
မြန်မာနိုင်ငံတွင် တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ လွှဲပြောင်းရယူခဲ့သည့် တစ်နှစ်ပြည့်မြောက်ခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် တာဝန်ရှိသူများအပါအဝင် နိုင်ငံနှင့် အဖွဲ့အစည်းအချို့က ထုတ်ပြန် ကြေညာချက်များကို ပြုလုပ်ခဲ့သည်။
ကုလသမဂ္ဂလုံခြုံရေးကောင်စီ၌ ဗြိတိန်နိုင်ငံ၏ တောင်းဆိုချက်ဖြင့် မြန်မာနိုင်ငံ ဆိုင်ရာ တံခါးပိတ်ဆွေးနွေးပွဲတစ်ရပ်ကို ၂၈-၁-၂၀၂၂ ရက်တွင် ကျင်းပခဲ့သည့် တစ်ရက် တည်းတွင် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက လှုံ့ဆော်သတင်း ထုတ်ပြန်ခဲ့သည်ကို တွေ့ရသည်။ တစ်ချိန်တည်းတွင် မြန်မာနိုင်ငံ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာတင်သွင်းသူက ကျင့်ဝတ်နှင့်မညီသော လှုံ့ဆော် ရေးသားချက်များကို ထပ်မံပြုလုပ်ခဲ့သည်။
မြန်မာနိုင်ငံသည် လွတ်လပ်သော အချုပ်အခြာအာဏာပိုင် နိုင်ငံ ဖြစ်သည်နှင့်အညီ နိုင်ငံတစ်နိုင်ငံ၏ ပြည်တွင်းရေးနှင့် ပြည်တွင်း တရားစီရင်မှုကို ပြင်ပမှ ဝင်ရောက်စွက်ဖက်ခြယ်လှယ်သည့် ထင်မြင် ချက်များနှင့် ဝေဖန်ပြောဆိုမှုများကို လက်မခံပါ။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီလမ်းကြောင်းသည် ပြည်သူတို့၏ ဆန္ဒအရ အကောင် အထည်ဖော်လျက်ရှိသည့် လုပ်ငန်းစဉ်တစ်ရပ်ဖြစ်သည်။ ၂၀၂၀ အထွေထွေရွေးကောက်ပွဲတွင် မဲမသမာမှုများကြောင့် တရားမျှတသည့် ဒီမိုကရေစီစနစ်ကို ဆိုးရွားစွာ အနှောင့်အယှက် ဖြစ်စေခဲ့သည့်အတွက် စစ်မှန်သော ဒီမိုကရေစီစနစ်တစ်ရပ် ထွန်းကားပေါ်ထွက်လာစေရန် မိမိတို့အစိုးရအနေဖြင့် ဆက်လက်အကောင်အထည်ဖော်သွားရန် သန္နိဋ္ဌာန် ချမှတ်ပြီးဖြစ်သည်။ ၁-၂-၂၀၂၁ ရက်ကတည်းက ချမှတ်ခဲ့ သည့် ရှေ့လမ်းစဉ် (၅) ရပ်နှင့်အညီ ခိုင်မာသော ပါတီစုံဒီမိုကရေစီ လမ်းကြောင်းပေါ်သို့ ရောက်ရှိစေရေး တစိုက်မတ်မတ် ကြိုးပမ်းဆောင် ရွက်သွားမည်ဖြစ်သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနှင့် နိုင်ငံတော်အစိုးရသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကို အဓိကရည်ရွယ်လျက် နိုင်ငံတည်ငြိမ်ရေးနှင့် ပြည်သူ များ၏ လုံခြုံရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ ဤလုပ်ငန်းစဉ်ကို နိုင်ငံတကာက အားပေးကူညီရန် လိုအပ်သည်။
ရွေးကောက်ပွဲမသမာမှုများကို ဥပဒေနှင့်အညီ ဖြေရှင်းရန် ငြင်းဆန် ပြီး ထိပ်တိုက်ရင်ဆိုင်ရေးနှင့် အလုံးစုံပျက်သုဉ်းရေးကို ရွေးချယ်ခဲ့သည့် NLD ၏ လုပ်ဆောင်မှုကြောင့် အကျိုးဆက်အနေဖြင့် ယနေ့ အကြမ်း ဖက်မှုများ ဖြစ်ပွားနေသည်ကို သတိပြုသင့်သည်။ မတရားအသင်းနှင့် အကြမ်းဖက်အဖွဲ့ဖြစ်သော CRPH ၊ NUG နှင့် PDF တို့က လူငယ်များကို အကြမ်းဖက်သမားများနှင့် လူသတ်သမားများအဖြစ်သို့ တွန်းပို့ခဲ့ခြင်း ဖြစ်သည်။ ထိုသို့ စေခိုင်းသူများနှင့် လှုံ့ဆော်သူများအား နိုင်ငံအချို့က ကျောထောက်နောက်ခံပြုထားကြောင်း တွေ့ရသည်။ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလမှ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၃၁ ရက်အထိ ဆရာ/ဆရာမ၊ ကျန်းမာရေးဝန်ထမ်းနှင့် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ ဝန်ထမ်းစုစုပေါင်း ၃၁၂ ဦးနှင့် သံဃာတော်များအပါအဝင် အပြစ်မဲ့ပြည်သူ စုစုပေါင်း ၁,၉၈၈ ဦးမှာ အကြမ်းဖက်အုပ်စုများ၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ ထို့ပြင် အကြမ်းဖက်သမားများက စာသင်ကျောင်းများနှင့် လူနေအိမ် များစသည့် အရပ်ဘက် အဆောက်အဦများကို စစ်ရေးရည်ရွယ်ချက် ဖြင့် အသုံးပြုလျက်ရှိသည်။ ယင်း CRPH ၊ NUG နှင့် PDF တို့၏ လုပ်ရပ်များသည် ဆိုးရွားသော အကြမ်းဖက်လုပ်ရပ်များဖြစ်ပြီး၊ စစ်ရာဇဝတ်မှု မြောက်သောကြောင့် ကုလသမဂ္ဂအပါအဝင် နိုင်ငံ တကာအသိုက်အဝန်းက ဝိုင်းဝန်းရှုတ်ချရန် လိုအပ်သည်။
မြန်မာအစိုးရအနေဖြင့် အကြမ်းဖက်သမားများအား ထိရောက်စွာ အရေးယူဆောင်ရွက်လျက်ရှိသော်လည်း ကြီးလေးသည့် ပြစ်မှု ကျူးလွန်ခြင်းမရှိသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့သည်။ စုစုပေါင်း လူဦးရေ ၄၀,၀၀၀ ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့ ပြီး အမှု ၄,၀၀၀ ကျော်ကို ရုပ်သိမ်းပေးခဲ့ပြီး ဖြစ်သည်။
အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ထာဝရငြိမ်းချမ်းရေးရရှိရေး အတွက် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲခြင်းကို ၂၀၂၂ ခုနှစ်ကုန်အထိ သက်တမ်းတိုးမြှင့်မည်ဟု ကမ္ဘောဒီးယားဝန်ကြီးချုပ်၏ ၇-၁-၂၀၂၂ ရက် မြန်မာနိုင်ငံခရီးစဉ်အတွင်း ပူးတွဲသတင်းထုတ်ပြန်ချက်တွင် အသိပေးထားသည်။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) နှင့်အညီ အစိုးရသည် တိုင်းရင်းသားလက်နက် ကိုင်အဖွဲ့များ (EAOs) အပါအဝင် တွေ့ဆုံသင့်သူများနှင့် ပုံမှန်ထိတွေ့ ဆွေးနွေးလျက်ရှိပြီး သက်ဆိုင်သူ အဖွဲ့အစည်းအားလုံးကိုလည်း ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးရန် ဖိတ်ခေါ်ထားပြီး ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် အာဆီယံတူညီဆန္ဒ (၅)ချက်ကိစ္စကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ် အာဆီယံအလှည့်ကျဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံနှင့် အပြုသဘော ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်သည်။ ယင်းသို့ ဆောင်ရွက်ရာတွင် အာဆီယံပဋိညာဉ်ပါ ပြဋ္ဌာန်းချက်များနှင့် အာဆီယံ၏ အခြေခံမူများနှင့်အညီ နိုင်ငံတော်၏အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနှင့် အမျိုးသားရေးအကျိုးစီးပွားကို ထိခိုက်မှုမရှိစေဘဲ ဆောင်ရွက်သွားမည် ဖြစ်သည်။
နိုင်ငံကြီးအချို့၏ ပြည်ပစွက်ဖက်မှုများကြောင့် အကျိုးဖြစ်ထွန်း သည်ကို တွေ့မြင်ခဲလှသည်။ ယင်းအစား သက်ဆိုင်ရာနိုင်ငံရှိ ပြည်သူ များအကြား စိတ်ဝမ်းကွဲပြားကာ လက်နက်ကိုင်ပဋိပက္ခများ ရှည်ကြာ ပြီး ငြိမ်းချမ်းတည်ငြိမ်မှု မရရှိကြောင်း တွေ့ရသည်။ ထိုအချက်ကို သက်သေထူနေသည့် ယခင် သာဓကများစွာလည်းရှိသည်။
မြန်မာနိုင်ငံတော်အစိုးရအနေဖြင့် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသည့် တာဝန်နှင့် ဝတ္တရားများအရ ငြိမ်းချမ်းရေး၊ လုံခြုံရေး နှင့် ပြည်သူများ၏ အကျိုးစီးပွားကို ချမှတ်ထားသည့် ရှေ့လုပ်ငန်းစဉ် (၅)ရပ်၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များနှင့်အညီ ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်သည်။ စိစစ်အတည်ပြုနိုင်ခြင်းမရှိသည့် အချက်အလက်များအပေါ် အခြေခံ၍ ပုံဖျက်ထားသော သတင်းထုတ်ပြန်ချက်များသည် မြန်မာနိုင်ငံ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ရာရောက်ပြီး ကုလသမဂ္ဂ ပဋိညာဉ်စာတမ်းအပါအဝင် သံတမန်ကျင့်ဝတ်များကို ချိုးဖောက်ရာ ရောက်သဖြင့် ယင်းထုတ်ပြန်ချက်များကို မြန်မာနိုင်ငံက ပြင်းထန်စွာ ကန့်ကွက်ပယ်ချသည်။
နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်
၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၃ ရက်။