အချိုးကျကိုယ်စားပြုစနစ် (Proportional Representation System - PR) အကြောင်းသိကောင်းစရာ စကားဝိုင်းဆွေးနွေးပွဲ

 

Presenter ။    ။    ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့်    မြဝတီရုပ်မြင်သံကြားဌာနတို့   ပူးပေါင်း၍ 
            မြန်မာနိုင်ငံ   ရွေးကောက်ပွဲများတွင်   အချိုးကျကိုယ်စားပြုစနစ်     (Proportional 
Representation – PR) ပြောင်းလဲကျင့်သုံးနိုင်ရေး စကားဝိုင်းဆွေးနွေးပွဲအစီအစဉ်ကို တင်ဆက်သွားမှာ ဖြစ်ပါတယ်။ ဒီအစီအစဉ်မှာ ပါဝင်ဆွေးနွေးပေးဖို့ ဖိတ်ကြားထားသူကတော့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ဦး ဖြစ်ပါတယ်။  အစီအစဉ်တင်ဆက်သူအဖြစ် ကျွန်တော် ဦးကျော်ဆွေ အောင်နှင့် ကျွန်မ  ဒေါ်ဖြိုးထက်ထက်အောင်တို့က ဆောင်ရွက်မှာ ဖြစ်ပါတယ်။
Presenter ။    ။ ကမ္ဘာ့နိုင်ငံအသီးသီးမှာ သမ္မတရွေးကောက်ပွဲများ၊   ဥပဒေပြုရေးဆိုင်ရာ   လွှတ်တော် 
        ရွေးကောက်ပွဲများ၊   မြူနီစီပယ်ရွေးကောက်ပွဲများ၊    ဒေသန္တရအုပ်ချုပ်ရေးဆိုင်ရာ 
ရွေးကောက်ပွဲများကို ကျင်းပရာတွင်   မိမိနိုင်ငံဖွဲ့စည်းပုံအခြေခံဥပဒေ၊  တည်ဆဲဥပဒေ၊  နိုင်ငံဖွဲ့စည်း တည်ဆောက်ပုံ၊ နိုင်ငံ၏ နိုင်ငံရေးသမိုင်းကြောင်းအခြေအနေတို့အပေါ်မူတည်၍ ရွေးကောက်ပွဲစနစ်များကို ရွေးချယ်ကျင့်သုံးကြောင်း သိရှိရပါတယ်။ ရွေးကောက်ပွဲစနစ်တစ်မျိုးတည်းကျင့်သုံးခြင်း၊ လွှတ်တော် တစ်ရပ်လျှင် ရွေးကောက်ပွဲစနစ်တစ်မျိုးစီ ခွဲခြားကျင့်သုံးခြင်း၊ လွှတ်တော်တစ်ရပ်တည်းတွင် ကိုယ်စားလှယ် အရေအတွက်ခွဲခြား၍  ရွေးကောက်ပွဲစနစ်နှစ်မျိုး ပေါင်းစပ်ကျင့်သုံးခြင်း၊  ကျင့်သုံးခဲ့သည့်ရွေးကောက်ပွဲ စနစ်များကို   ပြန်လည်သုံးသပ်၍   ရွေးကောက်ပွဲစနစ်  ပြောင်းလဲကျင့်သုံးခြင်းစသည်ဖြင့် မိမိနိုင်ငံ အခြေအနေနှင့် လိုက်လျောညီထွေဖြစ်မည့် ရွေးကောက်ပွဲစနစ်များကို ကျင့်သုံးဆောင်ရွက်လေ့ရှိကြောင်း လေ့လာတွေ့ရှိရတဲ့အတွက် ကမ္ဘာ့နိုင်ငံများမှာ ကျင့်သုံးတဲ့ရွေးကောက်ပွဲစနစ်များနှင့် နိုင်ငံအရေအတွက် မည်မျှ ရှိကြောင်း ပထမဦးစွာ ရှင်းပြပေးပါခင်ဗျား။
ဦးခင်မောင်ဦး ။        ။    ရွေးကောက်ပွဲစနစ်ဆိုင်ရာကျွမ်းကျင်သူများ၏ အဆိုအရ နိုင်ငံတကာမှာကျင့်သုံးနေ 
                တဲ့ ရွေးကောက်ပွဲစနစ်အုပ်စု လေးစုရှိပါတယ်။ ဗဟုအများစု ကိုယ်စားပြုစနစ်အုပ်စု 
(Plurality / Majority System)၊  အချိုးကျကိုယ်စားပြုစနစ်အုပ်စု (Proportional Representation System)၊ ရောနှောထားသော အချိုးကျကိုယ်စားပြုစနစ် (Mixed Member Proportional  Representation)  နှင့် အခြားစနစ်အုပ်စု (Others System) တို့ဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။ 
ဗဟုအများစုကိုယ်စားပြုစနစ်အုပ်စုတွင် မဲအများဆုံးရသူအနိုင်ရစနစ် (First Past The Post –FPTP)၊ နှစ်ကျော့ပြန်စနစ် (Two Round System-TRS)၊ ကြိုက်နှစ်သက်မှုဦးစားပေးစနစ် (Alternative Vote – AV)၊ ကိုယ်စားလှယ်ဗဟိုပြုစနစ်  (Block Vote – BV)၊ ပါတီဗဟိုပြုစနစ် (Party Block Vote – PBV) တို့ပါဝင်ကြောင်း သိရှိရပါတယ်။
အချိုးကျကိုယ်စားပြုစနစ်အုပ်စုတွင် စာရင်းအလိုက်အချိုးကျကိုယ်စားပြုစနစ် (List PR)နှင့် လွှဲပြောင်း ၍ရသော တစ်မဲတည်းမဲပေးစနစ် (Single Transferable Vote- STV) တို့ပါဝင်ကြောင်း သိရှိရပါတယ်။ 
ရောနှောထားသော အချိုးကျကိုယ်စားပြုစနစ်အုပ်စုတွင် ရောနှောထားသော အချိုးကျကိုယ်စားပြု စနစ် (Mixed Member Proportional Representation– MMP)နှင့် ပူးတွဲယှဉ်ပြိုင်စနစ် (Parallel System)တို့ဖြစ်ကြောင်း သိရှိရပါတယ်။
အခြားစနစ်အုပ်စုမှာတော့ လွှဲပြောင်း၍မရသော တစ်မဲတည်းမဲပေးစနစ် (Single Non Transferable Vote – SNTV)၊ ကန့်သတ်မဲပေးစနစ် (Limited Vote – LV)နှင့် ဦးစားပေးအချိုးကျစနစ် (Borda Count- BC) တို့ပါဝင်ပြီး နိုင်ငံအနည်းငယ်မှာ ကျင့်သုံးကြောင်း သိရှိရပါတယ်။
ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံမှာ ဗဟုအများစုစနစ် ကျင့်သုံးတဲ့ နိုင်ငံပေါင်း ၇၄ နိုင်ငံ၊ အချိုးကျကိုယ်စားပြုစနစ် ကျင့်သုံးတဲ့  နိုင်ငံပေါင်း ၁၁၁ နိုင်ငံနှင့်  အခြားစနစ်များကျင့်သုံးတဲ့   နိုင်ငံ ရှစ်နိုင်ငံရှိကြောင်း သိရှိရပါတယ်။ 
Presenter ။    ။    ကျွန်တော်တို့မြန်မာနိုင်ငံအနေနဲ့ရော   ကျင်းပခဲ့တဲ့     ရွေးကောက်ပွဲတွေမှာ     ဘယ်လို 
            ရွေးကောက်ပွဲ စနစ်ကျင့်သုံးခဲ့သလဲ၊ ပြီးခဲ့တဲ့ရွေးကောက်ပွဲတွေအပေါ်မှာ ဆရာ့အမြင်နဲ့ 
သုံးသပ်ပေးပါခင်ဗျား။ 
ဦးခင်မောင်ဦး ။        ။     ကျွန်တော်တို့   မြန်မာနိုင်ငံမှာ   လွတ်လပ်ရေးရပြီး ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ 
                အခြေခံဥပဒေအရ    ကျင်းပတဲ့  ပါလီမန်ခေတ်ရွေးကောက်ပွဲများ၊   ၁၉၉၀   ပြည့်နှစ် 
ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ၂၀၁၀ ပြည့်နှစ်မှ ၂၀၂၀ ပြည့်နှစ်အထိ ကျင်းပသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲနဲ့ ကြားဖြတ် ရွေးကောက်ပွဲ တွေမှာ မဲအများဆုံးရသူအနိုင်ရသည့်စနစ် (First Past The Post- FPTP)စနစ်ကို ကျင့်သုံးခဲ့ပါတယ်။ FPTP စနစ်ရဲ့ သဘောကတော့ မဲဆန္ဒနယ်တစ်ခုမှာ ဆန္ဒမဲအများဆုံးရရှိသူ လွှတ်တော်ကိုယ်စားလှယ်လောင်း တစ်ဦးတည်းကိုသာ ရွေးကောက်တင်မြှောက်တဲ့စနစ်ဖြစ်တဲ့အတွက် အနိုင်မရတဲ့ ကိုယ်စားလှယ်လောင်း များရတဲ့မဲတွေ အလဟဿ၊ အဟောသိကံဖြစ်ခြင်းနဲ့ ၎င်းတို့ကို ဆန္ဒမဲပေးခဲ့ကြတဲ့ မဲဆန္ဒရှင်များအတွက် ကိုယ်စားပြုမှု ပျောက်ဆုံးတဲ့သဘောကို တွေ့ရှိရပါတယ်။ 
ဒါ့အပြင် အနိုင်ရပါတီတစ်ခုရရှိသောမဲနှင့် ရရှိသည့် ကိုယ်စားလှယ်နေရာမှာ အချိုးအစား ကွာဟမှု များစွာရှိနေတာကို တွေ့ရှိရပါတယ်။
FPTP စနစ်နဲ့  ကျင်းပပြုလုပ်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒရှင်တွေပေးတဲ့ မဲစုစုပေါင်းရဲ့ ၅၆ ဒသမ ၇ ရာခိုင်နှုန်းရရှိတဲ့ပါတီဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ၇၈ ဒသမ ၅ ရာခိုင်နှုန်း ရရှိခဲ့ပါတယ်။ အလားတူ ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင်လည်း မဲဆန္ဒရှင်တွေပေးတဲ့ မဲစုစုပေါင်းရဲ့ ၅၇ ဒသမ ၂ ရာခိုင်နှုန်း ရရှိတဲ့ပါတီဟာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ ၇၉ ရာခိုင်နှုန်းရရှိခဲ့သည်ကို တွေ့ရှိရတဲ့အပြင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပါတီပေါင်း ၉၀ ကျော်အနက် ၂၃ ပါတီသာ လွှတ်တော်မှာ နေရာရရှိခဲ့ပါတယ်။ 
လက်ရှိကျင့်သုံးနေတဲ့ FPTP စနစ်မှာ မဲဆန္ဒရှင်တွေပေးလိုက်တဲ့မဲများဟာ ဝင်ရောက်ယှဉ်ပြိုင်တဲ့ ကိုယ်စားလှယ်လောင်းအားလုံးထံသို့    ပျံ့နှံ့ရောက်ရှိသွားသော်လည်း   မဲအများဆုံးရရှိတဲ့   ကိုယ်စားလှယ် လောင်းတစ်ဦးတည်းကသာ  အနိုင်ရရှိခြင်း  ဖြစ်ပါတယ်။  အဆိုပါ   ကိုယ်စားလှယ်လောင်းဟာ ၎င်းကို မဲမပေးခဲ့သူများ အပါအဝင်ဖြစ်တဲ့ မဲဆန္ဒရှင်အားလုံး ၁၀၀ ရာခိုင်နှုန်းကို ကိုယ်စားပြုသကဲ့သို့ဖြစ်ပြီး  အခြားသော ကိုယ်စားလှယ်များရရှိခဲ့တဲ့ မဲများဟာ အလဟဿဖြစ်သွားတာ တွေ့ရပါတယ်။ ဒီစနစ်အရ ဆောင်ရွက်ရာမှာ အချို့မဲဆန္ဒနယ်တွေဆိုရင် ပါတီတစ်ခုမှ  ကိုယ်စားလှယ်လောင်းတွေဟာ မဲဆန္ဒရှင်အများစုရဲ့ထောက်ခံမှု မရရှိခဲ့ပေမယ့် မဲအနည်းငယ်အသာဖြင့် အနိုင်ရရှိသွားတဲ့သဘောကို  တွေ့ရှိခဲ့ရပါတယ်။ ဥပမာအနေနဲ့ FPTP စနစ်ရဲ့ ဆန္ဒမဲရရှိမှု နမူနာပုံစံများကို ပြသလိုပါတယ်။ 
ဒီနမူနာတွေကို ကြည့်ခြင်းအားဖြင့် ၅၀ ရာခိုင်နှုန်းနဲ့ ၅၀ ရာခိုင်နှုန်းအောက်သာရရှိတဲ့ ကိုယ်စားလှယ် လောင်းများက မဲဆန္ဒနယ်တစ်ခုလုံးရဲ့ ကိုယ်စားပြုမှုရရှိတာဖြစ်လို့ အလဟဿ အဟောသိကံဖြစ်သွားတဲ့ ဆန္ဒမဲများစွာ ရှိနေတာတွေ့ရမှာ ဖြစ်ပါတယ်။ Total အချုပ်ဇယားကိုကြည့်ရင်လည်း ဆန္ဒမဲအားလုံးရဲ့ ၅၇ ရာခိုင်နှုန်းကသာ တန်ဖိုးနဲ့ သက်ရောက်မှုရှိပြီး ကျန် ၄၃ ရာခိုင်နှုန်းတန်ဖိုးနဲ့ သက်ရောက်မှုလုံးဝမရှိတာကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် FPTP စနစ်နဲ့ ကျင်းပတဲ့ ရွေးကောက်ပွဲတွေမှာ အနိုင်ရတဲ့လွှတ်တော် ကိုယ်စားလှယ်တိုင်းဟာ မှန်ကန်မျှတတဲ့ကိုယ်စားပြုမှုကို ဖော်ဆောင်နိုင်ပါရဲ့လားလို့  မေးခွန်းထုတ်စရာ တွေ့ရှိရပါတယ်။
Presenter ။    ။    ဟုတ်ကဲ့ဆရာ၊  FPTP   စနစ်မှာ  မဲဆန္ဒရှင်တွေရဲ့  ထောက်ခံဆန္ဒမဲတွေဟာ မျှတတဲ့ 
            ကိုယ်စားပြုမှုမရနိုင်တာကို တွေ့ရတဲ့အတွက်  ကမ္ဘာ့နိုင်ငံအများစုမှာ  ကျင့်သုံးနေတဲ့ 
အချိုးကျကိုယ်စားပြုစနစ် အကြောင်းကိုလည်း မဲဆန္ဒရှင်များ သိရှိသွားအောင် ရှင်းပြပေးပါခင်ဗျား။
ဦးခင်မောင်ဦး။        ။    အချိုးကျကိုယ်စားပြုစနစ်ဆိုတာ  တစ်ဦးထက်ပိုတဲ့ ကိုယ်စားလှယ်တွေ ရွေးဖို့အတွက် 
            မဲဆန္ဒနယ်ကို ဧရိယာကျယ်ပြန့်စွာသတ်မှတ်၍ ယင်းမဲဆန္ဒနယ်မှ ရွေးကောက်တင်မြှောက် 
ရမည့် ကိုယ်စားလှယ်ဦးရေကိုပါ သတ်မှတ်ပေးပြီး ပါတီအဖွဲ့အစည်းအလိုက် ယှဉ်ပြိုင်စေခြင်းဖြစ်ပါတယ်။ နိုင်ငံရေးပါတီ သို့မဟုတ်  တစ်သီးပုဂ္ဂလများရရှိတဲ့ ဆန္ဒမဲအရေအတွက်အပေါ်မူတည်ပြီး လွှတ်တော် ကိုယ်စားလှယ်နေရာများကို အချိုးကျခွဲဝေရရှိနိုင်တဲ့ ရွေးကောက်ပွဲစနစ်တစ်ခု ဖြစ်ပါတယ်။ ဒီစနစ်အရ တစ်သီးပုဂ္ဂလများလည်း   ပါဝင်ယှဉ်ပြိုင်နိုင်ပြီး  ယင်းတို့ရရှိသော ဆန္ဒမဲအပေါ်မူတည်၍ ရွေးကောက် တင်မြှောက်ခံရနိုင်ပါတယ်။ မဲဆန္ဒရှင်များအနေနဲ့ ၎င်းတို့ပေးလိုက်တဲ့  မဲများဟာ ရွေးကောက်ပွဲရလဒ်ကို ပြောင်းလဲစေနိုင်ကြောင်း   ယုံကြည်ပြီး   စိတ်အားထက်သန်စွာ   မဲပေးခြင်းကြောင့်  မဲပေးနှုန်း (Voter turnout) ကိုလည်း မြင့်မားစေပါတယ်။ PR စနစ်အသုံးပြုတဲ့အတွက် အဟောသိကံ၊ အလဟဿဖြစ်တဲ့ မဲအရေအတွက် နည်းပါးသွားမည်ဖြစ်ပါတယ်။ PR စနစ်ကြောင့်  ပါတီများ  ပိုမိုတိကျစွာ ကိုယ်စားပြု နိုင်ခြင်း၊ တိုင်းရင်းသားပါတီများ၊ ပါတီငယ်များနှင့် လူနည်းစုများ ပိုမိုရွေးကောက်ခံရနိုင်ခြင်းတို့ကြောင့် အများစုပါဝင်တဲ့   အုပ်ချုပ်ရေးစနစ်  ဖြစ်ပေါ်လာနိုင်ပါတယ်။  ဥပဒေပြုအဖွဲ့များမှာလည်း  ပါတီများမှ ကိုယ်စားလှယ်များ ပိုမိုပါဝင်လာခွင့် ရရှိလာမှာဖြစ်တယ်။
အချိုးကျကိုယ်စားပြုစနစ်များစွာရှိတဲ့အနက်   လေ့လာတွေ့ရှိချက်များအရ   အဓိကပုံစံနှစ်မျိုးကို တွေ့ရှိရပါတယ်။ ပါတီအမည်ကိုမူတည်ပြီး အချိုးကျရွေးချယ်သည့်စနစ် (Party List PR System-LPR) နှင့် လွှဲပြောင်း၍ရသော တစ်မဲတည်းပေးစနစ် (Single Transferable Vote-STV)တို့ ဖြစ်ပါတယ်။ 
Presenter ။    ။    ဟုတ်ကဲ့ပါ၊ PR အုပ်စုထဲက List PR အကြောင်းရှင်းပြပေးပါခင်ဗျား။
ဦးခင်မောင်ဦး။        ။     ပါတီအမည်ကို မူတည်ပြီး အချိုးကျကိုယ်စားပြုစနစ်   (Party List PR)  ဟာဆိုရင် 
            PR စနစ်မှာ   အသုံးအများဆုံးစနစ်   ဖြစ်ပါတယ်။  ဒီစနစ်အရ    ဝင်ရောက်ယှဉ်ပြိုင်တဲ့ 
နိုင်ငံရေးပါတီ အသီးသီးဟာ မဲဆန္ဒနယ်အလိုက် ရွေးကောက်တင်မြှောက်ရမယ့်  တူညီတဲ့ ကိုယ်စားလှယ် လောင်း   အရေအတွက်အတိုင်း   ကော်မရှင်သို့   အမည်စာရင်းတင်သွင်းရမှာဖြစ်ပြီး   တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများလည်း  ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပါတယ်။ ဝင်ရောက်ယှဉ်ပြိုင်တဲ့ နိုင်ငံရေးပါတီ များဟာ မိမိတို့ရရှိတဲ့ ဆန္ဒမဲအရေအတွက်အတိုင်း အချိုးကျကိုယ်စားပြုခွင့် ရရှိမှာဖြစ်ပါတယ်။
ဒီ Party List Voting စနစ်မှာပါတီကိုသာ ရွေးချယ်မဲပေးတဲ့စနစ် (Closed List)နဲ့ ပါတီနဲ့ ကိုယ်စားလှယ် လောင်းကို မဲပေးနိုင်တဲ့စနစ်(Open List)ဆိုပြီး အဓိက နှစ်မျိုးရှိပါတယ်။ ဒါ့အပြင် လွတ်လပ်စွာ မဲပေးနိုင်တဲ့ Free List ဆိုတာလည်းရှိပြီး အသုံးနည်းပါတယ်။ ပါတီကိုသာရွေးချယ်မဲပေးတဲ့စနစ် (Closed List)ဟာ Party List Voting ရဲ့ မူလပုံစံဖြစ်ပါတယ်။ ဒီစနစ်အရ ကျင်းပတဲ့ ရွေးကောက်ပွဲများမှာ မဲဆန္ဒရှင်တွေအနေနဲ့ ပါတီကိုယ်စားပြု ကိုယ်စားလှယ်လောင်းကို တိုက်ရိုက်မဲပေး ရွေးချယ်ခွင့်မရှိဘဲ ပါတီကိုသာ မဲပေးရပါတယ်။ မိမိနှစ်သက်ရာ   တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းကိုလည်း  မဲပေးနိုင်ပါတယ်။ ပါတီများကရရှိတဲ့ ဆန္ဒမဲပေါ်မူတည်ပြီး မူလတင်သွင်းထားတဲ့ ဦးစားပေး အစီအစဉ်အတိုင်း ကိုယ်စားလှယ်များရရှိကြမှာ ဖြစ်ပါတယ်။ 
ဒီစနစ်မှာ ယှဉ်ပြိုင်တဲ့ပါတီတွေအတွက် ကိုယ်စားလှယ်နေရာခွဲဝေပုံ တွက်ချက်နည်း အမျိုးမျိုး ရှိတာ ကို တွေ့ရှိရပါတယ်။ အလွယ်ကူဆုံးနဲ့ အသုံးအများဆုံး တွက်ချက်နည်းကတော့ အကြွင်းမဲ (လက်ကျန်မဲ) အများဆုံးကိုယူတဲ့ ပုံသေနည်း (The Largest Remainder Formula) ဖြစ်ပါတယ်။ ဒီနည်းလမ်းမှာ Quota ကို အရင်သိထားဖို့လိုအပ်ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တစ်ဦး ရွေးကောက်ခံရဖို့အတွက် အနည်းဆုံး ရရှိရမယ့် ခိုင်လုံမဲကို Quota သို့မဟုတ် Threshold လို့ ဆိုပါတယ်။ အသုံးများတဲ့တွက်နည်းအချို့ကတော့ Droop Quota နဲ့ Hare Quota ပဲဖြစ်ပါတယ်။ Droop Quota Method ကတော့ ခိုင်လုံမဲစုစုပေါင်းကို ကိုယ်စားလှယ်အရေအတွက် + ၁ နဲ့ စားပြီး ရတဲ့ရလဒ်ကို + ၁ ထပ်ပေါင်းခြင်းပဲ ဖြစ်ပါတယ်။ 
            (ခိုင်လုံမဲစုစုပေါင်း)
ကိုယ်စားလှယ်တစ်ဦးအတွက် အနည်းဆုံးရရှိရမည့် =                    + ၁
အခြေခံမဲ (Threshold)           (ကိုယ်စားလှယ်အရေအတွက် + ၁)
ပဲ ဖြစ်ပါတယ်။ Hare Quota Method ကတော့ ခိုင်လုံမဲစုစုပေါင်းကို ကိုယ်စားလှယ်အရေအတွက်နဲ့ စားခြင်းပဲဖြစ်ပါတယ်။ လာမည့်ရွေးကောက်ပွဲမှာ Droop Quota Method ကို အသုံးပြုမှာဖြစ်ပါတယ်။
ပထမအဆင့်အနေနဲ့ ခိုင်လုံမဲအရေအတွက်စုစုပေါင်းကို ကိုယ်စားလှယ်လောင်းနေရာ စုစုပေါင်း  +၁ နှင့်စားပြီး ရလဒ်မှာ + ၁ ထပ်ပေါင်းခြင်းဖြစ်ပါတယ်။ ကိုယ်စားလှယ်လောင်းတစ်ဦး မဖြစ်မနေရရှိရမယ့် ခိုင်လုံမဲအရေအတွက် Threshold ကို သတ်မှတ်ပါတယ်။ ဥပမာ- ဆန္ဒမဲအရေအတွက် စုစုပေါင်း (၁၀၀၀၀၀)ဖြစ်ပြီး ကိုယ်စားလှယ်နေရာ ကိုးနေရာဖြစ်မယ်ဆိုရင် ကိုယ်စားလှယ်တစ်ဦးရရှိရမယ့် မဲဝေစု (quota)ဟာ (၁၀၀၀၁) ဖြစ်ပါတယ်။ သက်ဆိုင်ရာပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလများအနေနဲ့ မဲဝေစု တစ်စုလျှင် ကိုယ်စားလှယ်တစ်နေရာနှုန်း  ကိုယ်စားပြုရရှိမှာဖြစ်ပါတယ်။   ဒီလိုကိုယ်စားလှယ်နေရာများကို တွက်ချက်ခွဲဝေရာမှာ ပါတီမှာဖြစ်စေ၊ တစ်သီးပုဂ္ဂလမှာဖြစ်စေ မဲဝေစုတစ်စုမပြည့်သော မဲလက်ကျန် Remainder များရှိနေတတ်ပါတယ်။ အလားတူ အဲဒီမဲဆန္ဒနယ်အတွက် ကိုယ်စားလှယ်နေရာများလည်း ကျန်နေတတ်ပါတယ်။ ဒါကြောင့် ဒုတိယအဆင့်အနေနဲ့ကျန်ရှိနေတဲ့ ကိုယ်စားလှယ်နေရာကို မဲဝေစု တစ်စုမပြည့်ဘဲကျန်ရှိနေသည့် မဲလက်ကျန်အများဆုံးပါတီ သို့မဟုတ် တစ်သီးပုဂ္ဂလများအလိုက် ထပ်မံ၍ ခွဲဝေရရှိမှာဖြစ်ပါတယ်။ တစ်နည်းအားဖြင့်ဆိုရင် ပါတီများဟာ မိမိတို့ရရှိတဲ့ မဲအရေအတွက် ရာခိုင်နှုန်းနဲ့ အနီးစပ်ဆုံးသော ကိုယ်စားလှယ်နေရာအရေအတွက်ကို ရရှိမှာဖြစ်ပါတယ်။
PR စနစ်ကျင့်သုံးတဲ့   နိုင်ငံတော်တော်များများမှာ  Electoral  Threshold  ကို ကျင့်သုံးပါတယ်။ Threshold ရာခိုင်နှုန်းကိုတော့ တစ်နိုင်ငံတစ်မျိုး စိတ်ကြိုက်သတ်မှတ်ပါတယ်။   ဥပမာ - တောင်ကိုရီး ယားနိုင်ငံအပါအဝင် ၁၄ နိုင်ငံသည် Threshold ၅ ရာခိုင်နှုန်း ထားပါတယ်။ ဂျာမနီအပါအဝင် ၂၆ နိုင်ငံ ကတော့ ခြောက်ရာခိုင်နှုန်း ထားပါတယ်။ ဒီလိုထားမယ်ဆိုရင် မဲဆန္ဒနယ်တစ်ခုမှာ ခိုင်လုံမဲ  ငါးရာခိုင်နှုန်းမှ မရတဲ့ပါတီဟာ ကိုယ်စားလှယ်တစ်ဦးမှ မရတာဖြစ်နိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ စစ်မှန်ပြီးစည်းကမ်း ပြည့်ဝတဲ့ ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးတဲ့နိုင်ငံဖြစ်လို့ တိုင်းရင်းသားလူမျိုးစုပါတီများ၊ ပါတီငယ် များမှ ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရနိုင်ရေးအတွက် Electoral Threshold ရာခိုင်နှုန်းမသတ်မှတ်ဘဲ ကိုယ်စားလှယ်တစ်ဦး  အနည်းဆုံးရရှိရမည့် ခိုင်လုံမဲ Quota ကိုပဲ  Threshold သတ်မှတ်ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ 
ပါတီနဲ့ကိုယ်စားလှယ်လောင်းကို   မဲပေးနိုင်တဲ့စနစ်  (Open List)  မှာတော့ မဲဆန္ဒရှင်များအနေနဲ့ ပါတီကိုသာမက မိမိတို့နှစ်သက်ရာ ကိုယ်စားလှယ်လောင်းတစ်ဦးချင်းကိုပါ တိုက်ရိုက်မဲပေးရွေးချယ် ခွင့်ရှိပါတယ်။ ကိုယ်စားလှယ်လောင်းကရရှိသောမဲများဟာ ၎င်းရဲ့ပါတီရရှိသောမဲများဖြစ်ပါတယ်။ မဲအများ ဆုံးရရှိတဲ့   ကိုယ်စားလှယ်လောင်းများဟာ   ၎င်းရဲ့ပါတီစာရင်းမှာ  ထိပ်ဆုံးနေရာကနေ အစဉ်လိုက် ရွေးချယ်ခံရမှာ ဖြစ်ပါတယ်။
(ဆက်လက်ဖော်ပြပါမည်)