အခေါက်ရွှေစျေးနှင့် ပတ်သက်၍ အွန်လိုင်းထက်တွင် ကောလာဟလ ဖြန့်ဝေမှုများရှိခဲ့ရာ တရားဝင်ကြေညာချက်များကိုသာ ယုံကြည်ရန် YGEA ဥက္ကဋ္ဌပြော

 

ရန်ကုန်    ဖေဖော်ဝါရီ   ၁၄


အခေါက်ရွှေစျေးနှင့်ပတ်သက်၍ အွန်လိုင်းထက်တွင် ကောလာဟလ ဖြန့်ဝေမှုများရှိခဲ့ရာ တရားဝင် ကြေညာချက်များကိုသာ ယုံကြည် ကြရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) ၏ ဥက္ကဋ္ဌ ဦးမျိုးမြင့်က ပြောသည်။


အခေါက်ရွှေစျေးနှင့် ပတ်သက်၍ ဖေဖော်ဝါရီ ၁၃ ရက်တွင် ရွှေစျေး သိန်း ၄၀ ပေါက်စျေးရှိနေသည်ဟု  ရွှေစျေးနှင့်  ပတ်သက်၍ လူအများ   စိတ်ဝင်တစား  စောင့်ကြည့်ရာ  လူမှုကွန်ရက်ဖေ့စ်ဘွတ် ဂရုတစ်ခု တွင်  သုံးစွဲသူတစ်ဦးက သတင်းမှား ရေးသားခဲ့ပြီး သတင်းမှားအပေါ် လူစိတ်ဝင်စားမှု အတန်အသင့်များခဲ့ရာ အထက်ပါ သတင်းမှားနှင့် ပတ်သက်၍  မေးမြန်းရာတွင်  ၎င်းက အထက်ပါအတိုင်း ပြောကြား ခဲ့ခြင်းဖြစ်သည်။ “ကောလာဟလကတော့ တရားဝင်လည်း ဒီဘက်မှာ ကြေညာထားတာရှိတယ်။ နောက် ကျွန်တော်တို့ဘက်က ဒီဘက်က UAB Pay ရှိတယ်။ CB ဘဏ်ကနေ One Pay ရှိတယ်။ အဲဒီမှာတွေလည်း ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး တရားဝင်စျေးတွေ ထုတ်ပြန်ပေးနေတာ ရှိပါတယ်” ဟု ဦးမျိုးမြင့်က ဆိုသည်။


အဆိုပါ ကိစ္စနှင့်ပတ်သက်၍ ကောလာဟလများကို မယုံကြည်ကြ ရန်အတွက်လည်း  ဦးမျိုးမြင့်က  ထပ်မံပြောကြားသည်။  YGEA  မှ ဖေဖော်ဝါရီ ၁၃ ရက် မွန်းလွဲ ၂ နာရီခွဲ ထုတ်ပြန်သည့် အကယ်ဒမီ မီးလင်း ရွှေစျေးကွက် အပိတ်ဈေးနှုန်းမှာ ကျပ်သုံးဆယ့် ခြောက်သိန်း လေးသောင်း ငါးထောင်ဖြစ်ကြောင်း သိရသည်။      

ထက်ဦးမောင်