
နေပြည်တော် အောက်တိုဘာ ၅
ကျောက်ကြီးတပ်နယ်၊ နယ်မြေခံတပ်ရင်းမှ ဗိုလ်မှူး မျိုးမင်းထွန်း သည် ရှေ့တန်းစစ်ဆင်ရေးတာဝန်ထမ်းဆောင်နေစဉ် အကြောင်းအမျိုးမျိုး ကြောင့် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်တွင် တာဝန်ကျရာစခန်းမှ အကြောင်းမဲ့ လက်နက်မဲ့ ခွင့်မဲ့ပျက်ကွက်ခဲ့သည်။ ခွင့်မဲ့ပျက်ကွက်ပြီး နောက် မတ် ၂၀ ရက်မှစတင်၍ NUG ၊ CRPH အကြမ်းဖက်အဖွဲ့၏ စေခိုင်းချက်အရ တပ်မတော်ဆိုင်ရာကိစ္စရပ်များနှင့် တပ်တွင်း စည်းလုံးမှုပျက်ပြားစေနိုင်သော အကြောင်းအရာများကို လုပ်ကြံဖန်တီး ထားသည့် ပြောဆိုချက်များအား လူမှုကွန်ရက်များတွင် ထုတ်လွှင့် ခဲ့သည်။ ထို့နောက် အဆိုပါအရာရှိသည် CDM ပြုလုပ်စဉ် တွန်းအား ပေးစေခိုင်းခြင်း၊ ခွဲခြားဆက်ဆံခံရခြင်းနှင့် လူနေမှုဘဝလုံခြုံမှုမရှိခြင်း တို့ကြောင့် အမြင်မှန်ရရှိကာ ၎င်းကျူးလွန်ခဲ့သော ပြစ်မှုများအတွက် တပ်မတော်နှင့်နိုင်ငံတော်က ပေးအပ်သော ပြစ်ဒဏ်ကိုခံယူမည်ဖြစ် ကြောင်း ဆုံးဖြတ်၍ တပ်မတော်သို့ ပြန်လည်ဆက်သွယ်ကာ ဥပဒေ ဘောင်အတွင်းသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ အဆိုပါအရာရှိ၏ ပြောကြားချက်များကို အောက်ပါအတိုင်း ဖော်ပြလိုက်ပါသည်-
“၂၀၂၁ ခုနှစ် တပ်မတော်က အာဏာထိန်းပြီးနောက်ပိုင်း ကျွန်တော် အပါအဝင် မိသားစုများကို အကြမ်းဖက် NUG ၊ NLD ထောက်ခံ အားပေးသူများက အကြောင်းမဲ့ မုန်းတီးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ငါနှင့် မတူ ငါ့ရန်သူဟု သဘောထားခြင်းများ ပြုလုပ်လာခဲ့ပါတယ်။
“ယာယီတပ်ရင်းမှူးတာဝန်ထမ်းဆောင်နေစဉ် ကာလအတွင်း မှာလည်း တပ်တည်ဆောက်ရေးလုပ်ငန်းအတွက် တပ်ရင်းရန်ပုံငွေ သုံးစွဲရာမှာ ကြပ်မတ်နိုင်မှုမရှိတဲ့အတွက် ငွေကြေးအခက်အခဲ ဖြစ်ပေါ် လာခြင်း၊ တပ်ရင်းစိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို လုပ်ထုံး လုပ်နည်းများနှင့်အညီ လုပ်ဆောင်ခဲ့မှုမရှိဘဲ တပ်ရင်းရန်ပုံငွေများကို တရားမဝင် သုံးစွဲခဲ့ခြင်း၊ ကျွန်တော့်အနေနဲ့ အရာရှိ/စစ်သည်များ အပေါ် အပြည့်အဝကွပ်ကဲမှုမပြုလုပ်နိုင်ခြင်းစတဲ့ အခက်အခဲတွေ့ကြုံ တွေ့နေရချိန် လူမှုကွန်ရက်များပေါ်မှာ တပ်မတော်သားတွေ CDM ပြုလုပ်မယ်ဆိုရင် ဩစတြေးလျနိုင်ငံသို့ သွားရောက်ခွင့်ရမယ်ဆိုတဲ့ NUG ရဲ့ စည်းရုံးမှုများကြောင့် CDM ပြုလုပ်ဖို့ ဖြစ်လာခဲ့ပါတယ်။
“ဖာပွန်မြို့နယ်ကို စစ်ဆင်ရေးတာဝန်ဖြင့် ရောက်ရှိချိန်မှာ ညီသုတနဲ့ ချိတ်ဆက်ခဲ့ပါတယ်။ အဲ့ဒီနောက် ညီသုတက CDM ပြုလုပ် ပြီးရင် ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ကတစ်ဆင့် တတိယနိုင်ငံဖြစ်တဲ့ ဩစတြေးလျနိုင်ငံကို ပို့ဆောင်ပေးမှာဖြစ်ကြောင်း ပြန်လည်ပြောဆိုခဲ့ တဲ့အတွက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၂၄ ရက်မှာ CDM ပြုလုပ်ခဲ့ပြီး ထိုင်းနိုင်ငံဘက်ခြမ်းကို သောင်ရင်းမြစ်ကို စက်လှေနဲ့ဖြတ်ကူးခဲ့ပါ တယ်။ ပြီးတော့ ထိုင်းနိုင်ငံ၊ မဲလမတ်မြို့နယ်မှတစ်ဆင့် မော်တော်ယာဉ် တစ်စီးနဲ့ လိုက်ပါပို့ဆောင်ခဲ့ရာ မဲဆောက်မြို့၊ ကတ်ပိဘန်းရပ်ကွက်၊ ဆာမူးထော်အမည်ရှိတဲ့ ရွှေ့ပြောင်းမြန်မာ စာသင်ကျောင်းကို ရောက်ရှိ ခဲ့ပါတယ်။
တပ်တွင်းစည်းလုံးညီညွတ်ရေးပျက်ပြားစေမယ့် အချက်အလက်များ အဓိက ဆွေးနွေးခဲ့
“ဆာမူးထော် ရွှေ့ပြောင်းမြန်မာစာသင်ကျောင်းမှာ CDM ဝန်ထမ်း တွေ၊ နိုင်ငံရေးသမားတွေ ထိုင်းနိုင်ငံဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင် လာရင် အဲဒီကျောင်းကို ကြားစခန်းတစ်ခုအဖြစ် ထားရှိပါတယ်။ ကျွန်တော်ရောက်ရှိချိန်မှာ ၁၅ ဦးခန့် ခိုလှုံနေထိုင်နေပြီး အဲ့ဒီမှာ ရက် ၂၀ ခန့် နေထိုင်ခဲ့ပါတယ်။ နေထိုင်စဉ်မှာ CDM အဖွဲ့တွေကို Media နဲ့တွေ့ဆုံဖို့ တွန်းအားပေးမှုတွေ့ရှိတဲ့အတွက် “ပြည်သူ့ ပန်းတိုင်” Facebook page မှ CDM ပြုလုပ်ထားတဲ့ ညီသုတနဲ့ ချိတ်ဆက်ပြီးတော့ သူတို့ဖြေကြားစေလိုတဲ့ တပ်တွင်းစည်းလုံး ညီညွတ်ရေးပျက်ပြားစေမယ့် အချက်အလက်များပါဝင်ဖို့ အဓိက ဆွေးနွေးခဲ့ပါတယ်။ ၂၀ ရက်နေ့မှာ အမေး/အဖြေ ပြုလုပ်ခဲ့ပြီး “ပြည်သူ့ပန်းတိုင်” Facebook page မှာ ပြန်လည်ဖော်ပြခဲ့ကြောင်း သိရှိခဲ့ရပါတယ်။
“အဲဒီပြုလုပ်ခဲ့တဲ့ အင်တာဗျူးပါ အကြောင်းအရာတွေကို ကျွန်တော်နဲ့ ညီသုတ တိုင်ပင်ပြီး ပြောကြားခဲ့တာဖြစ်ပါတယ်။ ညီသုတ အနေနဲ့လည်း NUG ရဲ့ စေခိုင်းချက်အတိုင်း မေးခွန်းတွေ ပြုလုပ်ပြီး မေးမြန်းခဲ့ပါတယ်။ အဓိကအကြောင်းအရာတွေအနေနဲ့တော့ ကျွန်တော်ဘာကြောင့် CDM လုပ်ခဲ့တယ်ဆိုတာတွေ၊ တပ်မတော်သား များနဲ့ ဝန်ထမ်းများ CDM လုပ်လာစေဖို့ လှုံ့ဆော်မှုတွေ၊ ပြည်သူတွေကို မျှော်လင့်ချက်အမှားတွေပေးစေဖို့ အဓိကရည်ရွယ်ထားတဲ့ မေးခွန်း တွေပဲဖြစ်ပါတယ်။ ကျွန်တော်မှတ်မိသလောက် စစ်ကိုင်းတိုင်းဘက် မှာတပ်မတော်က ပြည်သူတွေကို တိုက်ခိုက်ခဲ့တယ်ဆိုတာတွေ၊ စစ်သည်တွေအနေနဲ့ CDM ပြုလုပ်ဖို့ဆန္ဒရှိတယ်ဆိုတာတွေကို မဟုတ် မမှန် ပြောကြားခဲ့ရပြီး အဓိကအားဖြင့် ကျွန်တော်တို့ တပ်မတော် အတွင်း စည်းလုံးမှုပြိုကွဲစေရေး ပြောကြားခဲ့ရပါတယ်။
ဥပဒေမဲ့ လူသတ်၊ အကြမ်းဖက်၊ ဗုံးခွဲဖျက်ဆီး အကြမ်းဖက် လုပ်ရပ်တွေနဲ့ ပြည်တွင်းမှာ အာဏာတည်ဆောက်နေ
“အကြမ်းဖက် NUG အနေနဲ့ ဥပဒေမဲ့လုပ်ရပ်တွေဖြစ်တဲ့ လူသတ်၊ အကြမ်းဖက်၊ ဗုံးခွဲဖျက်ဆီး စတဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပြည်တွင်း မှာ အာဏာတည်ဆောက်နေတာကို ဆက်လက်မြင်တွေ့နေခဲ့ရပါ တယ်။ ကျွန်တော့်အနေနဲ့ CDM ပြုလုပ်မယ်ဆိုရင် တတိယနိုင်ငံတွေကို သွားရောက်နေထိုင်ရမယ်လို့ ထင်ခဲ့ပေမယ့်လည်း သွားရောက်ခဲ့ရခြင်း မရှိခဲ့ပါဘူး။ ပြီးတော့ ကျွန်တော့်အနေနဲ့ မိသားစုအသိုင်းအဝိုင်းကို စွန့်လွှတ်ပြီး မျှော်လင့်ချက်ကြီးစွာ ထားခဲ့ပေမယ့်လည်း ကျွန်တော် တို့ရဲ့ ယုံကြည်ချက်တွေအတိုင်း ရရှိခဲ့ခြင်းမရှိပါဘူး။ ကျွန်တော့်အနေနဲ့ ကွန်ပျူတာ သိပ္ပံဘွဲ့ရရှိထားသူတစ်ဦးဖြစ်တဲ့အတွက် သူတို့ပြောခဲ့သလို ဩစတြေးလျမှာ မည်သည့်အလုပ်မျိုးမဆို လုပ်ကိုင်ပြီး နေထိုင် ရပ်တည်နိုင်မယ်လို့ ထင်ခဲ့ပေမယ့် သွားရောက်ဖို့ ဆောင်ရွက်ပေးခြင်း မျိုးတောင်မရှိခဲ့ပါဘူး။ သာမန်ရွှေ့ပြောင်းအလုပ်သမားတွေလိုမျိုးပဲ ကျွန်တော့်ကို ဆက်ဆံခဲ့ပါတယ်။ ဒါကြောင့်မို့လို အကြမ်းဖက် NUG အဖွဲ့အနေနဲ့ သူတို့ရဲ့ အခွင့်အရေးတွေ၊ လိုအပ်ချက်တွေ မဖြည့်ဆည်း နိုင်တော့တဲ့ လူတွေ၊ အသုံးမဝင်တော့တဲ့ လူတွေကို နိုင်ငံမဲ့တစ်ဦးလို ဆက်ဆံခဲ့ကြောင်းကို ကိုယ်တွေ့ကြုံခဲ့ရပါတယ်။ မိသားစုတွေကို မကာကွယ်နိုင်ရုံသာမက မိမိကိုယ်တိုင်တောင် မရပ်တည်နိုင်တဲ့ အတွက် နောင်တကြီးစွာရမိပါတယ်။ CDM ပြုလုပ်ခဲ့တဲ့ ကာလ အတွင်းမှာလည်း တပ်မတော်စခန်းတွေကို အကြိမ်ကြိမ်တိုက်ခိုက်ဖို့ ဖိအားပေးပြောဆိုခဲ့ခြင်းတွေခံခဲ့ရပါတယ်။ ထိုင်းနိုင်ငံကို တရားမဝင် ရောက်ရှိနေတဲ့ CDM တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေနဲ့ အရပ်ဘက် ဌာဆိုင်ရာဝန်ထမ်းတွေရဲ့ နေ့စဉ်ကြုံတွေ့နေရတဲ့ စိတ်ပိုင်းဆိုင်ရာ မလုံခြုံမှုတွေ၊ နေ့စဉ်စားဝတ်နေရေးခက်ခဲမှုတွေ၊ NUG အကြမ်းဖက် အဖွဲ့အတွက် အသုံးမဝင်တဲ့ ဝန်ထမ်းတွေကို လျစ်လျူရှုထားတဲ့ အတွက် အနာဂတ်ပျောက်ဆုံးပြီး နိုင်ငံမဲ့သူအဖြစ် ကြုံတွေ့နေရမှုတွေ ကို ကိုယ်တိုင်မြင်တွေ့ခဲ့ရပါတယ်။ ပြီးတော့ လူမှုကွန်ရက်တွေ အသုံးချလိမ်ညာပြီး အလှူခံစားမှုတွေကို တွေ့ရှိခဲ့ရပါတယ်။
ကျွန်တော်တို့တွေကိုလည်း Media တွေကိုအသုံးချပြီး သူတို့ရဲ့ ဝါဒဖြန့် ဖို့အတွက်သာ ဆောင်ရွက်နေတာကိုလည်း သိရှိခဲ့ရပါတယ်။ CDM ပြုလုပ်ခဲ့တဲ့ ကာလတစ်လျှောက်မှာလည်း PDF အကြမ်းဖက် အဖွဲ့ဝင် တွေကို လူသားဒိုင်းအဖြစ်အသုံးပြုပြီး တိုက်ပွဲမှာ သေဆုံးရင် သူတို့ အတွက် နိုင်ငံရေးအသုံးချမှုတွေမှာ ပိုမိုအသုံးဝင်လာတာကိုလည်း တွေ့ရှိခဲ့ရပါတယ်။
“UNHCR အကူအညီနဲ့ ဩစတြေးလျနိုင်ငံအပါအဝင် တတိယ နိုင်ငံတွေကို ပို့ဆောင်ပေးမယ်ဆိုတဲ့ဝါဒဖြန့်မှုတွေက လိမ်ညာလုပ်ကြံ ထုတ်လွှင့်မှုတွေ၊ မက်လုံးပေး စည်းရုံးမှုတွေသာဖြစ်တဲ့အတွက် အခုကာလမှာ နိုင်ငံမဲ့တစ်ဦးအနေနဲ့ ရပ်တည်နေရပြီး ဘဝလုံခြုံမှုမရှိဘူးလို့ခံစားခဲ့မိပါတယ်။ ပြီးတော့ ကျွန်တော့်ရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေ၊ စစ်သည်တွေအပေါ် CDM ပြုလုပ်ဖို့ တိုက်တွန်းခဲ့တဲ့ အတွက်လည်း များစွာရှက်ရွံ့ခဲ့ပြီး သူတို့ရဲ့နိုင်ငံတော်နဲ့ တပ်မတော် အပေါ်ထားရှိတဲ့ စိတ်ဓာတ်ကို များစွာလေးစားခဲ့မိပါတယ်။ ဥပဒေမဲ့ ဆောင်ရွက်နေတဲ့ အကြမ်းဖက် အသိုင်းအဝိုင်း၊ အာမခံချက်မရှိတဲ့ အသိုင်းအဝိုင်းကနေ မိမိနိုင်ငံရဲ့ ဥပဒေဘောင်အတွင်း ပြန်လည် ဝင်ရောက်နေထိုင်နိုင်ဖို့ ဆုံးဖြတ်ခဲ့ပြီး အခုလို မိမိကိုယ်တိုင် ဆက်သွယ် ဆောင်ရွက်ခဲ့ခြင်းပဲဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုလို ကြည်ကြည် ဖြူဖြူနဲ့ လက်ခံပေးတဲ့အတွက် များစွာကျေးဇူးတင်မိပါတယ်။
“တပ်မတော်သား အရာရှိ/စစ်သည်များအနေနဲ့ ဆိုရှယ်မီဒီယာ တွေအပေါ်မှာ ဆန့်ကျင်ဘက်အဖွဲ့အစည်းများရဲ့ မက်လုံးပေး စည်းရုံး မှုတွေကို နားယောင်ပြီး စစ်ပြေးမှုကို ကျူးလွန်မယ်ဆိုရင် အကြမ်းဖက် NUG တို့ရဲ့ အထောက်အပံ့နဲ့ မှီခိုရှင်သန်နေရမှာဖြစ်ပြီး သူတို့အလိုကျ ဆိုရှယ်မီဒီယာပေါ်မှာ ပြောဆိုပေးရတာတွေ၊ သူတို့ခိုင်းတဲ့အတိုင်း အကြမ်းဖက်လုပ်ရပ်တွေမှာ ပါဝင်ပတ်သက်လုပ်ကိုင်ရခြင်းတွေကို မလွှဲမသွေ လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။
မည်သည့် အစိုးရလက်ထက်တွင်ဖြစ်စေ
တရားခံပြေးများအဖြစ် ရှိနေမှာဖြစ်
“ဒါ့အပြင် စစ်ပြေးစစ်သည်များရဲ့ ဘဝမှာလည်း ပြစ်မှုကျူးလွန်သူ ဝရမ်းပြေးဘဝနဲ့ အမြဲတိမ်းရှောင်ပုန်းအောင်းနေရပြီး မည်သည့် အစိုးရလက်ထက်တွင်ဖြစ်စေ တရားခံပြေးများအဖြစ် ရှိနေမှာဖြစ်တဲ့ အတွက် တစ်သက်လုံး လူတောမတိုးတဲ့ ဘဝတွေအဖြစ် ရှင်သန်နေထိုင်သွားရမှာဖြစ်ပါတယ်။ အကြမ်းဖက် NUG ၊ CRPH တို့ရဲ့ စည်းရုံး မှုဖြစ်တဲ့ ဩစတြေးလျစတဲ့ အခြားတတိယနိုင်ငံတွေမှာ နေထိုင်ခွင့် ပေးမယ်ဆိုတဲ့ ဝါဒဖြန့်မှုကို ယုံကြည်မယ်ဆိုရင် တကယ်ရောက်ရှိ ခဲ့ရင်တောင် ကိုယ့်မွေးရပ်မြေကို မည်သည့်အခါမျှ ပြန်လည်ခြေချခွင့် မရှိတော့တဲ့အပြင် မိသားစုဝင်များရဲ့ အလုပ်အကိုင်၊ လူမှုစီးပွားရေး ကိစ္စရပ်များလည်း များစွာထိခိုက်သွားနိုင်ပါတယ်။ ကျွန်တော်သိရှိ သလောက် ဩစတြေးလျနိုင်ငံကို ရောက်ရှိနေတဲ့ တပ်မတော်သား တွေ၊ ရဲဝန်ထမ်းတွေ၊ အရပ်သားဝန်ထမ်း၊ CDM သမားများ တစ်ဦး တစ်ယောက်မှရောက်နေကြောင်း မကြားမိပါဘူး။ ကျွန်တော့်လို တပ်ရင်းမှူးအဆင့် ဘွဲ့ရတစ်ဦးကိုတောင် ဩစတြေးလျကို မရောက် ဘူးဆိုရင် ကျန်တဲ့အခြားအဆင့် စစ်သည်တွေကို ဩစတြေးလျကို သွားဖို့ ပြုလုပ်ပေးမယ်ဆိုတာကတော့ လုံးဝဖြစ်နိုင်စရာ အကြောင်း မရှိပါဘူး။ ဒါကြောင့်မို့ တပ်မတော်သားတွေ၊ ဝန်ထမ်းတွေအပေါ်မှာ CDM ပြုလုပ်ဖို့ စည်းရုံးပြောကြားခဲ့တဲ့အတွက် အားနာမိပြီး ပြန်လည် တောင်းပန်အပ်ပါတယ်။ ကျွန်တော့်အနေနဲ့ ယုံကြည်ချက်၊ ခံယူချက် လွဲမှားစွာ ပြုလုပ်ခဲ့မိတဲ့အတွက်လည်း များစွာနောင်တ ရခဲ့မိပါတယ်။ ဒါကြောင့် သတင်းတု သတင်းမှားတွေကို ယုံကြည် ခြင်း၊ ကိုယ့်ရဲ့ တဒင်္ဂဆုံးဖြတ်ချက် အမှားကြောင့် ကိုယ်ကိုယ်တိုင် သာမက ကိုယ့်ရဲ့မိသားစုဝင်များအပေါ် ပျက်စီးရာ ပျက်စီးကြောင်း ကို မလုပ်မိစေဖို့နဲ့၊ လူမှုကွန်ရက်တွေပေါ်မှာ ဆန့်ကျင်ဘက်အဖွဲ့ အစည်းတွေရဲ့ ဆုကြေးနဲ့ CDM လုပ်ဖို့ စည်းရုံးသိမ်းသွင်းမှုတွေကို နားမယောင်ဘဲ နိုင်ငံတော်အပေါ် သစ္စာစောင့်သိဖို့ တိုက်တွန်း လိုက်ပါတယ်။
အကြမ်းဖက် NUG ရဲ့ အသုံးချခံ မဖြစ်စေဖို့
နိုင်ငံတော်ရဲ့ စိတ်ရင်းစေတနာအမှန်ကို သိရှိနားလည်စေလို
“လူမှုကွန်ရက်တွေမှာ အကြမ်းဖက် NUG ၊ PDF အဖွဲ့တွေအနေနဲ့ ဘယ်နေရာတွေကို ဘယ်လောက်ထိန်းချုပ်ထားပြီး ဘယ်လောက် နိုင်နေပြီလို့ပြောနေပေမယ့်လည်း သူတို့ရဲ့အုပ်ချုပ်ထောက်ပံ့မှုကိုတောင် မလုပ်ဆောင်နိုင်တဲ့အပြင် ခိုလှုံနေရတဲ့သူတွေအဖို့ မလုံမခြုံ ဘဝနဲ့ ကျီးလန့်စာစား နေနေရတာကို မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ ရပါတယ်။ ဒါကြောင့်မို့ ဥပဒေမဲ့ နိုင်ငံမဲ့တစ်ယောက်လို နေထိုင် နေရတဲ့ ကျွန်တော်တို့ နိုင်ငံသားတွေအနေနဲ့ အမိနိုင်ငံကို ပြန်လည် ဝင်ရောက်ဖို့ ဥပဒေနဲ့အညီနေထိုင်ပြီး ဆုံးရှုံးနေတဲ့ နိုင်ငံသား တစ်ယောက်ရဲ့ အခွင့်အရေးတွေ ပြန်လည်ရရှိဖို့ အချိန်မနှောင်း သေးဘူးလို့ ပြောချင်ပါတယ်။ ဒါကြောင့်မို့ အခုအချိန်က ပြန်လည် ဝင်ရောက်လာဖို့ အချိန်အခါကောင်း ပဲဆိုတာကို ထပ်လောင်းပြော ကြားလိုပါတယ်။ အကြမ်းဖက် NUG ရဲ့ အသုံးချခံမဖြစ်စေဖို့ ကျွန်တော်တို့လို သူတို့ အသုံးချပြီးတဲ့အခါမှာ လွှင့်ပစ်ခဲ့သလိုမျိုး မဖြစ်ရလေအောင် နိုင်ငံတော်ရဲ့ စိတ်ရင်းစေတနာအမှန်ကို သိရှိ နားလည်စေလိုကြောင်း ပြောကြားလိုပါတယ်။
“ကျွန်တော်အနေနဲ့လည်း တပ်တစ်တပ်ကို ဦးစီးဦးဆောင်ပြု ရတဲ့ အရာရှိတစ်ဦးဖြစ်ပေမယ့် တာဝန်ပေါ့လျော့ခဲ့တာ အများနဲ့ ဆိုင်တဲ့ တပ်ရန်ပုံငွေတွေကို တရားမဝင်သုံးစွဲခဲ့တာ၊ ခွင့်မဲ့ပြုလုပ်ပြီး CDM ဝင်ခဲ့တာ၊ NUG အဖွဲ့ရဲ့ ခိုင်းစေတဲ့အတိုင်း လိမ်ညာပြောဆိုခဲ့ တာတွေ အတွက် ကြီးလေးတဲ့ပြစ်ဒဏ်တွေကို ချမှတ်ခံရမယ်ဆိုတာ သိပါတယ်။ ဒါပေမယ့် ကိုယ်တိုင်ကြုံတွေ့ရတဲ့ ပကတိအခြေ အနေမှန်တွေအရ အသိတရားရခဲ့လို့ ဘယ်သူရဲ့ တိုက်တွန်းချက်မှ မပါဘဲ နိုင်ငံတော်နဲ့ တပ်မတော်က ပေးအပ်တဲ့အပြစ်ကို ကြည်ဖြူ စွာ ခံယူမယ်လို့ ဆုံးဖြတ်ခဲ့တာပါ။ ပေးတဲ့ပြစ်ဒဏ်ကို ကျေနပ်စွာ ခံယူပြီးရင်တော့ သာမန်လူကောင်းတစ်ယောက်အဖြစ် မိသားစုနဲ့ အတူ နေထိုင်သွားပါမယ်။ ကျေးဇူးတင်ပါတယ်။”
သတင်းစဉ်