အိုင်ဖုန်း၏ iOS ဗားရှင်းသစ်တွင် နှာခေါင်းစည်းတပ်ပြီးဖွင့်နိုင်သည့် Face ID စနစ်အသစ် ပါဝင်လာ

 

ရန်ကုန် မတ် ၂၆


အိုင်ဖုန်း၏ နောက်ဆုံးထွက်ဖုန်းများဖြစ်သည့် iPhone 12 နှင့် 13 စီးရီးများအတွက် မတ် ၁၄ ရက်က အပ်ဒိတ်ပေးခဲ့သော iOS ဗားရှင်း 15.4 တွင် နှာခေါင်းစည်းကိုမချွတ်ဘဲ Face ID ဖြင့် ဖုန်းကို လော့ခ်ဖွင့်နိုင်သည့်စနစ် စတင်ပါဝင်လာသည်။ 

 


ထိုစနစ်ကိုအသုံးပြုရန်အတွက်   ဖုန်း၏   ဆက်တင်ထဲမှတစ်ဆင့် Face ID & Passcode သို့ ဝင်၍  'Use Face ID With a Mask' ကို ရွေးချယ်ကာ  နှာခေါင်းစည်း တပ်ထားသောပုံစံဖြင့် Scan ဖတ်ပေးရမည်ဖြစ်ပြီး ပြီးစီးပါက နှာခေါင်းစည်းတပ်ထား သည့်အချိန်တွင်လည်း ဖုန်းကို Face ID ဖြင့် လော့ခ်ဖွင့်နိုင်မည်ဖြစ်သည်။

 


Apple အနေဖြင့် အဆိုပါ ဖုန်းလော့ခ်ဖွင့်သည့်စနစ်နှင့် ပတ်သက်၍ နှာခေါင်းစည်း တပ်ထားသည့်အချိန်တွင်  မျက်နှာ၏အောက်ပိုင်းကို scan မဖတ်နိုင်သော်လည်း မျက်လုံးနှင့် မျက်လုံးဧရိယာတစ်ဝိုက်ရှိ ထူးခြားမှုများကို scan ဖတ်၍ ဖုန်းဖွင့်ပေးခြင်း ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားကာ  အဆိုပါစနစ်၏ လုံခြုံရေးပိုင်းနှင့်ပတ်သက်၍ အသေးစိတ်ပြောကြားထားခြင်း မရှိသေးပေ။ လက်တွေ့စမ်းသပ်အသုံးပြုပြီးသူများကမူ လုံခြုံစိတ်ချရကြောင်းနှင့် နှာခေါင်းစည်းတပ်ထားသည့်တိုင် ပိုင်ရှင်၏မျက်နှာကို အတိအကျ  scan  ဖတ်ပေးနိုင်ပြီး ပိုင်ရှင်မဟုတ်သူများကိုလည်း လော့ခ်ဖွင့်ပေးခြင်း မရှိကြောင်း ထောက်ခံပြောကြားထားသည်။ iOS ဗားရှင်း 15.4 ကို မြန်မာနိုင်ငံတွင် လည်း ရနေပြီဖြစ်ရာ iPhone 12 နှင့် 13 စီးရီးများကို အသုံးပြုနေသူများအနေဖြင့်  နှာခေါင်းစည်းတပ်ထားသော်လည်း Face ID ဖြင့် ဖုန်းလော့ခ်ဖွင့်သည့်စနစ်ကို  iOS အပ်ဒိတ်လုပ်ပြီး စမ်းသပ်အသုံးပြုနိုင်ပြီဖြစ်သည်။ ကျော်ဇင်ဦး(ကိုးကား-cnet.com)