
အဲဗာတန်အသင်းသည် ယခု နွေရာသီတွင် အက်စ်တွန်ဗီလာ ခံစစ်ကစားသမားဟောင်း အက်ရှ် လေယန်းကို အလွတ်ပြောင်းရွှေ့ ကြေးဖြင့် တစ်နှစ်ခေါ်ယူစာချုပ် လိုက်ကြောင်း သိရသည်။
ထို့ကြောင့် အသက် ၃၈ နှစ် အရွယ်ရှိ ယန်းသည် နည်းပြ ဒိုက်ချီ လက်ထက် အဲဗာတန်အသင်း၏ ပထမဆုံးခေါ်ယူသည့် ကစားသမား ဖြစ်လာခဲ့သည်။ ၎င်းသည် ဆွစ်ဇာလန်နိုင်ငံ၌ ရာသီအကြို လေ့ကျင့် ရေးလုပ်နေသည့် အဲဗာတန်အသင်းနှင့် ပူးပေါင်းသွားမည် ဖြစ်သည်။
အဲဗာတန်အသင်းသည် ဇန်နဝါရီလတွင် ဘန်လေနည်းပြဟောင်း ဒိုက်ချီကို အသင်းနည်းပြအဖြစ် ခန့်အပ်ခဲ့ပြီး ရာသီပိတ်သိမ်းချိန်တွင် အသင်းကို တန်းဆင်းဇုန်မှ လွတ်မြောက်ရန် ကူညီပေးထားနိုင်သည်။ ယန်းသည် ပြီးခဲ့သည့်နှစ်က အက်စ်တွန်ဗီလာအသင်း၌ ၃၂ ပွဲအပါအဝင် ကလပ်နှင့် နိုင်ငံအသင်းအတွက် ပွဲပေါင်း ၇၀၀ ကျော် ကစားထားသည်။ အခြားသတင်းတစ်ရပ်တွင် အဲဗာတန်အသင်းအနေဖြင့် မန်ယူအသင်းမှ အန်တိုနီအီလန်ဂါကိုလည်း ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း ဖော်ပြထားသည်။
အဲဗာတန်အသင်းသည် ဇူလိုင် ၁၄ ရက်တွင် ဆွစ်ဇာလန်ကလပ် စတာဒီနိုင်ယွန်နိစ်နှင့် ခြေစမ်းပွဲယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။
အောင်ဇော်