းကောင်း တက်ရောက်ခဲ့သည်။
အကြိမ်(၂၀)မြောက် အာဆီယံဗဟိုဘဏ်ဥက္ကဋ္ဌ များ အစည်းအဝေးတွင် လက်ရှိအာဆီယံ၏ သဘာပတိဖြစ်သူ လာအိုပြည်သူ့ဒီမိုကရက်တစ် သမ္မတနိုင်ငံဗဟိုဘဏ်က ၂၀၂၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအနေဖြင့် ဦးစားပေးဆောင်ရွက် မည့်လုပ်ငန်းစဉ်များ၊ အာဆီယံဗဟိုဘဏ်ဒုတိယ ဥက္ကဋ္ဌများအစည်းအဝေး၏ သဘာပတိက အာဆီယံ ငွေရေးကြေးရေးပေါင်းစည်းရေး လုပ်ငန်းများ ကြီးကြပ်ထိန်းကျောင်းသည့် အာဆီယံအဆင့်မြင့် ကော်မတီ (ASEAN Senior Level Committee-SLC) အောက်ရှိ အာဆီယံငွေရေးကြေးရေးပေါင်းစည်းမှုဆိုင်ရာ လုပ်ငန်းကော်မတီများမှ ဆောင်ရွက်လျက် ရှိသည့် လုပ်ငန်းစဉ်များ၏ နောက်ဆုံးတိုးတက်မှု၊ ရေရှည်တည်တံ့ခိုင်မြဲသည့် စဉ်ဆက်မပြတ်ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ လုပ်ငန်းစဉ်များ နှင့် အာဆီယံ ငွေကြေးဖလှယ်မှုအစီအစဉ် (ASEAN Swap Arrangement–ASA) နှင့် စပ်လျဉ်း၍ နောက်ဆုံးတိုးတက်မှုအခြေအနေများကို တင်ပြပြီး အစည်းအဝေးသို့တက်ရောက်လာကြသည့် အာဆီယံ ဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်းဖလှယ်ဆွေးနွေး ခဲ့ကြသည်။
ယင်းနေ့မွန်းလွဲပိုင်းတွင် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများ၊ ဗဟိုဘဏ်ဥက္ကဋ္ဌများနှင့် အပြည်ပြည် ဆိုင်ရာ ငွေရေးကြေးရေးအဖွဲ့အစည်းများ၏ အစည်းအဝေးအားဆက်လက်ကျင်းပရာ အာရှဖွံ့ဖြိုး ရေးဘဏ် (Asian Development Bank-ADB) မှ အာဆီယံဒေသတွင်း ကြုံတွေ့ရသည့် အခက်အခဲ များအပေါ် ဖြေရှင်းဆောင်ရွက်မည့်နည်းလမ်းများ တိုးမြှင့်နိုင်ရေးနှင့်စပ်လျဉ်း၍လည်းကောင်း၊ ကမ္ဘာ့ ဘဏ် (World Bank) မှ အရှေ့အာရှနှင့် ပစိဖိတ်ဒေသ ၏ စီးပွားရေးဆိုင်ရာ အလားအလာများနှင့်စပ်လျဉ်း ၍လည်းကောင်း၊ အပြည်ပြည်ဆိုင်ရာ ငွေကြေး ရန်ပုံငွေအဖွဲ့ (International Monetary Fund-IMF) မှ ကမ္ဘာ့စီးပွားရေးနှင့် ဒေသတွင်းစီးပွားရေးအလားအလာများဆိုင်ရာ မူဝါဒများနှင့်စပ်လျဉ်း၍ လည်း ကောင်း၊ အာဆီယံ+၃ မေခရိုစီးပွားရေးသုတေသနရုံး (ASEAN+3 Macroeconomic Research Office-AMRO) မှ အာဆီယံ+၃ နှင့် အာဆီယံဒေသ၏ စီးပွား ရေးဆိုင်ရာ ခန့်မှန်းချက်များနှင့်စပ်လျဉ်း၍ လည်းကောင်း အသီးသီးဆွေးနွေးခဲ့ကြပြီး အစည်း အဝေးသို့ တက်ရောက်လာကြသူများက အကြံပြု ချက်များပေးခြင်းနှင့် မေးခွန်းများမေးမြန်း၍ အပြန် အလှန်ဆွေးနွေးကြသည်။
ဆက်လက်၍ (၁၁)ကြိမ်မြောက် အာဆီယံ ဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကိုကျင်းပရာ လာအိုပြည်သူ့ဒီမိုကရက် တစ်သမ္မတနိုင်ငံ ဘဏ္ဍာရေးဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်တွင် အာဆီယံအလှည့်ကျဥက္ကဋ္ဌအနေဖြင့် ဦးစားပေးဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ အာဆီယံ အထွေထွေအတွင်းရေးမှူးချုပ်က ၂၀၂၅ အာဆီယံ စီးပွားရေးအသိုက်အဝန်း လမ်းပြမြေပုံအရ ဆောင်ရွက်လျက်ရှိသည့်လုပ်ငန်းများ၏ လတ်တလော တိုးတက်မှုအခြေအနေများ (Recent Developments of the AEC Blueprint 2025)၊ အာဆီယံဘဏ္ဍာရေးနှင့် ဗဟိုဘဏ် ဒုတိယအကြီးအကဲများ အစည်းအဝေး၏ ပူးတွဲသဘာပတိမှ အာဆီယံငွေကြေးနှင့် ငွေရေး ကြေးရေးပေါင်းစည်းရေး လမ်းပြမြေပုံ (Roadmap for Monetary and Financial Integration of ASEAN-RIA-FIN) အရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းစဉ်များ၊ အာဆီယံရေရှည်တည်တံ့ခိုင်မြဲသည့် စဉ်ဆက်မပြတ် ဘဏ္ဍာရေးပူးပေါင်းဆောင်ရွက်မှု (ASEAN Sustainable Finance Cooperation) ဆိုင်ရာ လုပ်ငန်းစဉ်များ၏ လုပ်ငန်းတိုးတက်မှု အခြေအနေများ၊ အာဆီယံစီးပွားရေးအသိုက်အဝန်း လမ်းပြမြေပုံအရ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်း တိုးတက်မှု အခြေအနေများ၊ အာဆီယံငွေရေး ကြေးရေးပေါင်းစည်းမှုဆိုင်ရာ လုပ်ငန်းကော်မတီ များ၏ ၂၀၂၄-၂၀၂၅ ခုနှစ်အတွင်း ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့်စပ်လျဉ်း၍ တင်ပြဆွေးနွေးခဲ့ရာ တက်ရောက်လာကြသည့် အာဆီယံဘဏ္ဍာရေး ဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများက အမြင်ချင်း ဖလှယ် ဆွေးနွေးခဲ့ကြသည်။
ထို့နောက် (၁၁)ကြိမ်မြောက် အာဆီယံဘဏ္ဍာ ရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်း အဝေး (11 th AFMGM) ၏ ပူးတွဲကြေညာချက်မူကြမ်းကို အပြီးသတ်ဆွေးနွေး၍ အတည်ပြုခဲ့ကြသည်။ (၁၂) ကြိမ်မြောက် အာဆီယံဘဏ္ဍာရေးဝန်ကြီးများနှင့် ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးကို လာမည့် ၂၀၂၅ ခုနှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်