အချက်ပေး ခေါင်းလောင်းသံ

Type
5

 

ကောင်းအောင်
 

 

ဝေးခြင်း နီးခြင်းဆိုသည်မှာ ပညတ်ချက်တစ်ခုသာဖြစ်ပြီး ကာယကံရှင်၏ခံယူမှုအပေါ်တွင်သာ မူတည်သည်ဟု ဆိုချင်ပါသည်။ တစ်ခါတစ်ရံ ဝေးနေသော်လည်း ကိုယ်နှင့် နီးနီးလေးလို ဖြစ်နေတတ်ပြီး တစ်ခါတလေ ကိုယ်နှင့် နီးနီးကလေးရှိသော်လည်း ‌ဝေးနေသလိုဖြစ်နေတာမျိုးလည်း ကြုံရတတ်သည်။ ယခုအခါ အဝေးတစ်နေရာတွင် ခေါင်းလောင်းသံတစ်ခု ထွက်ပေါ်နေပါသည်။

 

ထိုခေါင်းလောင်းသံသည် နာပျော်ဖွယ် ရိုးရိုးခေါင်းလောင်းသံ မဟုတ်ဘဲ အရေးကြီးသည့် အချက်ပေး ခေါင်းလောင်းသံဖြစ်ပါသည်။   အ‌‌ဝေးကဆိုသော်လည်း သေချာစွာ နားစိုက်ထောင်ကြည့်ပါက ထိုအချက်ပေးခေါင်းလောင်းသံကို ပီသစွာ ကြားနိုင် မည်ဖြစ်သည်။ သတိမမူသူ အဖို့တော့ ထိုခေါင်းလောင်းသံကို ကြားလိမ့်မည်မဟုတ်ပေ။
 

 

အချက်ပေးခေါင်းလောင်းသံ သို့မဟုတ် 
သတိမူရမည့်သတင်း 


တစ်နည်းအားဖြင့်  ကမ္ဘာကြီးကို    တစ္ဆေ တစ်ကောင်လို ‌ ခြောက်လှန့်ခဲ့သော  Pandemic ၏  တစ်ကျော့ပြန်  ခြေသံလည်းဖြစ်သည်။   ထို သတင်းသည်ကား ကမ္ဘာ့နိုင်ငံအချို့တွင် အိုမီခရွန် ၏ ဗိုင်းရပ်စ်မျိုးကွဲဖြစ်သော  BA.4 နှင့် BA.5  တို့ စတင်ပျံ့နှံ့လာနေခြင်းပင်ဖြစ်သည်။ မေလ ၁၇ ရက် နေ့က တောင်ကိုရီးယား ရောဂါထိန်းချုပ်ရေး ဗဟို စင်တာ CDC က တောင်အာဖရိကဘက်မှ ဝင်လာ သည့် ခရီးသွားတစ်ဦးတွင် BA.4 မျိုးကွဲကူးစက်ထား ကြောင်းနှင့် BA.5 ကူးစက်ထားသူနှစ်ဦးလည်း ရှိနေသည်ဟု ထုတ်ပြန်ကြောင်း KBS World News က ရေးသားသည်။ မျိုးကွဲနှစ်ခုစလုံးသည် ကူးစက်မှု မြင့်မားသော်လည်း လက္ခဏာပြင်းထန်မှုက မူရင်း အိုမီခရွန်မျိုးကွဲနှင့် ကြီးကြီးမားမား ကွာခြားခြင်း မရှိဟု သိရသည်။ ယခုအခါ တောင်ကိုရီးယားနိုင်ငံ တွင် BA.2.12.1 ကူးစက်ထားသူ ၁၃ ဦး ထပ်မံတွေ့ရှိ ခဲ့သည့်အတွက် ထိုမျိုးကွဲ ကူးစက်ခံရသူ စုစုပေါင်း ၁၉ ဦးအထိရှိလာခဲ့ပြီဖြစ်သည်။ ထပ်တိုး ၁၃ ဦး အနက် နှစ်ဦးမှာ ပြည်တွင်း၌ ကူးစက်ခံရသူဖြစ်သည်။ ထို့ပြင်  အိုမီခရွန်ဟုခေါ်သည့်   ပေါင်းစပ်မျိုးကွဲ ကူးစက်ခံရသူနှစ်ဦးလည်း ထပ်မံတွေ့ထားပြီး XQ၊ XE ၊ XM စသည့် ပေါင်းစပ်မျိုးကွဲ ကူးစက်ခံထားရသူ စုစုပေါင်း ရှစ်ဦးရှိလာပြီဟု သတင်းရေးထားသည်။

 


တောင်ကိုရီးယားမှ အိုမီခရွန်၏   ဗိုင်းရပ်စ် မျိုးကွဲအကြောင်းကိုဖတ်ပြီး ငါတို့နိုင်ငံနှင့် ‌ဝေးသေး တာပဲဟု စိတ်ကိုဖော့၍  တွေးလို့မှ  မဆုံးသေးခင် စင်ကာပူသတင်းတစ်ပုဒ်က ခေါင်းထောင်ထလာ သည်။ စင်ကာပူနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွား သူများအထဲမှ သုံးဦးတွင် အိုမီခရွန်မျိုးကွဲ BA.4 နှင့် BA.5 နှစ်မျိုး ပထမဆုံးတွေ့ရှိကြောင်း စင်ကာပူ ကျန်းမာရေးဌာနက ထုတ်ပြန်လာသည့် သတင်းပင် ဖြစ်သည်။ မိမိတို့နိုင်ငံနှင့် တဖြည်းဖြည်းနီးကပ်လာ နေသော အိုမီခရွန်မျိုးကွဲ BA.4 နှင့် BA.5  တို့ကို သည်တစ်ခါတော့ ဖော့တွေး၍ မဖြစ်တော့။ သို့နှင့် ယင်းမျိုးကွဲ  ဗိုင်းရပ်စ်များအကြောင်းကို WHO က ဘာပြောလဲဟု သိချင်လာမိသည်။ WHO ၏ သုံးသပ် ချက်သည် အရေးမပါသော သုံးသပ်ချက်သာဖြစ်ပါစေ ဟုလည်း စိတ်ထဲကနေ တိတ်တခိုး ဆုတောင်းနေမိ သည်။  သို့သော် ...။

 


အနာဂတ်အတွက်စိုးရိမ်ရသော 
ကိုဗစ်ရောဂါမျိုးကွဲ


ကိုဗစ်ရောဂါကိုဖြစ်စေသည့် ဗိုင်းရပ်စ်မျိုးကွဲ များ အသစ်ထပ်မံထွက်ပေါ်နေပြီး အိုမီခရွန်မျိုးကွဲ များ ဖြစ်သည့် BA.4 နှင့် BA.5 အမျိုးအစားများသည် စိုးရိမ်စရာမျိုးကွဲများဖြစ်ကာ ကိုယ်ခံစွမ်းအားစနစ် ပေါ်မူတည်၍ သေဆုံးနိုင်ခြေနှင့် ရောဂါပြင်းထန်စွာ ကုသနိုင်ရသည့်    အခြေအနေ  ရှိလာနိုင်သဖြင့် အနာဂတ်အတွက်စိုးရိမ်ရသော ကိုဗစ်ရောဂါမျိုးကွဲ များဖြစ်သည်ဟု WHO က အသိပေးပြောကြားထား သည်။ ထို့ပြင် ၂၀၂၁ ခုနှစ်နှင့် ၂၀၂၂ခုနှစ် ကာလ များအတွင်း ကမ္ဘာ့နိုင်ငံအနှံ့၌ ကိုဗစ်-၁၉ ရောဂါ နှင့် ဆက်စပ်ပြီး သေဆုံးသူပေါင်း ၁၅သန်းခန့်ရှိသည် ဟုလည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ၏ ယခုလ အတွင်း  ထုတ်ပြန်ချက်တွင်  ဖော်ပြထားသည်။ အလားတူ  ကိုဗစ်ကပ်ရောဂါ     ထိန်းချုပ်ရေးသည် လက်ရှိအခြေအနေတွင် ခက်ခဲနေဆဲဖြစ်ကာ ကမ္ဘာ တစ်ဝန်းတွင်လည်း ရောဂါကာကွယ်ထိန်းချုပ်ရေး နှင့် ကုသရေးအတွက် အဓိကကျသည့် သုတေသန စမ်းသပ်မှုများ  ကျဆင်းနေသည်ဟု   သိရသည်။  ကိုဗစ်ကူးစက်မှုကို  လျှော့ချရန်နှင့်   စောင့်ကြည့် စစ်ဆေးရန်အတွက် သုတေသနများ ပိုမိုလုပ်ဆောင် ရန် လိုအပ်နေသေးကြောင်းကိုလည်း ကမ္ဘာ့ကျန်းမာ ရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင်  ထည့်သွင်းဖော်ပြ ထားသည်။ အစောပိုင်းကမူ ကမ္ဘာ့နိုင်ငံအသီးသီး၌ ကိုဗစ်-၁၉  ရောဂါဖြစ်ပွားမှု လျော့နည်းလာခြင်း သည် ရောဂါကင်းစင်ခြင်းမဟုတ်ဘဲ အခိုက်အတန့် သာ  မှေးမှိန်နေခြင်းသဘောဖြစ်၍  မပေါ့ဆကြရန် WHO က သတိပေးထားခဲ့သေးသည်။ 

 


ဟိုမှာ..သည်မှာ ကိုဗစ်ရောဂါ


ထိုသို့  သတိပေးမှုအပြီး   မရှေးမနှောင်းမှာပင် မြောက်ကိုရီးယားနိုင်ငံ၌   ဧပြီလကုန်အတွင်းက ဖျားနာသူ ၁ ဒသမ ၇ သန်းကျော် ရှိခဲ့ပြီး မေ ၁၈ ရက်တွင် ဖျားနာသူ  ၂ သိန်း  ၃ သောင်းကျော် ရှိကြောင်း KCNA သတင်းဌာနက  ထုတ်ပြန်သည်။ မြောက်ကိုရီးယားတွင် ယခုအချိန်အထိ  ကိုဗစ်-၁၉  ရောဂါနှင့်သေဆုံးသူ ၆၂ ဦးရှိပြီဖြစ်သည်။

 


တရုတ်နိုင်ငံ၏ အကြီးဆုံးမြို့ဖြစ်သော ရှန်ဟိုင်း မြို့တွင်  ကိုဗစ်ကင်းစင်ပြီဟု  အာဏာပိုင်များက ကြေညာလိုက်သော်လည်း မြို့နေလူဦးရေ ၂၅ သန်း မှာ စည်းကမ်းတင်းကျပ်မှုများအောက်တွင် ကျရောက် နေဆဲဖြစ်ကာ လူဦးရေ လေးသန်းနီးပါးမှာ တင်းကျပ် သည့်   လော့ဒေါင်းစည်းမျဉ်းများနှင့်   အတူတကွ နေထိုင်နေရဆဲဖြစ်သည်။ အလားတူ  မြို့တော် ပေကျင်းတွင်လည်း ‌ရောဂါကူးစက်မှုများ မြင့်တက် လာပြီးနောက်ပိုင်း    လူအများအပြား    နေအိမ်မှ   အလုပ်လုပ်နေရဆဲဖြစ်ကာ    နေ့စဉ်     ကျန်းမာရေး စစ်ဆေးမှုများကို ခံယူနေကြရသည်။

 


အိုမီခရွန်မျိုးကွဲ  BA.4 နှင့်BA.5 နှစ်မျိုးကို အမေရိကန်ပြည်ထောင်စုတွင် စတင်‌ခြေရာခံမိခဲ့ပြီး တောင်အာဖရိကတွင် အစောဆုံးတွေ့ရှိခဲ့ခြင်း ဖြစ် သည်။ တောင်အာဖရိကတွင် တစ်ရက်တည်းမှာပင် ကိုဗစ်ကူးစက်မှု ၄၀၀၀ နီးပါး တွေ့ရသည်။ မူလ အိုမီခရွန်မျိုးကွဲ BA.1 နှင့် BA.2 တို့သည် ရောဂါမပြင်း ထန်သော်လည်း ယခု အိုမီခရွန်မျိုးကွဲ  BA.4 နှင့် BA.5 တို့မှာ ပိုမိုကူးစက်နိုင်စေသော Spike Protein တွင် ဗီဇပြောင်းလဲမှုများ ပါရှိသည့်အပြင်  စိုးရိမ်ရ သည့်မျိုးကွဲများဖြစ်သည်။ 

 


ကြိုတင်ကာကွယ် အန္တရာယ်


ကမ္ဘာ့ကျန်းမာရေးပညာရှင်များ၏ သုံးသပ်ချက် အရ အိုမီခရွန်မျိုးကွဲ BA.4 နှင့် BA.5 တို့ကို တုံ့ပြန် ရန်မှာ ခုခံကာကွယ်ဆေး ထိုးနှံထားခြင်းပင်  ဖြစ် သည်။ ယင်းကဲ့သို့  ထိုးနှံထားခြင်းသည်  ကူးစက်မှု ကို မကာကွယ်သော်လည်း  ပြင်းထန်သောရောဂါ လက္ခဏာနှင့် ခံစားရမှုတို့ကိုမူ ခုခံနိုင်စွမ်းရှိသည်။ ဒုတိယအချက်က နှာခေါင်းစည်းကို စနစ်တကျတပ် ရန်ဖြစ်သည်။ အများပြည်သူတွေနှင့်ဆိုင်သည့် နေရာ မျိုးသို့ သွားမည်ဆိုပါက သုံးလွှာပါသည့် တစ်ခါသုံး နှာခေါင်းစည်းနှင့် N95 နှာခေါင်းစည်းများတပ်ရန် လိုပါသည်။  သုတေသီများ၏အဆိုအရ    N95 နှာခေါင်းစည်းသည် အမှုန်အမွှားများကို ၉၉ ရာခိုင် နှုန်းအထိ   နှာခေါင်းနှင့်ပါးစပ်ထဲ   မဝင်အောင် တားဆီးပေးနိုင်သည်ဟု ဆိုသည်။

 


မိမိတို့နိုင်ငံသားများသည်  အကြောက်တရား အားနည်းသည်လား၊ ဗဟုသုတ ခေါင်းပါးသည်လား တော့ မပြောတတ်။ ယခုအခါ အများသုံးဘတ်စ်ကား ပေါ်တွင်  လူ ၁၀ ယောက်လျှင်   ခြောက်ယောက် လောက်က နှာခေါင်းစည်းမတပ်ကြတော့။ ကာကွယ် ဆေးကိုလည်း လူတိုင်းစေ့ ၁၀၀ ရာခိုင်နှုန်း  မထိုးနှံကြ။ ထိုးနှံထားသူများကလည်း   ကျန်းမာရေးဌာန၏ ညွှန်ကြားမှုများကို   အပြည့်အ၀    မလိုက်နာဘဲ အချိန်မီ အကြိမ်ပြည့် ကာကွယ်ဆေးထိုးခြင်းမျိုး မဟုတ်ဘဲ ထိုးချင်သည့် အချိန်တွင် ထိုးချင်သလို ထိုးနေကြသည်။ တချို့ တစ်ကြိမ်သာထိုးပြီး ဒုတိယ အကြိမ် မထိုးရသေး။ တချို့ ဒုတိယအကြိမ်အထိပဲ ထိုးပြီး တတိယအကြိမ်ထိုးရမည့် အားဖြည့်ကာကွယ် ဆေးကို မထိုးကြတော့ပြန်။ တစ်ခါသေဖူး  ပျဉ်ဖိုး နားလည်ဆိုတာလို    မြန်မာနိုင်ငံအပေါ်   ကိုဗစ် တတိယလှိုင်း၏ ရိုက်ခတ်မှုကို ပြန်အမှတ်ရစေချင် သည်။ မကြာသေးသော ရင်နာစရာ ထိုအဖြစ်အပျက် များကို ပြန်မြင် ပြန်ခံစားပြီး အသိ၊ သတိရှိစေချင်ပါသည်။

 


မခေါ်ဘဲ လာမယ့်ဧည့်သည်


ကိုဗစ်ဗိုင်းရပ်စ် ကြောက်သော ပူပြင်းခြောက် သွေ့သည့်   နွေရာသီကား   ကုန်ဆုံးတော့မည်ဖြစ် သည်။  မကြာမီ   မိုးရာသီအတွင်းသို့    ချင်းနင်း ဝင်ရောက်ပေတော့မည်။  ထို   မိုးရာသီနှင့်အတူ လာနေကျ    တုပ်ကွေးဖြစ်စဉ်ကလည်း    မိမိတို့ ဆီသို့ ဆိုက်ဆိုက်မြိုက်မြိုက်  ရောက်လာပါဦးမည်။  ထို တုပ်ကွေးရာသီကို   ကိုဗစ်ဗိုင်းရပ်စ်များကလည်း  အလွန်ကြိုက်သော သဘာဝရှိပါသည်။

 


“ WHO က ဒီနှစ်အတွက် တုပ်ကွေးကာကွယ် ဆေး ပိုထိုးသင့်တယ် အကြံပြုထားပါတယ်။ ဘာလို့ လဲဆိုတော့ နိုင်ငံတော်တော်များများက ခရီးသွားလာ ခွင့်ကို ပြန်ဖွင့်လိုက်တော့ တုပ်ကွေးပျံ့နှံ့မှုနှုန်း အရင် နှစ်ကထက် ပိုများနိုင်ခြေရှိလို့ပါပဲ။ Twindemic လို့ခေါ်တဲ့ တုပ်ကွေးရယ်၊ ကိုဗစ်ရယ် နှစ်မျိုးပေါင်း ပျံ့နှံ့နိုင်ခြေရှိပါတယ်။ အထူးသဖြင့် သက်ကြီးရွယ်အို နဲ့ ရောဂါအခံရှိသူတွေအတွက် ပိုအရေးကြီးပါတယ်” ဟု ဝိချိုင်ဝေ့ဆေးရုံ(မြန်မာပြည်ရုံးချုပ်) တာဝန်ကျ ဆရာဝန်တစ်ဦးက ပြောသည်။ 
ယခုအခါ နိုင်ငံတော်ကလည်း ပြည်ပခရီးသွား များကို ပြည်ဝင်ခွင့်များပေး၍ စတင်ဖိတ်ခေါ်နေပါ သည်။  ကိုဗစ်စည်းကမ်းနှင့်အညီ   ဆိုသော်လည်း တရားမဝင်  ဝင်ရောက်လာသူများလည်း    ရှိနိုင် သေးသဖြင့်  မပြေးသော်  ကန်ရာရှိဆိုသလို ထို အထဲက  ပိုးသယ်ဆောင်လာသူ  ဘယ်နှယောက် လွတ်ထွက်ကာ ဘယ်လိုတွေ  ကူးစက်ပျံ့နှံ့မည်ဆိုသည်ကို    မသိ တတ်နိုင်။  လူနေမှုထူထပ်သော၊  စားဝတ်နေရေး အရ သွားလာလှုပ် ရှားနေကြရာ၌ တစ်ဦးနှင့် တစ်ဦး  နှစ်မီတာ (ခြောက်ပေ) အကွာတွင်   နေနိုင်ရန် ခဲယဉ်းသော၊ ကျန်းမာရေးစောင့်ရှောက်မှုခံယူရန် အားနည်းသော၊ သက်ဆိုင်ရာက   ထုတ်ပြန်ထား သည့် ကိုဗစ်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းများကို လိုက်နာရန် တွန့်ဆုတ်သော  မိမိတို့ တိုင်းပြည်သို့ အိုမီခရွန်မျိုးကွဲ  BA.4 နှင့်  BA.5  တို့၊  Twindemic   တို့သာ  မဖိတ်ခေါ်ဘဲ  ရောက်လာခဲ့မည် ဆိုပါက ...။    

 


ကာကွယ်ခြင်းသာ အခရာ


နိုင်ငံအတွင်း      ကူးစက်ဖြစ်ပွားနေသော ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ကုသ၊ ထိန်းချုပ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက် လျက်ရှိရာ     ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ အောင်မြင်နိုင်ရေးအတွက် ပြည်သူလူထုအနေဖြင့် ကျန်းမာရေးဝန်ကြီးဌာနမှ   ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ စည်းကမ်းများကို စနစ်တကျ လိုက်နာဆောင်ရွက်ရန် လိုအပ်ပြီး ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံမှုခံယူခြင်း ကို အထူးဂရုပြု ပူးပေါင်းဆောင်ရွက်ကြရန်လိုအပ် ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက မေ ၁၈ ရက်  ည ၈ နာရီ ထုတ်ပြန်ချက်တွင် ထည့်သွင်းသတိပေး ထားသည်။ 

 


အလားတူ ကျန်းမာရေးလောက၏ အကောင်းဆုံး ဆောင်ပုဒ်ဖြစ်သော “ ကာကွယ်ခြင်းသည် ကုသ ခြင်းထက် ပိုကောင်း၏” ဆိုသကဲ့သို့   ကိုဗစ်-၁၉ ရောဂါကို ကာကွယ်ရန် (၁) ကာကွယ်ဆေး အကြိမ် ပြည့်မီအောင် အချိန်မီထိုးနှံခြင်း၊ (၂) အရည်အသွေး ပြည့်မီသော ပါးစပ်နှင့် နှာခေါင်းစည်းကို စနစ်တကျ တပ်ဆင်ခြင်း၊ (၃) အလုံပိတ်နေရာများကို ရှောင်ကြဉ်ခြင်း၊ (၄) လက်ကို မကြာခဏ   ဆေးကြောသန့်စင်ခြင်း၊ (၅) တစ်ဦးနှင့်တစ်ဦး ခြောက်ပေအကွာတွင် နေထိုင် ခြင်း၊ (၆) မိမိတို့ ကိုင်တွယ်အသုံးပြုမည့်ပစ္စည်း များကို ပိုးသတ်သန့်စင်ခြင်းများကို ပြုလုပ်ကြရပါ မည်။

 


သို့ဖြစ်ပါသောကြောင့်  မိမိတို့   ပြည်သူတစ်ဦး တစ်ယောက်ချင်းစီ  အသိရှိရှိဖြင့်   သတိတရားကို လက်ကိုင်ထားကာ    ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသောစည်းကမ်းများကို   မလွဲမသွေ လိုက်နာကြမည်ဆိုပါက   လာလတ္တံ့သော    ကိုဗစ် မည်သည့်လှိုင်းကိုမဆို ကြောက်စရာလိုမည် မဟုတ် ပါကြောင်း ရေးသားလိုက်ရပါသည်။      ။