အချိန်နှင့်တစ်ပြေးညီ စစ်ဆေးခြင်းအကြောင်း သိကောင်းစရာ

Type

 

အိသဉ္ဇာအောင်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

 

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးအနေဖြင့် ဘဏ္ဍာရေးရှင်းတမ်းများစစ်ဆေးခြင်း၊ လိုက်နာဆောင်ရွက်မှု စစ်ဆေးခြင်းနှင့် လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်းတို့ကို စစ်ဆေးဆောင်ရွက်လျက်ရှိပါသည်။ 

 


အဆိုပါ  စစ်ဆေးရေးအမျိုးအစားများအနက်  ဘဏ္ဍာရေးရှင်းတမ်းစစ်ဆေးခြင်းသည် ဌာနအဖွဲ့ အစည်းများ၏ ဘဏ္ဍာရေးရှင်းတမ်းများအား နှစ်စဉ်ပုံမှန်စစ်ဆေးရသည့် Regulatory Audit အမျိုးအစား ဖြစ်ပြီး ဌာနအဖွဲ့အစည်းများက ဘဏ္ဍာနှစ်တစ်နှစ်အတွင်း လုပ်ငန်းဆောင်ရွက်ချက်များကို  မှတ်တမ်းတင် ထားသည့် စာရင်း၊ အထောက်အထားများကို စစ်ဆေးရေးဝန်ထမ်းအင်အား၊ ရရှိသည့်အချိန် အစရှိသည့် စွမ်းအားစုများအပေါ်မူတည်၍ နှစ်ချုပ်စာရင်းများတွင် မှားယွင်းဖော်ပြမှု၊ မသမာမှု၊ လိမ်လည်မှု၊ အလွဲ သုံးစားမှုများရှိနိုင်သည့်၊ အန္တရာယ်ဖြစ်ပေါ်နိုင်သည့် အခြေအနေများကို    စိစစ်အကဲဖြတ်၍   စစ်ဆေး ဆောင်ရွက်ရသည့် Risk based Approach ဖြင့် ကောက်နုတ်ရွေးချယ်စစ်ဆေးခြင်း ဖြစ်ပါသည်။ 

 


စစ်ဆေးရာ၌   ဌာနအဖွဲ့အစည်းများ၏    ဘဏ္ဍာရေးရှင်းတမ်းများသည်  သင့်တင့်လျောက်ပတ်မှု ရှိကြောင်း စာရင်းစစ်ထင်မြင်ယူဆချက်ပေးနိုင်ရန် ရည်ရွယ်ချက်ဖြင့် စစ်ဆေးခြင်းပင်ဖြစ်ပါသည်။ ဘဏ္ဍာ ရေး ရှင်းတမ်းများအား ကောက်နုတ်ရွေးချယ် စစ်ဆေးရသဖြင့်   အဆိုပါဘဏ္ဍာရေးရှင်းတမ်းများသည် အပြည့်အဝရာနှုန်းပြည့်မှန်ကန်သည်ဟု  အာမခံချက်ပေးခြင်းမဟုတ်ဘဲ ဆီလျော်သင့်မြတ်သော ခိုင်လုံ သေချာမှု အာမခံချက်သာပေးနိုင်ပါသည်။ 

 


လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်းတွင်  စစ်ဆေးမည့်အကြောင်းအရာကို  သတ်မှတ်၍ ယင်း အကြောင်းအရာနှင့်သက်ဆိုင်သည့် စံသတ်မှတ်ချက်များနှင့်အညီ လိုက်နာဆောင်ရွက်မှု ရှိ/မရှိနှင့်စပ်လျဉ်း ၍ အဓိကထား စစ်ဆေးခြင်းပင်ဖြစ်ပါသည်။ လိုက်နာဆောင်ရွက်မှုစစ်ဆေးခြင်းဆိုသည်မှာ လုပ်ဆောင် ချက်များ၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် သတင်းအချက်အလက်များသည် စစ်ဆေးရမည့် အဖွဲ့အစည်းကို လွှမ်းမိုးအုပ်ချုပ်သည့် အခွင့်အာဏာများ၊  တစ်နည်းအားဖြင့် အဖွဲ့အစည်းက လိုက်နာရမည့် သတ်မှတ်ပြဋ္ဌာန်းချက်များအား  အရေးပါသည့်  အကြောင်းအရာများအားလုံးတွင်  လိုက်နာမှုရှိ/မရှိ စစ်ဆေးခြင်း ဖြစ်ပါသည်။

 


လုပ်ငန်းဆောင်ရွက်မှုစစ်ဆေးခြင်းသည် အဖွဲ့အစည်းများ၏ လုပ်ဆောင်ချက်များ၊ အစီအစဉ်များ သည်  ခြိုးခြံချွေတာမှု   ရှိ/မရှိ၊ စွမ်းဆောင်ရည်ပြည့်ဝမှု ရှိ/မရှိ၊ အကျိုးထိရောက်မှု ရှိ/မရှိနှင့်ကိုက်ညီစွာ လုပ်ဆောင်ထားခြင်း  ရှိ/မရှိကို  အဓိကထားစစ်ဆေးခြင်းပင်ဖြစ်ပါသည်။   လုပ်ငန်းဆောင်ရွက်မှုနှင့် သက်ဆိုင်မှုရှိသည့် စံသတ်မှတ်ချက်အပေါ်တွင်မူတည်၍ စစ်ဆေးခြင်းဖြစ်ပြီး ထိုစံသတ်မှတ်ချက်များမှ ကွဲလွဲမှုအကြောင်းရင်းများ သို့မဟုတ် အခြားဆက်စပ်ပြဿနာများကို လေ့လာဆန်းစစ်ခြင်းပင်ဖြစ်ပါသည်။ ရည်ရွယ်ချက်မှာ စစ်ဆေးရသည့်အဖွဲ့အစည်း၏ လုပ်ငန်းဆောင်ရွက်ချက်များ  တိုးတက်မှုရှိစေရေးအတွက် သုံးသပ်အကြံပြုချက်များပေးခြင်း ဖြစ်ပါသည်။

 


စာရေးသူသည် 2019-2021 Chinese Government Scholarship Auditing Master Program ဖြင့်   တရုတ်ပြည်သူ့သမ္မတနိုင်ငံ နန်ကျင်းမြို့  နန်ကျင်းစာရင်းစစ်တက္ကသိုလ်တွင်  ၁၅-၁၀-၂၀၁၉  မှ ၃၀-၆-၂၀၂၁ ရက်နေ့အထိ ဖွင့်လှစ်ပို့ချသည့် Master of Auditing သင်တန်းကို တက်ရောက်ခဲ့ရာ၌ အဆိုပါ တက္ကသိုလ်တွင်  လေ့လာသင်ယူခဲ့ရသည့် အချိန်နှင့်တစ်ပြေးညီစစ်ဆေးခြင်း (Real Time Audit)နှင့် စပ်လျဉ်းသည့် ဗဟုသုတများအား မျှဝေလိုပါသည်။

 


အချိန်နှင့်တစ်ပြေးညီ စစ်ဆေးခြင်း (Real Time Audit) ဆိုသည်မှာ ဖြစ်ရပ်များ၊ လုပ်ငန်းစဉ်များ ၏  တိုးတက်ပြောင်းလဲဖြစ်ပေါ်မှုကို  အချိန်နှင့်တစ်ပြေးညီ စစ်ဆေးခြင်းပင်ဖြစ်ပြီး ကြိုတင်ပြင်ဆင်မှု၊ အကောင်အထည်ဖော်ဆောင်ရွက်မှုနှင့် လုပ်ငန်းပြီးစီးအပ်နှံမှုစသည့် လုပ်ငန်းစဉ်တစ်လျှောက် အချိန်နှင့် တစ်ပြေးညီစစ်ဆေးမှုဖြစ်ပါသည်။ Real Time Audit သည် အကောင်းဆုံးနှင့် အမြင့်မားဆုံးသော လုပ်ငန်း ဆောင်ရွက်မှု စစ်ဆေးခြင်းပုံစံတစ်ခုပင် ဖြစ်ပါသည်။ အဆိုပါ Real Time Audit ၏ သွင်ပြင်လက္ခဏာများ မှာ- 


(က)    စဉ်ဆက်မပြတ် စစ်ဆေးဆောင်ရွက်ရခြင်း၊ 
( ခ )    လှုပ်ရှားပြောင်းလဲမှုရှိခြင်း၊ 
( ဂ )    ကြိုတင်ကာကွယ်မှုပေးနိုင်ခြင်း၊  
(ဃ)    အပြုသဘောဆောင်ခြင်း။ 

 


ဌာန၊ အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းနှင့် လုပ်ငန်းစီမံချက်များအား အတည်ပြုချမှတ်ထားသော ပုံစံဒီဇိုင်းများအတိုင်း တည်ဆောက်ထားကြောင်း၊ ခွင့်ပြုရန်ပုံငွေဖြင့် လုပ်ငန်းများအကောင်အထည်ဖော် ရာတွင် စီးပွားရေးတွက်ခြေကိုက်စွာ၊ ခြိုးခြံချွေတာစွာ၊ စွမ်းဆောင်ရည်ပြည့်ဝစွာနှင့် ထိရောက်အကျိုးရှိစွာ ဆောင်ရွက်ထားကြောင်း၊ သတ်မှတ်ပြဋ္ဌာန်းထားသည့် ဥပဒေ၊ နည်းဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်း၊ အမိန့် ကြော်ငြာစာ၊ လုပ်ထုံးလုပ်နည်းများအား လိုက်နာဆောင်ရွက်ထားကြောင်း အစရှိသည့် ကိစ္စရပ်များအတွက် သင့်တင့်လျောက်ပတ်သော ခိုင်လုံသေချာမှု/ အာမခံချက် (Reasonable Assurance) ပေးနိုင်စွမ်းရှိသည့် စစ်ဆေးမှုပုံစံဖြစ်ပါသည်။

 


တစ်နည်းအားဖြင့် အချိန်နှင့်တစ်ပြေးညီစစ်ဆေးခြင်းသည် ပုံမှန်စစ်ဆေးခြင်းမှ အထူးစစ်ဆေးရန် လိုအပ်သော Area တစ်ခု (အစိတ်အပိုင်းတစ်ခု)ကိုသာ အထူးဦးစားပေးကာ စစ်ဆေးခြင်းဖြစ်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အဖွဲ့အစည်းအလိုက် သတင်းအချက်အလက်များ တောင်းခံခြင်း၊ စိစစ်ခြင်း၊ တာဝန်ခံများနှင့် တွေ့ဆုံခြင်း၊ စိစစ်ထားသည့် တွေ့ရှိချက်များအရ လုပ်ငန်းများ၏ Progress ကို စောင့်ကြည့်စိစစ်ခြင်း၊ တည်ဆောက်ရေးလုပ်ငန်း စိစစ်ရေးကော်မတီ ခွင့်ပြုချက်ရရှိမှုနှင့် လုပ်ငန်းတိုးတက်ဆောင်ရွက်နိုင်မှု စိစစ်ခြင်း၊ ရွေးချယ်ထားသည့် လုပ်ငန်းနှင့်စီမံကိန်းများ၏ အကောင်အထည်ဖော်  ပြီးစီးမှုအခြေအနေကို မျက်မြင်စစ်ဆေးခြင်း၊ ရွေးချယ်စစ်ဆေးခဲ့သော လုပ်ငန်းများနှင့်စပ်လျဉ်းသည့် အပြီးသတ်အစီရင်ခံစာ ထုတ်ပြန်ခြင်းဖြင့် ဆောင်ရွက်ရပါမည်။

 


လုပ်ငန်းပြီးစီးပြီးနောက်ပိုင်းမှ စစ်ဆေးခြင်း (ပုံမှန်စစ်ဆေးခြင်း)နှင့်  အချိန်နှင့်တစ်ပြေးညီစစ်ဆေး ခြင်းတို့၏ ကွာခြားသည့်အချက်များမှာ အောက်ပါတို့ဖြစ်ပါသည်-
 


တရုတ်ပြည်သူ့သမ္မတနိုင်ငံ စာရင်းစစ်ချုပ်ရုံးရှိ    စစ်ဆေးရေးအဖွဲ့များသည် လုပ်ငန်းနှင့်   လုပ်ငန်း စီမံကိန်းများကို အချိန်နှင့်တစ်ပြေးညီစစ်ဆေးခြင်း ဆောင်ရွက်ရာတွင် အောက်ဖော်ပြပါ အဆင့်များအလိုက် စစ်ဆေးပြီး စစ်ဆေးတွေ့ရှိချက်အစီရင်ခံစာများကို အဆင့်လိုက် ထုတ်ပြန်ဆောင်ရွက်ပါသည်-
    (က)    ကြိုတင်ပြင်ဆင်ခြင်းအဆင့်၊ 
    ( ခ )    အကောင်အထည်ဖော်ခြင်းအဆင့်၊ 
    ( ဂ )    လုပ်ငန်းနှင့် လုပ်ငန်းစီမံကိန်းပြီးစီးအပ်နှံခြင်းအဆင့်။ 

 


(က)    ကြိုတင်ပြင်ဆင်ခြင်းအဆင့် 


ဌာန၊ အဖွဲ့အစည်းများတွင် ဆောင်ရွက်သည့် လုပ်ငန်းနှင့် လုပ်ငန်းစီမံကိန်းများ၏ စီမံကိန်း ကြိုတင် ပြင်ဆင်ခြင်းအဆင့်နှင့်စပ်လျဉ်း၍ လုပ်ငန်းနှင့် လုပ်ငန်းစီမံကိန်း၏ ရည်မှန်းချက်နှင့် ရည်ရွယ်ချက်များအား တိကျစွာ သတ်မှတ်ထားခြင်း ရှိ/မရှိ၊ စစ်ဆေးရမည့်ဌာန/အဖွဲ့အစည်းများ၏ ဌာနတွင်းကြီးကြပ်ကွပ်ကဲသည့် စနစ် ရှိ/မရှိ၊ စီမံကိန်းပြုလုပ်မည့် မြေယာများသိမ်းဆည်းမှုနှင့် ပြန်လည်နေရာချထားရေးနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်များ ရှိ/မရှိနှင့် လုပ်ငန်းနှင့် လုပ်ငန်းစီမံကိန်းများအလိုက် တင်ဒါခေါ်ယူမှုအား ညွှန်ကြားချက်နှင့် အညီ ဆောင်ရွက်ထားခြင်း ရှိ/မရှိ အစရှိသည့်အချက်များအား စိစစ်ရမည်ဖြစ်ပါသည်။

 


(ခ)    အကောင်အထည်ဖော်ခြင်းအဆင့် 


ဌာန၊ အဖွဲ့အစည်းများတွင် ဆောင်ရွက်သည့်လုပ်ငန်းနှင့် လုပ်ငန်းစီမံကိန်းများ၏  စီမံကိန်းအကောင် အထည်ဖော်ခြင်းအဆင့်နှင့်စပ်လျဉ်း၍ သဘောတူစာချုပ်တွင် ဖော်ပြထားသည့် လုပ်ငန်းရပ်များ၊ အခြေ အနေများအတိုင်း အမှန်ဆောင်ရွက်ထားခြင်း ရှိ/မရှိ၊ လုပ်ငန်းနှင့် လုပ်ငန်းစီမံကိန်းများအား အတည်ပြု ချမှတ်ထားသော ပုံစံဒီဇိုင်းပြောင်းလဲခြင်းအား စစ်ဆေးခြင်းနှင့် အင်ဂျင်နီယာ အရည်အသွေးထိန်းချုပ် ခြင်းအား စစ်ဆေးခြင်း အစရှိသည့်အချက်များအား စိစစ်ရမည်ဖြစ်ပါသည်။ 

 


(ဂ)    လုပ်ငန်းနှင့် လုပ်ငန်းစီမံကိန်း ပြီးစီးအပ်နှံခြင်းအဆင့် 


ဌာန၊ အဖွဲ့အစည်းများတွင် ဆောင်ရွက်သည့် လုပ်ငန်းနှင့် လုပ်ငန်းစီမံကိန်းများ၏   စီမံကိန်းပြီးစီး အပ်နှံခြင်းအဆင့်နှင့်စပ်လျဉ်း၍ ငွေပေးချေရမည့်ကိစ္စများနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာနိုင်ငံ၏ ဘဏ္ဍာရေး စီမံခန့်ခွဲမှုဆိုင်ရာ စည်းမျဉ်း၊ စာချုပ်ပါ ငွေပေးချေမှုဆိုင်ရာ သတ်မှတ်ချက်များ၊ ငွေပေးချေရာတွင် လိုက်နာ ကျင့်သုံးရမည့်လမ်းညွှန်၊ ညွှန်ကြားချက်နှင့်အညီ ပေးချေထားခြင်း ရှိ/မရှိ၊ အကောင်အထည်ဖော်ပြီးစီးသည့် စီမံကိန်းအတွက် ရေးဆွဲထားသည့် ဘဏ္ဍာရေးရှင်းတမ်း ရှိ/မရှိနှင့် လုပ်ငန်းပြီးစီးအပ်နှံမှုနှင့် တာဝန်ရှိသူများမှ စနစ်တကျသေချာစွာ စစ်ဆေးလက်ခံထားခြင်း ရှိ/မရှိ အစရှိသည့်အချက်များအား စိစစ်ရမည်ဖြစ်ပါသည်။

 


လုပ်ငန်းနှင့်လုပ်ငန်းစီမံကိန်းများ၏  ဌာနတွင်းကြီးကြပ်ကွပ်ကဲမှုစနစ် အားကောင်းမှု ရှိ/မရှိ ဆုံးဖြတ် ရာတွင် လုပ်ငန်းနှင့်လုပ်ငန်းစီမံကိန်းများအား လျာထားချက်အတိုင်း အကောင်အထည်ဖော် ဆောင်ရွက်မှု၊ စီမံခန့်ခွဲမှု၊ ရန်ပုံငွေထုတ်ယူသုံးစွဲမှုတို့နှင့်စပ်လျဉ်း၍ ဌာနတွင်းကြီးကြပ်ကွပ်ကဲမှုစနစ်များ ချမှတ်ထားခြင်း၊ ထိရောက်စွာကြီးကြပ်ကွပ်ကဲခြင်း ရှိ/မရှိ၊ ဌာန/အဖွဲ့အစည်းများရှိ ဌာနတွင်း စာရင်းစစ်အဖွဲ့မှ စစ်ဆေးရေး စီမံချက်ထားရှိဆောင်ရွက်ခြင်းဖြင့် လေ့လာသုံးသပ်ကြပါသည်။ စီမံကိန်းပြုလုပ်မည့် မြေယာများရယူမှု၊ ငှားရမ်းမှုနှင့် ပြန်လည်နေရာချထားရေးနှင့်စပ်လျဉ်းသည့် လုပ်ငန်းစဉ်များအား စစ်ဆေးရာ၌ မြေယာရယူ၊ ငှားရမ်းခြင်းဆိုင်ရာ စည်းကမ်းများအား လိုက်နာရန် ပျက်ကွက်မှုများအတွက် လျော်ကြေး/ဒဏ်ကြေး ဆိုင်ရာ စည်းနှောင်မှုများ၊ တာဝန်ခံမှုများအား တိကျစွာသတ်မှတ်ဖော်ပြထားပြီး လိုက်နာဆောင်ရွက်နေမှု ရှိ/မရှိ စစ်ဆေးခြင်းဖြစ်ပါသည်။

 


မြန်မာနိုင်ငံ၌ အစိုးရဌာန/အဖွဲ့အစည်းများတွင် နိုင်ငံတော်၏ ခွင့်ပြုရန်ပုံငွေ၊ ပြည်ပချေးငွေ/ အကူ  အညီရငွေတို့ဖြင့် ဆောင်ရွက်သည့် နှစ်ချင်း (သို့မဟုတ်) နှစ်နှစ်အောက် ဆောင်ရွက်ရမည့်လုပ်ငန်းများ  နှင့် နှစ်နှစ်နှင့်အထက်ဆောင်ရွက်ရမည့် လုပ်ငန်းစီမံကိန်းများကို  သတ်မှတ်ကာလအတွင်း ပြီးစီးနိုင်ရေး၊ ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်၌ ရန်ပုံငွေပြန်လည်အပ်နှံခြင်းနှင့် အမှန်သုံးစွဲနိုင်မှုမရှိဘဲ နှစ်လွန်အသုံးစရိတ် စာရင်းတင်ခြင်းများ မဖြစ်ပေါ်စေရေး၊ စီမံကိန်းနှောင့်နှေး ကြန့်ကြာမှု/မပြီးစီးမှုများ လျော့နည်းစေရေး၊ ခွင့်ပြုရန်ပုံငွေများကို    စီးပွားရေးတွက်ခြေကိုက်စွာ/ခြိုးခြံချွေတာစွာ၊    စွမ်းဆောင်ရည်ပြည့်ဝစွာနှင့် ထိရောက်စွာစီမံခန့်ခွဲစေရေး၊  တည်ဆဲဥပဒေ၊  နည်းဥပဒေ၊  စည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြား ချက်များနှင့်အညီ ဖြစ်စေရေးတို့အတွက် လုပ်ငန်းနှင့်လုပ်ငန်းစီမံကိန်းများ (အလျင်အမြန်အောင်မြင်မှု   ရရှိနိုင်မည့်လုပ်ငန်းများနှင့် ဦးစားပေးရင်းနှီးမြှုပ်နှံမှု လုပ်ငန်းကြီးများ)ကို အချိန်နှင့်တစ်ပြေးညီစစ်ဆေး ခြင်းကို ဆောင်ရွက်ရန် လိုအပ်လျက်ရှိပါသည်။

 


အချိန်နှင့်တစ်ပြေးညီစစ်ဆေးခြင်း ဆောင်ရွက်ခြင်းဖြင့် ရရှိနိုင်သည့် အကျိုးကျေးဇူးများကို  အောက်ပါ အတိုင်း အကျဉ်းချုပ်တင်ပြအပ်ပါသည် -

 


    (က)        မူဝါဒချမှတ်ခြင်းနှင့် လုပ်ငန်းများအကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရနိုင် သည့် အဓိကပြဿနာရပ်များကို အချိန်နှင့်တစ်ပြေးညီ ဖော်ထုတ်နိုင်စေခြင်း၊
    ( ခ )    နောင်ကာလတွင်   ပေါ်ပေါက်လာနိုင်ဖွယ်ရှိသည့်   ချို့ယွင်းချက်၊  အားနည်းချက်များကို လျော့နည်းစေနိုင်မည့် အကြံပြုချက်များ ပေးနိုင်ခြင်း၊
    ( ဂ )    ချမှတ်ထားသော ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့်၊  ညွှန်ကြားချက်များအား ရည်ရွယ်ချက်ရှိစွာ ချိုးဖောက်မှုများကို တားဆီးခြင်းနှင့် စောင့်ကြပ်စိစစ်ခြင်းတို့တွင် ကူညီပေး နိုင်ခြင်း၊
    (ဃ)    ရည်ရွယ်ချက်ရှိစွာဖြင့်ဆောင်ရွက်သော ဆုံးရှုံးမှု၊ လေလွင့်ပြုန်းတီးမှုနှင့် အဂတိလိုက်စားမှုတို့ မဖြစ်စေရေး ဟန့်တားနိုင်ခြင်း၊ 
    ( င )    ရန်ပုံငွေများအား သုံးစွဲမှုနှင့် စီမံခန့်ခွဲမှု၊ လုပ်ငန်းစီမံကိန်း၏ အထွေထွေစီမံခန့်ခွဲမှုဆိုင်ရာ လုပ်ဆောင်ချက်များအား တိုးတက်လာနိုင်စေခြင်း၊ 
အကျဉ်းချုပ်အားဖြင့်  Real Time Audit သည် လုပ်ငန်းစီမံကိန်းနှင့်    လုပ်ငန်းစဉ်တစ်ခုလုံးကို စဉ်ဆက်မပြတ် အချိန်နှင့်တစ်ပြေးညီ စောင့်ကြည့်စိစစ်၍ စစ်ဆေးခြင်း၊ စီမံခန့်ခွဲမှုတိုးတက်ကောင်းမွန် ရန်အလို့ငှာ တရားမဝင်ကိစ္စရပ်များ၊ အမှားများနှင့် ဥပ‌ဒေနှင့်မညီညွတ်သည်များကို ရှာဖွေဖော်ထုတ်၍ ပြုပြင်ရေးတိုက်တွန်းရန်နှင့် ရင်းနှီးမြှုပ်နှံမှုမှပြန်ရချက် တိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြစ်ပါသည်။

 


သို့ဖြစ်၍   အချိန်နှင့်တစ်ပြေးညီစစ်ဆေးခြင်း Real Time Audit ဖြင့်  နိုင်ငံပိုင်ကဏ္ဍစစ်ဆေးမှု စွမ်းဆောင်ရည် မြင့်မားလာစေနိုင်သည်နှင့်အမျှ ဒေသတွင်းကောင်းမွန်သည့် အုပ်ချုပ်မှုစနစ် ပိုမိုတိုးတက် မြင့်မားလာစေရန် အထောက်အကူပြုနိုင်စေမည်ဖြစ်ပါကြောင်း ရေးသားတင်ပြလိုက်ရပါသည်။       ။