
နေပြည်တော် အောက်တိုဘာ ၃
အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော်ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ပြင်ဦးလွင်ရှိ အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀) ဇီဝကခန်းမ၌ ကျင်းပပြုလုပ်ရာ တပ်မတော် ဆေးသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်ရေးကော်မတီ ဥက္ကဋ္ဌ၊ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်ချုပ် ကိုကိုလွင်၊ တပ်မတော်အရာရှိကြီးများ၊ ပါရဂူများ၊ ဆေးမှူးများ၊ သူနာပြု/ကျွမ်းကျင်သူ (အရာရှိ) များ၊ သူနာပြု/ကျွမ်းကျင်သူများ၊ ကျန်းမာရေးဝန်ကြီးဌာနမှ ဆေးပညာရှင်များ၊ နိုင်ငံတကာမှဆေးပညာရှင်များ၊ အငြိမ်းစား အရာရှိကြီးများ၊ ဖိတ်ကြားထားသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်ကြသည်။
ဦးစွာ အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ၏ ပညာရပ် ဆိုင်ရာ ဆွေးနွေးပွဲကို ဆေးဝန်ထမ်းညွှန်ကြားရေးမှူး က အဖွင့်အမှာစကား ပြောကြားကာ ဖွင့်လှစ် ပေးသည်။
ထို့နောက် ဆေးဝန်ထမ်းညွှန်ကြားရေးမှူးနှင့် ဧည့်သည်တော်များက ခင်းကျင်းပြသထားသော သုတေသနပိုစတာများကို လှည့်လည်ကြည့်ရှုသည်။
ယင်းနောက် ဆေးပညာရပ်ဆိုင်ရာ နှီးနှော ဖလှယ်ပွဲ ပထမနေ့အစီအစဉ်များကို ဆက်လက် ကျင်းပရာ Symposium of the Conference အဖြစ် Artificial Intelligence (AI) in Healthcare 4.0 ၊ ဆေးပညာရပ်ဆိုင်ရာ အကြောင်းအရာများနှင့် Special Talk ငါးခုတို့ကို ဆွေးနွေးကြသည်။
ဆက်လက်၍ သုတေသနစာတမ်းများအဖြစ် ဆေးပညာ၊ သားဖွားနှင့် မီးယပ်ရောဂါပညာ၊ ပြည်သူ့ ကျန်းမာရေး၊ မေ့ဆေးပညာ စသည့်ဘာသာရပ်ဆိုင်ရာ သုတေသနစာတမ်း ၁၉ စောင်၊ ကျန်းမာရေးဝန်ကြီးဌာနမှသုတေသနစာတမ်း လေးစောင်နှင့် ထိုင်းဘုရင့် တပ်မတော်ဆေးရုံကြီးမှ သုတေသနစာတမ်း တစ်စောင် စုစုပေါင်း သုတေသန စာတမ်း ၂၄ စောင် တို့အား ဖတ်ကြားတင်သွင်းကြသည်။
အဆိုပါ အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ Inperson တက်ရောက်သူ စုစုပေါင်း ၃၁၄ ဦး တက်ရောက် ခဲ့ပြီး Online မှ တက်ရောက်သူများအနေဖြင့် အခြား တပ်မတော်ဆေးရုံ၊ ဆေးတပ်အသီးသီးတို့မှ ပါရဂူ၊ ဆေးမှူး၊ သူနာပြု/ကျွမ်းကျင်သူ (အရာရှိ) နှင့် သူနာပြု/ ကျွမ်းကျင်သူများနှင့် အိန္ဒိယတပ်မတော် ဆေးတပ်ဖွဲ့တို့မှ တက်ရောက်သူစုစုပေါင်း ၁၁၂ ဦး တက်ရောက်ကြကြောင်းနှင့် အောက်တိုဘာ ၅ ရက် အထိ ဆက်လက်ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် ဆေးဝန်ထမ်းညွှန်ကြားရေးမှူး သည် အကြိမ် (၃၀) မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲသို့ တက် ရောက်လာသော ကမ္ဘောဒီးယားဆေးတပ်ဖွဲ့မှ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး Kong Saly ဦးဆောင်သောအဖွဲ့၊ ထိုင်းဘုရင့် တပ်မတော်ဆေးရုံကြီး၏ ဒုတိယဆေးရုံအုပ်ကြီး ဗိုလ်မှူးချုပ် Piyalarp Watsuwat ဦးဆောင်သော အဖွဲ့၊ ဗီယက်နမ်ဆေးတပ်ဖွဲ့မှ ဒုတိယဆေးဝန်ထမ်း ညွှန်ကြားရေးမှူး ဗိုလ်မှူးချုပ် Le Van Dong ဦးဆောင်သောအဖွဲ့နှင့် လာအိုဆေးတပ်ဖွဲ့မှ ဒုတိယ ဆေးဝန်ထမ်းညွှန်ကြားရေးမှူး ဗိုလ်မှူးကြီး Phou-vilay Phounsavath ဦးဆောင်သောအဖွဲ့၊ အိန္ဒိယ နိုင်ငံနှင့် ကိုရီးယားသမ္မတနိုင်ငံတို့မှ ပါရဂူများအား အမှတ် (၁) တပ်မတော်ဆေးရုံ (ခုတင် ၇၀၀) ရှိ ဧည့်ခန်းမတွင် သီးခြားစီတွေ့ဆုံ၍ နှစ်နိုင်ငံ တပ်မတော်များ၏ ဆေးပညာရပ်ဆိုင်ရာများ ပူးပေါင်း ဆောင်ရွက်ရေး တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်