
နေပြည်တော် ဇန်နဝါရီ ၃၁
မြန်မာနိုင်ငံ၏ အနာဂတ်တွင် ခေါင်းဆောင်များဖြစ်လာမည့် ကလေးများနှင့် လူငယ်များ၏ ဉာဏ်ရည် ဉာဏ်သွေးနှင့် အတွေးအခေါ်အယူအဆများ ထက်မြက်လာစေရန်ရည်ရွယ်၍ စိန်ရတုပြည်ထောင်စုနေ့ အထိမ်းအမှတ် လူငယ်နှင့် စာပေပွဲတော်ကို ဇန်နဝါရီ ၂၉ ရက်မှ ၃၁ ရက်အထိ နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ ပွဲတော်ကြီးတွင် အသိပညာ ဗဟုသုတရဖွယ် ပြခန်းပေါင်း ၄၀ ကျော် ပါဝင်ပြသထားပြီး ဖျော်ဖြေရေးအစီအစဉ်ကောင်းများလည်း ထည့်သွင်းထားရာ စိတ်ပါဝင်စားစွာဖြင့် လာရောက်လေ့လာကြသည့် ကျောင်းသား ကျောင်းသူများ၊ လူငယ်များ၊ ပွဲတော်ကြီးတွင် သက်ဆိုင်ရာကဏ္ဍအလိုက် ပါဝင်ဆောင်ရွက်ကြသည့် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ရင်တွင်းစကားသံများကို ရေးသားဖော်ပြလိုက်ရပါသည်။
ဦးမောင်မောင်အုန်း (ပြည်ထောင်စု ဝန်ကြီး၊ ပြန်ကြားရေးဝန်ကြီးဌာန)
အခုကျင်းပတဲ့ လူငယ်နဲ့စာပေပွဲတော် ဟာ တကယ်တော့ နိုင်ငံတော်ဝန်ကြီးချုပ် ကို အထူးကျေးဇူးတင်ရမယ့် ကိစ္စဖြစ်ပါ တယ်။ အစကတော့ ပြန်ကြားရေးဝန်ကြီး ဌာနတစ်ခုအနေနဲ့ စာပေပွဲတော်တစ်ခု စီမံဖို့ စီစဉ်ထားတာဖြစ်ပါတယ်။ သို့သော် လည်း နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ လူငယ်ကဏ္ဍကို အင်မတန်အလေးထားပါ တယ်။ ဒါကြောင့် လူငယ်နဲ့စာပေပွဲတော်ကို စီစဉ်တဲ့အခါမှာ ကျွန်တော်တို့ဝန်ကြီးဌာန တစ်ခုတည်း မဟုတ်တော့ဘဲ ကျန်တဲ့ ဝန်ကြီးဌာနတွေနဲ့ အားလုံးပေါင်းစည်းပြီး ဆောင်ရွက်ပါတယ်။ နိုင်ငံတော်ဝန်ကြီး ချုပ်က လူငယ်တွေကို အသိပညာ၊ အတွေး အခေါ်တွေအပြင် နိုင်ငံတော်အတွက် သားကောင်းရတနာ၊ သမီးကောင်းရတနာ ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်နဲ့ လုပ်ပါဆို ပြီး လမ်းညွှန်တဲ့အတွက် ယနေ့နိုင်ငံတော် အဆင့်အခမ်းအနားတစ်ခုလို စီမံဆောင် ရွက်ခဲ့တာဖြစ်ပါတယ်။
ပွဲတော်မှာပြန်ကြားရေးဝန်ကြီးဌာနပြခန်း၊ သိပ္ပံနဲ့နည်းပညာပြခန်း၊ ပညာရေး ဝန်ကြီးဌာနပြခန်း၊ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ရေကြောင်း ပြခန်း၊ လေကြောင်း ဝါသနာရှင်များ အသင်းချုပ်ကနေ လေယာဉ်ပြခန်းနဲ့ လေယာဉ်ပျံသန်းမှု သရုပ်ပြကွင်းတွေ အပြင် ဖျော်ဖြေရေးအစီအစဉ်အနေနဲ့ မြန်မာ့အသံက အနုပညာရှင်တွေ၊ ရုပ်ရှင် သရုပ်ဆောင်တွေ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနက အကအဖွဲ့တွေ၊ ကျောင်းသား ကျောင်းသူတွေရဲ့ ကပွဲတွေ လည်းပါဝင်ခဲ့ပါတယ်။
စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီးဌာန၊အမျိုးသားမှတ်တမ်းများ မော်ကွန်း တိုက်ဦးစီးဌာန ညပြခန်းမှာဆိုရင် လူငယ် တွေကိုပိုပြီးတော့ ကိုယ့်နိုင်ငံရဲ့ သမိုင်း ကြောင်းကို သိစေဖို့အတွက် မော်ကွန်း စာတမ်းတွေ၊ မော်ကွန်းတိုက်က အထောက်အထားတွေ၊ ကျောက်စာ၊ ပေစာမိတ္တူတွေကိုလည်း ပြသထားပါ တယ်။ ဒီပြခန်းမှာ စာချုပ်တွေအများကြီး ပါပါတယ်။ ပင်လုံစာချုပ်နဲ့ ရန္တပိုစာချုပ် လည်း ပါဝင်ပါတယ်။ ယနေ့ခေတ်လူငယ် တော်တော်များများက ကိုယ့်နိုင်ငံရဲ့ သမိုင်းကြောင်းကို မသိတဲ့အခါကျတော့ တချို့တွေ အယူအဆလွဲမှားတာတွေ ရှိပါ တယ်။ ကိုယ့်နိုင်ငံအပေါ်မှာ တန်ဖိုး မထားတာတွေလည်းဖြစ်တာပေါ့။ ဒီတော့ ကျွန်တော်တို့ နိုင်ငံတော်ကြီး ဘယ်လို လွတ်လပ်ရေးရပြီးတော့မှ ခုချိန်ထိ ဘယ်လိုဖြတ်သန်းရတယ်၊ ဘယ်လို အခက်အခဲတွေကြားကနေ ဘယ်လို စာချုပ် စာတမ်းတွေနဲ့ ဒီအဆင့် ရောက်အောင် ဖြတ်ကျော်ခဲ့လဲဆိုတဲ့ မှတ်တမ်းတွေပါပဲ။ ဒီလိုမှတ်တမ်းတွေ၊ သမိုင်းတွေကိုသိမှ လူငယ်တွေဟာ အနာဂတ်မှာ ကျွန်တော်တို့ရဲ့မြန်မာနိုင်ငံ ကို ဘယ်လိုဖွံ့ဖြိုးတိုးတက်အောင် လုပ်ရ မယ်ဆိုတဲ့ အတွေးအခေါ်တွေကို အသိပေး ချင်တာဖြစ်ပါတယ်။
နောက်တစ်ခုကတော့ လူငယ်တွေ ဟာ လိုသလိုပုံသွင်းလို့ရတဲ့ ဖယောင်း လေးတွေပါလို့ တင်စားရမှာပါ။ ဖယောင်းလေးတွေလို ပုံသွင်းလို့ရတဲ့ လူငယ်တွေဟာ အသိမှန် အမြင်မှန်တွေ၊ အတွေးအခေါ်မှန်တွေ မသိဘူးဆိုရင် လည်း လမ်းကြောင်းလွဲတာတွေလည်း ရှိတတ်ပါတယ်။ လူငယ်တွေအနေနဲ့ အသက်ငယ်ရွယ်စဉ်မှာ သူတို့ရဲ့ လေ့လာ လိုစိတ်၊ စူးစမ်းလိုစိတ်တွေကတစ်ဆင့် အသိပညာ၊ အတတ်ပညာတွေတိုးပွားပြီးမိမိအတွက်၊ မိမိဒေသအတွက်၊ မိမိနိုင်ငံ အတွက်ကိုပါ အတွေးအခေါ်ကောင်း၊ အသိပညာကောင်းတွေ ရရှိအောင် ရည်ရွယ်ပြီး ပွဲတော်ကိုကျင်းပတာဖြစ်ပါ တယ်။ နိုင်ငံတော်ဝန်ကြီးချုပ်အနေနဲ့ လူငယ်တွေကိုအင်မတန်ကို အလေးထား ပါတယ်။ ဒါကြောင့် ယခင်ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနကို ပြန်လည် ဖွဲ့စည်းတဲ့အခါမှာ အားကစားဝန်ကြီးဌာန လို့ သီးသန့်မဖွဲ့တော့ဘဲ အားကစားနဲ့ လူငယ်ရေးရာဝန်ကြီးဌာနလို့ ဖွဲ့စည်းခဲ့ တာဖြစ်ပါတယ်။ အခုကျင်းပခဲ့တဲ့ ပွဲတော် ဟာ နိုင်ငံတော်ဝန်ကြီးချုပ်ရဲ့ လူငယ်တွေ အပေါ်မှာထားတဲ့ စေတနာကိုပေါ်လွင်စေ တယ်လို့ မြင်မိပါတယ်။
မခင်ပြည့်စုံ (အမှတ်(၁၆) အခြေခံပညာ အထက်တန်းကျောင်း၊ မန္တလေးမြို့)
သမီးတို့က မန္တလေးကနေ လာရောက် လေ့လာတာပါ။ ပြခန်းအားလုံးကို လေ့လာကြည့်ရှုပြီးပါပြီ။ ပြခန်းအားလုံး ထဲကမှ ကျန်းမာရေး အသိပညာပေး ပြခန်းကို စိတ်ဝင်စားပါတယ်။ သမီး ကြီးလာရင် ဆရာဝန်လုပ်ဖို့ အခုကတည်း က စာကို ကြိုးစားလေ့လာသင်ယူနေ ပါတယ်။ လူငယ်နဲ့ စာပေပွဲတော်ကို လာရောက် လေ့လာခွင့်ရတဲ့အတွက် ပျော်ရွှင်မှုတွေရရှိတဲ့အပြင် အသိပညာ ဗဟုသုတတွေလည်း အများကြီးရရှိပါ တယ်။ လေကြောင်း၊ ရေကြောင်းနဲ့ ပတ် သက်တဲ့ အသိပညာပေးပြခန်းတွေကို လေ့လာခွင့်ရတဲ့အတွက် သမီးတို့ မသိသေးတဲ့ရေကြောင်း၊ လေကြောင်းနဲ့ ပတ်သက်တဲ့ အသိပညာဗဟုသုတတွေ လည်း အများကြီးရရှိပါတယ်။ မန္တလေး မြို့မှာကျင်းပခဲ့တဲ့ လူငယ်စာပေပွဲတော် တုန်းကလည်း သမီးပါဝင်ဆင်နွှဲခဲ့ပါ တယ်။ နေပြည်တော်မှာကျင်းပတဲ့ ပွဲတော် နဲ့ဆိုရင် လေ့လာခွင့်ရတာ နှစ်ကြိမ်ရှိပါပြီ။ သမီးတို့က မန္တလေးက လာတာဖြစ်တဲ့ အတွက် ပွဲတော်ကိုရောက်တဲ့အခါမှာ နေပြည်တော်အတွင်းမှာရှိတဲ့ ကျောင်း ပေါင်းစုံက ကျောင်းသား ကျောင်းသူတွေ အားလုံး တစ်စုတစ်စည်းတည်းတွေ့ရ တော့ ပိုပြီးပျော်စရာကောင်းပါတယ်။
မောင်အောင်ဘုန်းထွဋ် ( ရုပ်ရှင် သရုပ်ဆောင်)
ဝန်ကြီးဌာနတွေက ပြသထားတဲ့ ပန်းချီပြခန်း၊ သိပ္ပံနဲ့နည်းပညာပြခန်း တွေမှာ ခင်းကျင်းပြသထားတဲ့ ပစ္စည်း တွေ၊ ကျန်းမာရေးဝန်ကြီးဌာနက ပြသ ထားတဲ့ Biology နဲ့ ပတ်သက်တဲ့ သင်ထောက်ကူပုံစံတွေကို ကြည့်ရှု လေ့လာပြီးပါပြီ။ လူငယ်နဲ့စာပေပွဲတော် ကို ကိုယ်တိုင်ပါဝင်လေ့လာရတဲ့အတွက် ဝမ်းသာပါတယ်။ ပြခန်းတွေကနေ အသိပညာဗဟုသုတတွေလည်း ရပါတယ်။ ပြခန်းတွေအားလုံးထဲကမှ သိပ္ပံနဲ့ နည်းပညာဝန်ကြီးဌာနက ပြသထားတဲ့ ပြခန်းကို ပိုပြီးစိတ်ဝင်စားပါတယ်။ ပွဲတော်နောက်ဆုံးနေ့ ဖြစ်တဲ့အတွက် လူတွေ တော်တော်စည် ကားတာကိုလည်း တွေ့ရပါတယ်။ ကျွန်တော်တို့လူငယ်တွေ မှာ ရည်မှန်းချက်ကိုယ်စီ ရှိကြပါတယ်။ ကိုယ့်ရည်မှန်းချက်ကို အကောင်အထည် ဖော်တဲ့အခါ ဘယ်လောက်အခက်အခဲ ရှိရှိ စိတ်ဓာတ်နဲ့ ဇွဲလုံ့လရှိရင် ကျော်ဖြတ် နိုင်ပါတယ်လို့ ပြောချင်ပါတယ်။ ဒီလို အသိစိတ်တွေကို အခုလို လူငယ်နဲ့ စာပေ ပွဲတော်က လှုံ့ဆော်ပေးနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။
မအိချောချောမြ (အစိုးရနည်းပညာ အထက်တန်းကျောင်း၊နေပြည်တော်)
ညီမတို့ ဒီပွဲတော် စတင်ကျင်းပ ကတည်းက လာချင်တာပါ။ ဒီနေ့လာရတဲ့ အတွက် ဝမ်းသာမိပါတယ်။ စာပေ ပြခန်းတွေနဲ့ နည်းပညာပြခန်းတွေ အများ ကြီး ခင်းကျင်းပြသထားတာ တွေ့ရပါ တယ်။ ညီမတို့က လျှပ်စစ်နဲ့ပတ်သက်ပြီး လေ့လာသင်ယူနေတာဆိုတော့ လျှပ်စစ် ပိုင်းကို ပိုမိုစိတ်ဝင်စားပါတယ်။ တခြား ရေကြောင်းပညာ၊ လေကြောင်းပညာရပ် တွေပြသထားတဲ့ ပြခန်းတွေကိုလည်း လိုက်လံလေ့လာနေပါတယ်။ ဒီပွဲတော်ကြီး မှာ ညီမတို့ မသိတာတွေလည်း သိခွင့် ရတယ်။ ညီမက သိပ္ပံစာအုပ်တို့ လျှို့ဝှက် ဆန်းကြယ်စာအုပ်တွေကို ဖတ်ရတာ ကြိုက်တဲ့အတွက် စာပေဗိမာန်စာအုပ် အရောင်းဆိုင်ကနေ ရှာဖွေပြီး ဝယ်ထား တယ်။
ညီမတို့ ဗဟုသုတရသလို ကလေးတွေ အတွက်လည်း ပျော်ရွှင်စရာ အစီအစဉ် တွေ ထည့်သွင်းထားတာကို တွေ့ရပါ တယ်။ ကျောင်းက သူငယ်ချင်းတွေနဲ့ အတူတူဗဟုသုတတွေ အများကြီးရတဲ့ အတွက် စိတ်ထဲမှာ ပျော်ရွှင်မိနေပါတယ်။
ဒေါက်တာကျော်ကျော် (တွဲဖက်ပါမောက္ခ၊ မန္တလေးတက္ကသိုလ်)
ကျွန်တော်တို့က အဆင့်မြင့်ပညာ ဦးစီးဌာနနဲ့ အခြေခံပညာဦးစီးဌာန နှစ်ခုပေါင်းပြီး ပညာရေးဝန်ကြီးဌာန ကိုယ်စား ပြပွဲလာရောက်ပြသတာ ဖြစ်ပါ တယ်။ အခြေခံပညာဦးစီးဌာနအနေနဲ့ လိပ်ပြာပြခန်းပြသပြီး အဆင့်မြင့်ပညာ ဦးစီးဌာနအနေနဲ့ကတော့ သိပ္ပံနဲ့ဆိုင်တဲ့ သီအိုရီတွေအားလုံးကို ရှင်းပြနိုင်တဲ့ စက် ပစ္စည်းတွေကို ပြသထားတာဖြစ်ပါတယ်။ ဒီပွဲတော်မှာ ကလေးတွေ လာရောက် လေ့လာနိုင်တဲ့အတွက် ပုံမှန်သမားရိုးကျ စာသင်နေတဲ့ စာတွေ့ထက် အပြင်မှာလက်တွေ့ကြုံတွေ့နေရတဲ့အခါ လူတွေ အတွက် ဘယ်လောက်ကောင်းအောင် တီထွင်ထားသလဲဆိုတဲ့ သိပ္ပံဘာသာရပ် ကို ပိုမိုစိတ်ဝင်စားစေတယ်။ ပိုမိုနားလည် စေပါတယ်။ ကျွန်တော့်အနေနဲ့ အကြံပြု ပြောကြားချင်တာကတော့ ဒီလို စက် ပစ္စည်းတွေကို မြင်လိုက်ခြင်းအားဖြင့် ကလေးတွေဟာ သိပ္ပံနဲ့ပတ်သက်ပြီး တီထွင်ချင်စိတ်တွေ စိတ်ပါဝင်စားမှုတွေ ပိုမိုတက်ကြွလာမှာဖြစ်တဲ့အတွက် နောင် တစ်ချိန်မှာ မိမိရဲ့ရည်ရွယ်ချက်ကို အကောင်အထည်ဖော်နိုင်မှာ ဖြစ်ပါတယ်။
တွေ့ဆုံမေးမြန်း - မျိုးဆက်သစ်
ဓာတ်ပုံ - ကိုကြီးထိန်