အခွန်အယူခံခုံအဖွဲ့၏ သုံးနှစ်တာခရီးစဉ် ပုံရိပ်လွှာများ

Type
5

 

ဒေါက်တာအိလှိုင်းသက်ဇာ

စာရေးသူသည် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်းစာ၌ “အခွန်ထမ်းပြည်သူများ သိထားသင့်သော အခွန်အယူခံခုံအဖွဲ့အကြောင်း” ခေါင်းစဉ်ဖြင့် ဆောင်းပါးရေးသားဖော်ပြခဲ့ပြီး ဖြစ်ပါသည်။ ယခုအခါ ၂၀၂၃ ခုနှစ် အောက်တိုဘာ ၂၉ ရက်တွင် ကျရောက်သည့် အခွန်အယူခံခုံအဖွဲ့ရုံး၏ နှစ်နှစ်ပြည့် အထိမ်းအမှတ်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ဤဆောင်းပါးတွင် အခွန်အယူခံခုံအဖွဲ့ဥပဒေ၊ နည်းဥပဒေများနှင့် အခွန်အယူခံခုံအဖွဲ့၏ ကြိုးပမ်းမှုများ၊ အမှုများတင်သွင်းလျှောက်ထားခြင်းနှင့် အခွန်အယူခံခုံအဖွဲ့၏ ဆောင်ရွက်ချက်များကို ဆက်လက်ရေးသားတင်ပြလိုပါသည်။ 

သီးခြားလွတ်လပ်သော အဖွဲ့အစည်းအဖြစ်
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီသည် ၂၀၂၃ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေကို ၃၀-၃-၂၀၂၃ ရက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥပဒေအမှတ် ၁၈/၂၀၂၃ ဖြင့် ထုတ်ပြန် ပြဋ္ဌာန်းခဲ့သည်ကို လေ့လာတွေ့ရှိရပါသည်။ အလား တူ ယခင်နှစ်များကလည်း သက်ဆိုင်ရာနှစ်အလိုက် ပြည်ထောင်စု၏    အခွန်အကောက်ဥပဒေများကို ပြဋ္ဌာန်း၍ နိုင်ငံတော်၏ရသင့်ရထိုက်သော အခွန် ဘဏ္ဍာငွေများ တိုးမြှင့်ရရှိစေရန်   ဆောင်ရွက်ခဲ့ပါ သည်။ ထိုသို့ အခွန်ကောက်ခံမှုနှင့်စပ်လျဉ်း၍ နိုင်ငံ သားနှင့် အခွန်ထမ်းများက တင်ပြလျှောက်ထားလာ သော ၎င်းတို့၏ နစ်နာမှုများကို ကြားနာစစ်ဆေး စီရင်နိုင်ရန် အခွန်အယူခံခုံအဖွဲ့ကို သီးခြားလွတ်လပ် သော အဖွဲ့အစည်းအဖြစ် ၂၀၂၀ ပြည့်နှစ် ဇွန်လ ၂၂ ရက်နေ့တွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ရာ ယခုဆိုလျှင် သုံးနှစ်ကျော်ကာလတိုင်ခဲ့ပြီ ဖြစ်ပေသည်။
ဥပဒေနှင့်အညီ ဖွဲ့စည်းထားသည့် အခွန်အယူခံ ခုံအဖွဲ့ မပေါ်ပေါက်မီက အမိန့်ကြော်ငြာစာများဖြင့် ဖွဲ့စည်းသည့် အခွန်အယူခံခုံအဖွဲ့များက ပြည်တွင်း အခွန်များဦးစီးဌာန၊ အကောက်ခွန်ဦးစီးဌာနတို့၏ အခွန်အကောက်ဆိုင်ရာ   အယူခံမှု၊  ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် လွှဲအပ်မှုများအပေါ် အစဉ် အဆက် စီရင်ဆုံးဖြတ်ခဲ့ရာမှ ၂၀၀၄ ခုနှစ် မေလ ၁၈ ရက်နေ့တွင် ကျင်းပပြုလုပ်သော အမျိုးသား ညီလာခံ စုံညီအစည်းအဝေး၌ ပြည်ထောင်စုဥပဒေပြု စာရင်းတွင်  ဖော်ပြထားသော    အခွန်တော်များ အတွက် မကျေနပ်ချက်များရှိပါက အယူခံနိုင်ရန် အခွန်အယူခံရုံးရှိသင့်ကြောင်းနှင့် “အခွန်အယူခံ ခြင်း” နှင့်စပ်လျဉ်း၍ ဥပဒေပြုရန် လိုအပ်လာပါက ဥပဒေပြဋ္ဌာန်းပေးနိုင်ရန် ပြည်ထောင်စုဥပဒေပြု စာရင်းတွင် ဖော်ပြသင့်ကြောင်း  ဆွေးနွေးခဲ့ကြပါ သည်။ ထို့နောက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၉၆ ကို ရည်ညွှန်းလျက် ပြည်ထောင်စုဥပဒေပြု စာရင်း ဇယား ၁၊ အပိုဒ် ၃၊ အပိုဒ်ခွဲ (ဍ) တွင်  အခွန် အယူခံခြင်းဟု ထည့်သွင်းပြဋ္ဌာန်းထားခဲ့ကြောင်း တွေ့ရှိရပါသည်။ 
နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူတို့၏ လူမှု စီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်စေရန် အသုံးစရိတ် များ သုံးစွဲရာတွင် အဓိကအားဖြင့် အခွန်အကောက် ရငွေများမှ သုံးစွဲရပါသည်။ သို့ဖြစ်ရာ ရသင့်ရထိုက် သည့် အခွန်အကောက်ရငွေများ   တိုးမြှင့်ရရှိစေရေး အတွက်   ကြိုးပမ်းဆောင်ရွက်လျက်ရှိသကဲ့သို့ တစ်ဖက်တွင်လည်း နိုင်ငံသားနှင့် အခွန်ထမ်းများက ဥပဒေအရပေးဆောင်ကြရမည့်    အခွန်များကို ပေးဆောင်ရာတွင် တန်းတူညီမျှမှုနှင့် တရားမျှတမှု အခွင့်အရေးရရှိစေရန်၊ ဥပဒေနှင့်အညီ ခုခံချေပခွင့် နှင့် ပွင့်လင်းမြင်သာသော အယူခံပိုင်ခွင့်ရရှိစေရေး အတွက် ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိပါသည်။ ယင်းလိုအပ်ချက်ကို  အခွန်အယူခံခုံအဖွဲ့က အခွန် အယူခံခုံအဖွဲ့ဥပဒေ၊ နည်းဥပဒေများ၊ တည်ဆဲဥပဒေ များနှင့်အညီ ကြိုးပမ်းဖြည့်ဆည်း ဆောင်ရွက်လျက် ရှိပါသည်။
ကြီးမားသောလုပ်ငန်းတာဝန်များ
သို့ဖြစ်၍ အခွန်အယူခံခုံအဖွဲ့သည် ဖွဲ့စည်းမှု ပမာဏအားဖြင့် သေးငယ်သောအဖွဲ့အစည်းတစ်ရပ် ပင်ဖြစ်သော်ငြား နိုင်ငံတော်၏ အခွန်ကောက်ခံမှု စနစ်သည် ဥပဒေနှင့်အညီ စွမ်းဆောင်မှုမြင့်မားသော အခွန်စီမံခန့်ခွဲမှုဖြစ်စေရေးနှင့် ယင်းအခွန်စီမံခန့်ခွဲ မှုအပေါ် နိုင်ငံသားနှင့် အခွန်ထမ်းများက နားလည် လက်ခံမှုရှိစေရေးတို့အတွက်      မှန်ကန်မျှတစွာ ဆောင်ရွက်ပေးရသည့်  ကြီးမားသော လုပ်ငန်းတာဝန် များကို ထမ်းဆောင်နေရသော သီးခြားလွတ်လပ် သည့် အဖွဲ့အစည်းအဖြစ် ရပ်တည်ဆောင်ရွက်လျက် ရှိပါသည်။ 
အခွန်အယူခံခုံအဖွဲ့ဥပဒေအရ ခုံအဖွဲ့သို့ တင်ပြ လျှောက်ထားနိုင်သော   အမှုအမျိုးအစားများမှာ အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် လွှဲအပ်မှု တို့ ဖြစ်ကြပါသည်။ ယင်းအမှုများအနက် အယူခံမှု၊ ပြင်ဆင်မှုနှင့် ပြန်လည်သုံးသပ်မှုများကို ခုံအဖွဲ့က ဥပဒေနှင့်အညီ လွတ်လပ်စွာ ကြားနာစစ်ဆေးစီရင် နိုင်ပါသည်။ 
အယူခံမှု၊ ပြင်ဆင်မှု၊    ပြန်လည်သုံးသပ်မှုနှင့် လွှဲအပ်မှုများကို ခုံအဖွဲ့သို့ တင်သွင်းလျှောက်ထား ကြရာတွင် လျှောက်ထားသူ သို့မဟုတ် ၎င်း၏ အခွင့်ရ ကိုယ်စားလှယ် သို့မဟုတ် လျှောက်ထားသူ၏ ရှေ့နေ က အခွန်အယူခံခုံအဖွဲ့ရုံး၊ မှတ်ပုံတင်အရာရှိထံသို့ လူကိုယ်တိုင် လာရောက်လျှောက်ထားနိုင်ပါသည်။ လျှောက်ထားချက်များတွင်   ရုံးခွန်အက်ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ         ရုံးခွန်တံဆိပ်ခေါင်း ထမ်းဆောင်ရပါသည်။ အယူခံမှုလျှောက်ထားချက် သတ်မှတ်ပုံစံကို အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများ နောက်ဆက်တွဲပုံစံ အခယ-၁နှင့် ပြန်လည်သုံးသပ် မှု၊ ပြင်ဆင်မှုလျှောက်ထားချက်   သတ်မှတ်ပုံစံကို အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများ နောက်ဆက်တွဲ ပုံစံ အခယ-၂ တို့တွင် ဖော်ပြထားပါသည်။ လွှဲအပ်မှု လျှောက်ထားချက် သတ်မှတ်ပုံစံကို အခွန်အယူခံခုံ အဖွဲ့ နည်းဥပဒေများ နောက်ဆက်တွဲပုံစံ အခယ- ၃ တွင် ဖော်ပြထားပါသည်။
သတိပြုသင့်သည့်အချက်
အခွန်အယူခံခုံအဖွဲ့သို့  အမှုများ  တင်သွင်း လျှောက်ထားသည့်အခါ သတိပြုသင့်သည့်အချက် မှာ သက်ဆိုင်ရာအမှုအတွက် သတ်မှတ်ထားသော စည်းကမ်းသတ်ကာလအတွင်း လျှောက်ထားကြရန် လိုအပ်ခြင်းဖြစ်ပါသည်။ စည်းကမ်းသတ်ကာလ ကျော်လွန်ပြီးမှ တင်ပြသော လျှောက်ထားချက် များအတွက် သက်ဆိုင်ရာခုံအဖွဲ့က လက်ခံနိုင်မည့် လုံလောက်သော အကြောင်းပြချက်များ တင်ပြရ မည် ဖြစ်ပါသည်။
အခွန်အယူခံခုံအဖွဲ့နည်းဥပဒေများ၊ နည်းဥပဒေ ၆၂ အရ အယူခံမှု လျှောက်ထားရာတွင် စည်းကမ်း သတ်ကာလ ကျော်လွန်ခြင်းအတွက်  ခုံအဖွဲ့က ရက်ပေါင်း တစ်ရာ့နှစ်ဆယ်ထက်မပိုသော ကာလ အထိသာ အယူခံရက်ကို တိုးမြှင့်ပေးနိုင်ကြောင်း ပြဋ္ဌာန်းထားသည်ကို သတိပြုကြစေရန် တင်ပြလို ပါသည်။ ဆိုလိုသည်မှာ အယူခံမှုတင်သွင်းရာတွင် စည်းကမ်းသတ်ကာလ ကျော်လွန်ရခြင်းအတွက် မည်မျှခိုင်လုံသော အကြောင်းပြချက်များ တင်ပြနိုင် စေကာမူ သက်ဆိုင်ရာခုံအဖွဲ့အနေဖြင့် ရက်ပေါင်း တစ်ရာ့နှစ်ဆယ်ထက် ကျော်လွန်၍    ခွင့်မပြုရန် နည်းဥပဒေဖြင့် ကန့်သတ်ထားခြင်းဖြစ်သည်။ ယင်း အချက်နှင့်စပ်လျဉ်း၍ အခွန်အယူခံခုံအဖွဲ့၏ ၂၆-၉-၂၀၂၃ ရက်စွဲပါ ညွှန်ကြားချက် အမှတ် ၁/၂၀၂၃ ဖြင့် အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာ ခဲ့ပြီး ဖြစ်ပါသည်။
လျှောက်ထားသူနှင့် လျှောက်ထားခံရသူတို့ သည် အမှုတွင် အထောက်အထားပြုလိုသည့် စာရွက် စာတမ်းများကို မိမိတို့၏ လျှောက်ထားချက်၊ ချေလွှာ များနှင့်အတူ ပူးတွဲတင်သွင်းရမည် ဖြစ်ပါသည်။
အမှုများတင်သွင်းကြရာတွင်
အခွန်အယူခံခုံအဖွဲ့သို့   အမှုများတင်သွင်းကြ ရာတွင် အမှုသည်တစ်ဦးဦး၏ကိုယ်စား အမှုတွင် ဆောင်ရွက်ပေးရန်    အခွင့်ရကိုယ်စားလှယ်အဖြစ် လည်းကောင်း၊    တရားဝင်ကိုယ်စားလှယ်အဖြစ် လည်းကောင်း   ဆောင်ရွက်ခြင်းနှင့်စပ်လျဉ်း၍ လွဲမှားမှုများ ရှိခဲ့ကြပါသည်။ အခွင့်ရကိုယ်စားလှယ် ဆိုသည်မှာ လျှောက်ထားသူကိုယ်စား  အမှုတွင် ဆောင်ရွက်ရန် ကိုယ်စားလှယ်လွှဲအပ်စာရရှိထားသူ ဖြစ်ပြီး တရားဝင်ကိုယ်စားလှယ်ဆိုသည်မှာ အခွန် ဆိုင်ရာ အမှုတွင် ကွယ်လွန်သူ အမှုသည်တစ်ဦးဦး၏ ကျန်ရစ်သော လုပ်ငန်း သို့မဟုတ် ပစ္စည်းအတွက် ဝင်ရောက်ဆောင်ရွက်ခွင့်ရှိသူ သို့မဟုတ် ဥပဒေအရ ဆက်ခံပိုင်ခွင့်ရှိသူ ဖြစ်ပါသည်။ ဆိုလိုသည်မှာ  အခွင့်ရ ကိုယ်စားလှယ်ဆိုသည်မှာ သက်ရှိထင်ရှားရှိသူ အမှု သည်၏ကိုယ်စား ဆောင်ရွက်ရန် အခွင့်ရရှိသူဖြစ်ပြီး တရားဝင်ကိုယ်စားလှယ်ဆိုသည်မှာ ကွယ်လွန်သွား သည့် လျှောက်ထားသူ သို့မဟုတ် လျှောက်ထားခံရ သူ၏ လုပ်ငန်းကိစ္စများကို ဆက်ခံဆောင်ရွက်ခွင့်ရှိသူ ဖြစ်ပါသည်။ အခွန်အယူခံခုံအဖွဲ့  နည်းဥပဒေများ၊ နည်းဥပဒေ ၂၊ နည်းဥပဒေခွဲ (ဇ)တွင်  တရားဝင် ကိုယ်စားလှယ်ကို  လည်းကောင်း၊   နည်းဥပဒေ ၂၊ နည်းဥပဒေခွဲ (ဈ)တွင် အခွင့်ရကိုယ်စားလှယ်ကို လည်းကောင်း   အသီးသီး   အဓိပ္ပာယ်ဖွင့်ဆိုထား ပါသည်။ 
ပြင်ဆင်လိုခြင်းနှင့် စပ်လျဉ်း၍
အခွန်အယူခံခုံအဖွဲ့သို့  အမှုများ တင်သွင်းကြ သည့် လျှောက်ထားသူ သို့မဟုတ် လျှောက်ထားခံရ သူတို့သည် မိမိသဘောအလျောက် လျှောက်ထား ချက်နှင့် ချေလွှာတို့ကို ပြင်ဆင်လိုခြင်းနှင့် စပ်လျဉ်း ၍ မည်သည့်အချက်များကို ပြင်ဆင်၍ မည်သည် တို့ကို မပြင်ကြောင်း ချက်ချင်းသိမြင်နိုင်ရန် ပြင်ဆင် လျှောက်ထားချက်နှင့် ပြင်ဆင်ချေလွှာတို့၏ ဆိုင်ရာ အပိုဒ်များတွင်  ပြင်ဆင်ချက်များကို မင်နီသား၍ ဖော်ပြရမည်။ သို့ရာတွင် အမှု၏ မူလအတွင်းသရုပ် ကို ပြောင်းလဲအောင် ပြင်ဆင်ခွင့် ရှိမည်မဟုတ်ပေ။ လျှောက်ထားချက် တင်သွင်းပြီးသည့်နောက် အချက် အလက် တစ်စုံတစ်ရာ ထပ်မံဖြည့်စွက်တင်ပြလိုပါ က အမှုကြားနာရန် ကြိုတင်သတိပေးအမှုခေါ်စာရင်း မထုတ်ပြန်မီ အခွန်အယူခံခုံအဖွဲ့သို့ အချိန်မီ တင်ပြ ကြရန်လည်း  လိုအပ်ပါသည်။    ယင်းအချက်နှင့် စပ်လျဉ်း၍ အခွန်အယူခံခုံအဖွဲ့၏ ၁၇-၃-၂၀၂၂ ရက်စွဲ ပါ အမိန့်ကြော်ငြာစာအမှတ် ၁/၂၀၂၂ ဖြင့် အများ ပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာခဲ့ပြီး ဖြစ်ပါ သည်။
အခွန်အယူခံခုံအဖွဲ့သို့ အမှုများ တင်သွင်းကြ ရာတွင် အချို့သော လျှောက်ထားသူများအနေဖြင့် ခုံအဖွဲ့သို့ တင်ပြလျှောက်ထားနိုင်သော  အမှုအမျိုး အစား လေးမျိုးနှင့်စပ်လျဉ်း၍ မှားယွင်းယူဆချက် များ  ရှိခဲ့ကြပါသည်။   ယင်းမှာ  ခုံအဖွဲ့သို့   တင်ပြ လျှောက်ထားခဲ့သော အယူခံမှု အောင်မြင်မှု မရလျှင် ပြင်ဆင်မှုလျှောက်ရန်၊ ပြင်ဆင်မှု အောင်မြင်မှုမရ လျှင် ပြန်လည်သုံးသပ်မှုလျှောက်ရန်၊   လွှဲအပ်မှု လျှောက်ရန် စသည်ဖြင့် အဆင့်ဆင့်တင်ပြ လျှောက် ထားနိုင်သည်ဟု ထင်မှတ်မှားခြင်း  ဖြစ်ပါသည်။ အခွန်အယူခံခုံအဖွဲ့ဥပဒေနှင့် နည်းဥပဒေများတွင် ထိုကဲ့သို့ အခွင့်အရေးတစ်ရပ်အဖြစ် အဆင့်ဆင့် တင်ပြလျှောက်ထားခွင့်ရှိကြောင်း  ပြဋ္ဌာန်းခွင့်ပြုထားခြင်းမရှိသည်ကို လေ့လာသိရှိနိုင်ပါသည်။
အမှုများမှာ  တစ်ခုနှင့်တစ်ခု   ဆက်စပ်မှုရှိနိုင် သော်လည်း အမှုအမျိုးအစားတစ်ခုချင်းစီအတွက်  သတ်မှတ် ဖော်ပြချက်များအနေဖြင့် ကွဲပြားခြားနား ပါသည်။ အခွန်အယူခံခုံအဖွဲ့ဥပဒေ ပုဒ်မ ၂၊ ပုဒ်မခွဲ (ဋ)တွင် အယူခံမှုကိုလည်းကောင်း၊ ပုဒ်မခွဲ (ဌ) တွင် ပြင်ဆင်မှုကိုလည်းကောင်း၊ ပုဒ်မခွဲ (ဍ) တွင် ပြန်လည် သုံးသပ်မှုကိုလည်းကောင်း၊ ပုဒ်မခွဲ (ဎ) တွင် လွှဲအပ် မှုကိုလည်းကောင်း သီးခြားစီ အဓိပ္ပာယ်ဖွင့်ဆိုဖော်ပြ ထားပါသည်။ သို့ဖြစ်၍ လျှောက်ထားသူများအနေဖြင့် မိမိတို့နစ်နာကြောင်း တင်ပြလိုသည့်ကိစ္စရပ်များကို အဆိုပါသတ်မှတ်ပြဋ္ဌာန်းချက်များနှင့်အညီ တင်ပြ လျှောက်ထားကြရန် ဖြစ်ပါသည်။
အယူခံမှု သည် အခွန်ဆိုင်ရာ ဌာန/အဖွဲ့အစည်း တစ်ခုခု၏ ဆုံးဖြတ်ချက်/အမိန့်အပေါ် ကျေနပ်မှု မရှိသဖြင့် ခုံအဖွဲ့သို့ အယူခံတင်သွင်းလျှောက်ထား သည့် အမှုဖြစ်ပြီး ပြန်လည်သုံးသပ်မှု သည် ခုံအဖွဲ့က ချမှတ်သော ဆုံးဖြတ်ချက်၊ အမိန့်ကို    ပြန်လည် သုံးသပ်ပေးရန်   ခုံအဖွဲ့သို့ပင် ပြန်လည် တင်သွင်း လျှောက်ထားသည့်အမှု ဖြစ်ပါသည်။
ပြင်ဆင်မှု သည် ခုံအဖွဲ့က   ချမှတ်သည့်အမိန့် တွင် အမှုအကြောင်းခြင်းရာ (Issues of Fact) နှင့် စပ်လျဉ်း၍ ပြန်လည်စိစစ်ပေးပါရန် ခုံအဖွဲ့သို့ တင်ပြ လျှောက်ထားမှုဖြစ်ပြီး    လွှဲအပ်မှုသည် ခုံအဖွဲ့သို့ တင်သွင်းလာသည့်အမှုတွင် ဥပဒေကြောင်းအရ ဖြေရှင်းရမည့်ကိစ္စ (Issues of Law) နှင့်  စပ်လျဉ်း၍    ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့  လွှဲအပ်ပေးပို့ သည့်အမှု ဖြစ်ပါသည်။ 
အခွန်အယူခံခုံအဖွဲ့က အမှုကြားနာစစ်ဆေးရန် ချိန်းဆိုသည့်နေ့ရက်တွင်     လျှောက်ထားသူသာ လာရောက်ပြီး  လျှောက်ထားခံရသူ မလာရောက်ပါက အခွန်အယူခံ ခုံအဖွဲ့သည် ဆင့်စာ အတည်ဖြစ်မဖြစ်    စိစစ်၍ ဆင့်စာအတည်ဖြစ်ပါက အမှုကို  တစ်ဖက်သတ် ကြားနာစစ်ဆေးနိုင်ကြောင်း   အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများ၊ နည်းဥပဒေ ၃၀ တွင် ပြဋ္ဌာန်းထားပါ သည်။ လျှောက်ထားသူသည်   အမှုကြားနာရန် ချိန်းဆိုသည့်နေ့တွင် လာရောက်ရန် ပျက်ကွက်လျှင် အမှုကို   ပလပ်ခံရနိုင်ကြောင်း   အခွန်အယူခံခုံအဖွဲ့ နည်းဥပဒေများ၊ နည်းဥပဒေ ၃၂ တွင် ပြဋ္ဌာန်းထား ပါသည်။ ထို့ကြောင့် အခွန်အယူခံခုံအဖွဲ့က ချိန်းဆို သည့်နေ့ရက်တွင် အမှုသည်များကိုယ်တိုင် သို့မဟုတ် ကိုယ်စားလှယ်များ သို့မဟုတ် အကျိုးဆောင်ရှေ့နေ များ အနေဖြင့် မပျက်မကွက် လာရောက်ရန် လိုအပ် ပါသည်။ 
ဆင်ခြင်တုံတရားဖြင့် ဆုံးဖြတ်နိုင်သော်လည်း
အခွန်အယူခံခုံအဖွဲ့သည် အမှုများကို ကြားနာ စစ်ဆေးစီရင်ရာတွင် တရားစီရင်ရေးသဘောဆောင် သည့် လုပ်ပိုင်ခွင့် (Quasi – Judicial Power) နှင့် ချင့်ချိန်ဆောင်ရွက်ပိုင်ခွင့် (Discretionary Power) များကို ကျင့်သုံးဆောင်ရွက်ပိုင်ခွင့်အရ ဆင်ခြင်တုံ တရားဖြင့် ဆုံးဖြတ်နိုင်သည်မှာ   မှန်သော်လည်း ၎င်းဆင်ခြင်တုံတရားသည် ဥပဒေ၏ခွင့်ပြုချက်ဘောင်အတွင်းမှဖြစ်ရန်လည်း   လိုအပ်ပါသည်။ အခွန်အယူခံခုံအဖွဲ့ဥပဒေ ပုဒ်မ ၁၁ အရ ခုံအဖွဲ့ကို ပေးအပ်ထားသော တာဝန်နှင့် လုပ်ပိုင်ခွင့်များတွင် “ဥပဒေနှင့်အညီ” ဟူသော အထူးပြုဖော်ပြချက်ကို ကျော်လွန်ဆောင်ရွက်၍ ရနိုင်မည် မဟုတ်ကြောင်း သတိပြုမိကြမည်ဟု ယုံကြည်ပါသည်။
အခွန်အယူခံခုံအဖွဲ့သည် အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှုနှင့် လွှဲအပ်မှုများကို ကြားနာစီရင် ဆုံးဖြတ်ရာတွင် အခွန်အယူခံခုံအဖွဲ့ဥပဒေ၊ ပုဒ်မ ၂၂၊ ပုဒ်မခွဲ (င) ပါ ခွင့်ပြုချက်နှင့်အညီ တရားမကျင့်ထုံး ဥပဒေအပါအဝင် တည်ဆဲဥပဒေ၊   နည်းဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များကို ရည်ညွှန်းသုံးစွဲ ဆောင်ရွက်ရ ပါသည်။
အယူခံမှုတွင် ချမှတ်သော ခုံအဖွဲ့၏ စီရင်ချက်၊ အမိန့်အပေါ် ပြန်လည်သုံးသပ်ပေးရန် လျှောက်ထား ကြရာတွင် လျှောက်ထားသူအချို့သည် အယူခံမှုမှ အကြောင်းပြချက်များကိုပင်    ထပ်မံတင်ပြ၍ လည်းကောင်း၊ အယူခံမှုမှခုံအဖွဲ့၏ စီရင်ချက်အပေါ် တွင် ချေပတင်ပြခြင်းဖြင့်လည်းကောင်း၊ အယူခံမှု တွင် တောင်းဆိုခဲ့ခြင်းမရှိသော   အချက်များကို ထပ်မံတောင်းဆိုခြင်းဖြင့်လည်းကောင်း၊ အယူခံမှု  တွင် တင်ပြသင့်ပါလျက် တင်ပြမှုမရှိဘဲ   တမင် ချန်လှပ်ခဲ့သော အကြောင်းအချက်များကို အချက် အလက်အသစ်များအဖြစ်လည်းကောင်း၊ အယူခံမှု တွင်   တင်ပြခဲ့သည့်နည်းလမ်းကို တစ်မျိုးတစ်ဖုံ ပြောင်းလဲ၍   အခြားနည်းလမ်းတစ်ရပ်အဖြစ် လည်းကောင်း  တင်ပြလျှောက်ထားကြသည်ကို တွေ့ရှိရပါသည်။ အခွန်အယူခံခုံအဖွဲ့သည် လျှောက် ထားသူများ၏ တင်ပြလျှောက်ထားချက်များအပေါ် အလေးထား၍   လက်ခံဆောင်ရွက်ပေးလိုသော် လည်း လျှောက်ထားသူနှင့်   လျှောက်ထားခံရသူ နှစ်ဦးနှစ်ဖက် မျှတသော အခွင့်အရေးရရှိစေရန်နှင့် ပြဋ္ဌာန်းဥပဒေများနှင့်အညီ မှန်ကန်သော ဆောင်ရွက် ချက်ဖြစ်စေရန် အထူးသတိပြု ဆောင်ရွက်ရပါသည်။ သို့ဖြစ်၍ ပြန်လည်သုံးသပ်မှု လျှောက်ထားခြင်း များနှင့်စပ်လျဉ်း၍ တရားမကျင့်ထုံးဥပဒေ အမိန့် ၄၇ ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်စေရန် အခွန် အယူခံခုံအဖွဲ့၏ ၂၆-၉-၂၀၂၃ ရက်စွဲပါ ညွှန်ကြား ချက်အမှတ် ၂/၂၀၂၃ ဖြင့် အများပြည်သူသိရှိစေရန် ထုတ်ပြန်ကြေညာခဲ့ရပါသည်။
ပွင့်လင်းမြင်သာစွာ ကြိုတင်အသိပေး
ယင်းကဲ့သို့ ညွှန်ကြားချက်များ ထုတ်ပြန်ရခြင်း အခြားအကြောင်းတစ်ရပ်မှာ ဥပဒေ၏   ကန့်သတ် ပြဋ္ဌာန်းချက်များအရ အခွန်အယူခံခုံအဖွဲ့က လက်ခံ ဆောင်ရွက်ပေးနိုင်မည် မဟုတ်သော လျှောက်ထား ချက်များအတွက် လျှောက်ထားသူ နိုင်ငံသားနှင့် အခွန်ထမ်းများအနေဖြင့် မလိုအပ်ဘဲ စရိတ်စက ငွေကြေးကုန်ကျမှုများ၊ အချိန်ကာလဆုံးရှုံးမှုများ မဖြစ်ပေါ်စေရန် ပွင့်လင်းမြင်သာစွာ ကြိုတင်အသိ ပေးရခြင်း ဖြစ်ပါသည်။ 
ခုံအဖွဲ့သို့   တင်သွင်းလျှောက်ထားလာသော လွှဲအပ်မှုများနှင့်စပ်လျဉ်း၍    ဥပဒေကြောင်းအရ ဖြေရှင်းရန်ကိစ္စပေါ်ပေါက်သောကြောင့် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ လွှဲအပ်၍ အဆုံးအဖြတ် ခံယူနိုင်ရန် တင်ပြသည့်အမှုများတွင် ဥပဒေရေးရာ ပြဿနာ အမှန်တကယ်ပေါ်ပေါက်ရန် လိုအပ်ပါ သည်။ ထိုသို့ ဥပဒေကြောင်းအရ ဖြေရှင်းရန် လိုအပ် သော တွေ့ရှိချက်များကို  လွှဲအပ်မှုလျှောက်ထား သည့် ပုံစံ အခယ-၃ ဖြင့် ပြည့်စုံစွာတင်ပြရန် ဖြစ်ပါ သည်။ ယင်းတင်ပြချက်ကို ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်အားလုံး ပါဝင်သော စုံညီခုံအဖွဲ့က ကြားနာစိစစ်ပြီး အခွန် အယူခံခုံအဖွဲ့ဥပဒေ ပုဒ်မ ၁၂ နှင့်   ၁၃  တို့အရ ဆက်လက်ဆောင်ရွက်ကြမည်       ဖြစ်ပါသည်။ ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့    လွှဲအပ် ပေးပို့သည့် လွှဲအပ်မှုအတွက် ပြည်ထောင်စုတရား လွှတ်တော်ချုပ်၏ ဆုံးဖြတ်ချက်ကို လက်ခံရရှိသည့် အခါ ၎င်းဆုံးဖြတ်ချက်နှင့်အညီ ခုံအဖွဲ့က   အမှုကို  ပြီးပြတ်အောင် ဆောင်ရွက်ရပါသည်။ 
အခွန်အယူခံခုံအဖွဲ့သည် သတ်မှတ်ချက်များ နှင့်အညီ တင်ပြလျှောက်ထားလာသော အမှုများကို ဥပဒေနှင့်အညီ    အဂတိတရားကင်းရှင်းစွာဖြင့် ကြားနာစီရင်ဆောင်ရွက်ရာတွင် အခွန်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများ၏   ဆောင်ရွက်ချက်များသည် ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ဆောင်ရွက် ထားခြင်းဖြစ်ကြောင်း ပေါ်ပေါက်ပါက ယင်းအချက် ကို ဖော်ပြလျက် လျှောက်ထားသူ   နိုင်ငံသားနှင့် အခွန်ထမ်းများအား ညွှန်ပြအသိပေးခြင်းဖြင့် ဥပဒေ နှင့်ညီညွတ်သော အခွန်စီမံခန့်ခွဲမှုကို   ပေါ်လွင် ထင်ရှားစေပါသည်။   ကြားနာစိစစ်ချက်များအရ နိုင်ငံသား/အခွန်ထမ်းများ၏ နစ်နာဆုံးရှုံးမှု တစ်စုံ တစ်ရာပေါ်ပေါက်ကြောင်း တွေ့ရှိရပါက သက်ဆိုင်ရာ ဌာန၊ အဖွဲ့အစည်းများအနေဖြင့် ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ ပြန်လည်ဆောင်ရွက်နိုင်ရန် တည့်မတ်ပေးခြင်းဖြင့် မျှတမှု အခွင့်အရေးများကို ဖော်ဆောင်ပေးလျက်ရှိပါသည်။ 
ပြည်ထောင်စု၏  အခွန်အကောက်ဥပဒေအရ ပြည်ထောင်စုအစိုးရက   ပြည်ထောင်စုအတွက် ကောက်ခံသည့် အခွန်၊ အခ၊ လိုင်စင်ကြေး၊ ပါမစ် ကြေးနှင့် ဒဏ်ကြေးငွေများ၊ ပြည်ထောင်စု၏ အခွန် အကောက်ဥပဒေ ဇယား(၁)ပါ အခွန်အကောက် အားလုံးနှင့် အကောက်ခွန်စသည့်   အခွန်များနှင့် စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများ၊ အဖွဲ့အစည်းများ က ချမှတ်သည့် အခွန်ဆိုင်ရာ အပြီးသတ်ဆုံးဖြတ် ချက်/အမိန့်တစ်ခုခုအပေါ် မကျေနပ်လျှင် အခွန် အယူခံခုံအဖွဲ့သို့   အယူခံတင်ပြလျှောက်ထားနိုင် သော်လည်း အခွန်အယူခံခုံအဖွဲ့၏  သုံးနှစ်ကျော် သက်တမ်းကာလအတွင်း ပြည်တွင်းအခွန်များ ဦးစီး ဌာနက  စည်းကြပ်ကောက်ခံသော    ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊    အထူးကုန်စည်ခွန်နှင့် အကောက်ခွန်ဦးစီးဌာနက ချမှတ်သော အကောက် ခွန်ဆိုင်ရာ အမိန့်များ၊ အရေးယူဆောင်ရွက်မှုများ အပေါ်တွင် တင်ပြလျှောက်ထားသောအမှုများကိုသာ လက်ခံကြားနာစစ်ဆေး ဆောင်ရွက်ခဲ့ရသည်ကို တွေ့ရှိရပါသည်။ 
အမှုစုစုပေါင်းအရေအတွက်
သို့ဖြစ်ပါ၍ သက်တမ်းသုံးနှစ်ကျော်  ကာလ အတွင်း အခွန်အယူခံခုံအဖွဲ့သို့ တင်သွင်းလျှောက် ထားကြသော အမှုစုစုပေါင်းအရေအတွက်မှာ အယူ ခံမှု ၁၁၅ မှု၊ ပြင်ဆင်မှုတစ်မှု၊   ပြန်လည်သုံးသပ်မှု ၄၃ မှုနှင့် လွှဲအပ်မှု ၁၃ မှုတို့ကို ကြားနာဆုံးဖြတ် ခဲ့ပါသည်။ ဘဏ္ဍာနှစ်အလိုက် အခွန်အယူခံခုံအဖွဲ့သို့ တင်ပြလျှောက်ထားသော အမှုများမှာ ၂၀၁၉- ၂၀၂၀ ဘဏ္ဍာနှစ် (၂၂-၆-၂၀၂၀ မှ ၃၀-၉-၂၀၂၀ အထိ) တွင် အကောက်ခွန်အယူခံမှု ခုနစ်မှု၊ အကောက်ခွန် ပြန်လည်သုံးသပ်မှု သုံးမှု၊ စုစုပေါင်း ၁၀ မှု၊ ၂၀၂၀- ၂၀၂၁ ဘဏ္ဍာနှစ်အတွင်း အကောက်ခွန်အယူခံမှု ၃၄ မှု၊ အကောက်ခွန်ပြင်ဆင်မှု တစ်မှု၊ အကောက် ခွန်ပြန်လည်သုံးသပ်မှု လေးမှု၊  စုစုပေါင်း ၃၉ မှု၊ ဝင်ငွေခွန်အယူခံမှု သုံးမှု၊ ကုန်သွယ်လုပ်ငန်းခွန် အယူခံမှု တစ်မှု၊ ၂၀၂၁ -၂၀၂၂ ဘဏ္ဍာနှစ်အတွင်း အကောက်ခွန်အယူခံမှု ၁၄ မှု၊   အကောက်ခွန် ပြန်လည်သုံးသပ်မှု ၁၉ မှု၊  အကောက်ခွန်လွှဲအပ်မှု နှစ်မှု၊ စုစုပေါင်း ၃၅ မှု၊ ဝင်ငွေခွန်အယူခံမှု တစ်မှု၊ အထူးကုန်စည်ခွန်အယူခံမှု တစ်မှု၊ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာနှစ်အတွင်း အကောက်ခွန်အယူခံမှု ၃၃ မှု၊ အကောက်ခွန်ပြန်လည်သုံးသပ်မှု ၁၇ မှု၊ အကောက် ခွန်လွှဲအပ်မှု ခြောက်မှု၊ စုစုပေါင်း ၅၆ မှု၊ ဝင်ငွေခွန် အယူခံမှု ၁၅ မှု၊ ဝင်ငွေခွန် လွှဲအပ်မှု ငါးမှု၊ စုစုပေါင်း  အမှု၂၀၊ ကုန်သွယ်လုပ်ငန်းခွန်အယူခံမှု ခြောက်မှု တို့ ဖြစ်ပါသည်။
အခွန်အယူခံခုံအဖွဲ့သည် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာ ရေးနှစ်၊ ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်၊ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာရေးနှစ်   (၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ်   မတ်လအထိ (ခြောက်လအတွက်))၊ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်များအတွင်း ဆောင်ရွက် ခဲ့သည့် အခွန်အယူခံဆိုင်ရာ    ကြားနာမှုများနှင့် ပတ်သက်သည့်    အစီရင်ခံစာကို      သက်ဆိုင်ရာ ဘဏ္ဍာရေးနှစ်ကုန်ဆုံးပြီး ရက်ပေါင်း ၉၀ အတွင်း ပြည်ထောင်စုအစိုးရအဖွဲ့သို့ တင်ပြ၍ အများပြည်သူ သိရှိစေရန် ထုတ်ပြန်ခြင်းတို့   ဆောင်ရွက်နိုင်ခဲ့ ပါသည်။
အခွန်အယူခံခုံအဖွဲ့သည် နိုင်ငံသားနှင့် အခွန် ထမ်းများက လိုလားတောင့်တသည့် “တရားမျှတမှု၊ ခုခံချေပနိုင်မှုနှင့် အခွန်အယူခံနိုင်မှု” အခွင့်အရေး များကို ဖြည့်ဆည်းရာတွင် “ယုံကြည်မျှတမှန်ကန် အခွန်အယူခံ”ဟူသော ဆောင်ပုဒ်နှင့်အညီ ထိရောက် စွာ အကောင်အထည်ဖော်နိုင်ရေးအတွက်   အခွန် အယူခံခုံအဖွဲ့၏ မဟာဗျူဟာ၊  နည်းဗျူဟာနှင့် လုပ်ငန်းအစီအစဉ်များ ၂၀၂၃ အား ရေးဆွဲချမှတ်ခဲ့ ပါသည်။
မဟာဗျူဟာ၊ နည်းဗျူဟာနှင့် လုပ်ငန်းအစီအစဉ် များ ၂၀၂၃ ၏ မျှော်မှန်းချက် (Vision) မှာ ပွင့်လင်း မြင်သာပြီး မျှတမှန်ကန်သည့် အခွန်အယူခံစနစ်ဖြင့် နိုင်ငံသားနှင့် အခွန်ထမ်းများ၏ ယုံကြည်အားထား မှုကို မြှင့်တင်ရန် ဖြစ်ပါသည်။ 
ခုံအဖွဲ့၏ သက်တမ်း နှစ်နှစ်တာကာလအတွင်း ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်မှ ၂၀၂၁ - ၂၀၂၂ ဘဏ္ဍာ ရေးနှစ်အထိ ပထမအကြိမ် မဟာဗျူဟာစီမံကိန်းကို ရေးဆွဲအကောင်အထည်ဖော်   ဆောင်ရွက်ခဲ့ပြီး အောင်မြင်ပြီးမြောက်အောင် ဆောင်ရွက်နိုင်သည့် လုပ်ငန်းစဉ်များရှိသကဲ့သို့ ဆက်လက်ဆောင်ရွက် ရဦးမည့် လုပ်ငန်းစဉ်များနှင့်   အကောင်အထည် မဖော်နိုင်သေးသော လုပ်ငန်းစဉ်များကို   စိစစ် ဖော်ထုတ်လျက် မဟာဗျူဟာစီမံကိန်း ၂၀၂၃ ကို ဒုတိယအကြိမ် ထပ်မံရေးဆွဲ အကောင်အထည်ဖော် လျက်ရှိပါသည်။ 
နိုင်ငံတကာစံနှုန်းများနှင့်အညီ ခေတ်မီတိုးတက်ရေး
အခွန်အယူခံခုံအဖွဲ့၏ မျှော်မှန်းချက်၊ ရည်မှန်း ချက်နှင့် တန်ဖိုးများ ရရှိအောင်မြင်စေရန်အတွက် မဟာဗျူဟာ လုပ်ငန်းနယ်ပယ်လေးရပ်အဖြစ် အခွန် စီမံခန့်ခွဲမှုစနစ်အပေါ် နိုင်ငံသားနှင့် အခွန်ထမ်း များ၏ ယုံကြည်မှုတိုးတက်လာစေရေး၊ အခွန်အယူခံ ခုံအဖွဲ့သို့ တင်သွင်းသောအမှုများအား   ကြားနာ ဆုံးဖြတ်ရာတွင် မှန်ကန်မျှတစေရေး၊ အခွန်အယူခံခုံ အဖွဲ့နှင့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်မြှင့်တင် ရေးနှင့် နိုင်ငံတကာနှင့် ဒေသတွင်းအခွန်အယူခံခုံ အဖွဲ့များနှင့် ချိတ်ဆက်ပူးပေါင်း၍    အခွန်အယူခံ ခုံအဖွဲ့အား နိုင်ငံတကာစံနှုန်းများနှင့်အညီ ခေတ်မီ တိုးတက်အောင်ဆောင်ရွက်ရေး     စသည်ဖြင့် သတ်မှတ်၍   အကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါသည်။ နိုင်ငံတကာနှင့် ဒေသတွင်းအခွန် အယူခံဆိုင်ရာ လုပ်ငန်းစဉ်များကို လေ့လာဆန်းစစ် ခြင်းမှ ရရှိလာမည့်    အသိပညာဗဟုသုတအပေါ် အခြေခံ၍ နိုင်ငံတော်၏ အခွန်အကောက်ဆိုင်ရာ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များတွင် အထောက် အကူပြုနိုင်ရေးအတွက် အခွန်အယူခံခုံအဖွဲ့အနေဖြင့်  မဟာဗျူဟာ လုပ်ငန်းစဉ်တစ်ရပ်အဖြစ် ရည်မှန်းဖော်ပြထားခြင်းဖြစ်ပါသည်။ 
အခွန်အယူခံခုံအဖွဲ့သို့ တင်သွင်းလျှောက်ထား လာသည့် အယူခံမှု၊ ပြင်ဆင်မှု၊ ပြန်လည်သုံးသပ်မှု၊ လွှဲအပ်မှုတို့နှင့် စပ်လျဉ်းသည့် လျှောက်ထားချက် များကို လက်ခံရရှိသည့် အချိန်မှစ၍ စီရင်ဆုံးဖြတ် ချက် ချမှတ်ပြီးနောက် အမှုတွဲများကို အမှုမှတ်တမ်း ခန်း၌ ထိန်းသိမ်းထားရှိသည့်အချိန်အထိ ရုံးလုပ်ငန်း စဉ်များကို စနစ်တကျ ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရုံးလုပ်ထုံးလုပ်နည်း စံသတ်မှတ်ချက် Standard Operating Procedures (SOP) ကို    ရေးဆွဲ ဆောင်ရွက်လျက်ရှိပါသည်။
အနာဂတ်တွင် အခွန်အယူခံခုံအဖွဲ့ရုံး၌ တာဝန် ထမ်းဆောင်ကြမည့် မျိုးဆက်သစ် လူငယ်၊ လူရွယ် ဝန်ထမ်းများအနေဖြင့်   ဤရုံးလုပ်ထုံးလုပ်နည်း စံသတ်မှတ်ချက် လုပ်ငန်းစဉ်များကို သိရှိခြင်းဖြင့် လုပ်ငန်းများကို ပိုမိုလျင်မြန်လွယ်ကူစွာ ဆောင်ရွက် နိုင်ခြင်း၊     စံချိန်စံနှုန်းမီလုပ်ငန်းစဉ်များအဖြစ် စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်ခြင်း၊ ဖြစ်စဉ်တစ်ခု ချင်းစီတိုင်းအတွက် ဝန်ထမ်းများ၏ အရည်အသွေး ပိုင်းနှင့် ကျွမ်းကျင်မှုပိုင်းကို ထင်ရှားစွာ ရှာဖွေတွေ့ရှိ နိုင်ခြင်းစသည့်အကျိုးကျေးဇူးများ    ရရှိနိုင်မည် ဖြစ်သည့်အပြင် နိုင်ငံတော်နှင့် အများပြည်သူ၊ အခွန် ထမ်းများ၏ အကျိုးစီးပွားကို ထိထိရောက်ရောက် ဆောင်ရွက်နိုင်ပြီး နိုင်ငံသားနှင့် အခွန်ထမ်းများ၏ ယုံကြည်မှုကို ပိုမိုရရှိစေမည်ဟု ယုံကြည်ပါသည်။ 
အခွန်အယူခံခုံအဖွဲ့ရုံး၏ ၂၉-၁၀- ၂၀၂၃ ရက် တွင်   ကျရောက်သည့် နှစ်ပတ်လည်အထိမ်းအမှတ် နေ့ကို ဂုဏ်ပြုသောအားဖြင့် အခွန်အယူခံခုံအဖွဲ့၏ သုံးနှစ်ကျော်ကာလအတွင်း ဆောင်ရွက်ချက်များ၊ ရှေ့ကာလများတွင် ဆက်လက်ကြိုးပမ်းဆောင်ရွက် မည့် လုပ်ငန်းစဉ်များကို အများပြည်သူသိရှိနိုင်ရန် တင်ပြလိုက်ရပါသည်။    အခွန်အယူခံခုံအဖွဲ့ရုံး၏ သက်တမ်းရာကျော် ရှည်သည့်တိုင် နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးကို ဆတက်ထမ်းပိုး သယ်ပိုး ရွက်ဆောင်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်း လျက် …။                 ။
 

ရည်ညွှန်းကိုးကား
    -    အခွန်အယူခံခုံအဖွဲ့ဥပဒေနှင့်   အခွန်အယူခံ ခုံအဖွဲ့နည်းဥပဒေများ
    -    အခွန်အယူခံခုံအဖွဲ့၏ ညွှန်ကြားချက်များ
    -    ဦးမြ၊ တရားမကျင့်ထုံးဥပဒေ
    -    ၂၀၀၄ ခုနှစ်၊ မေလ  ၁၉   ရက်နေ့ထုတ်  ကြေးမုံသတင်းစာပါ အမျိုးသားညီလာခံ စုံညီအစည်းအဝေး သတင်းဖော်ပြချက်
    -    အခွန်အယူခံခုံအဖွဲ့၏  ဘဏ္ဍာနှစ်အလိုက် အခွန်အယူခံဆိုင်ရာ ကြားနာမှုအစီရင်ခံစာ
    -    အခွန်အယူခံခုံအဖွဲ့၏       မဟာဗျူဟာ၊ နည်းဗျူဟာနှင့်   လုပ်ငန်းအစီအစဉ်များ (၂၀၂၃ ခုနှစ်)