အိုမီခရွန်ရောဂါပိုး ဓာတ်ခွဲနမူနာ ၃၇ ခု ထပ်မံတွေ့ရှိ SARS-CoV-2 Variant Omicron (အိုမီခရွန်)  ရောဂါပိုး ထပ်မံတွေ့ရှိရမှုနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ခြင်း

 

 

(၂၄-၁-၂၀၂၂) ရက်နေ့
၁။    ကျန်းမာရေးဝန်ကြီးဌာနသည်    “ကိုဗစ်-၁၉   ရောဂါ    မျိုးရိုးဗီဇပြောင်း ရောဂါပိုး စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်း” များကို စဉ်ဆက်မပြတ် ဆောင်ရွက် လျက်ရှိရာ မြန်မာနိုင်ငံသို့ ပြည်ပနိုင်ငံများမှ ကယ်ဆယ်ရေးလေယာဉ် (Relief Flight)  များဖြင့်  ပြန်လည်ဝင်ရောက်လာသူများတွင်  SARS- CoV-2 Variant Omicron (အိုမီခရွန်) ရောဂါပိုးတွေ့ရှိမှုများနှင့်ပတ်သက်၍ ကျန်းမာရေးဝန်ကြီးဌာနမှ အချိန်နှင့်တစ်ပြေးညီ သတင်းထုတ်ပြန်ပေးလျက်ရှိပါသည်။  
၂။    ထိုသို့ဆောင်ရွက်လျက်ရှိရာ  ပြည်ပနိုင်ငံများမှ  ပြန်လည် ရောက်ရှိလာ၍  ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများ၏  ဓာတ်ခွဲ နမူနာများအနက် ကိုဗစ်-၁၉  မျိုးရိုးဗီဇပြောင်းရောဂါပိုး  တွေ့ရှိ နိုင်သည့် သံသယဖြစ်ဖွယ် ဓာတ်ခွဲနမူနာများအား ကိုဗစ်-၁၉ ရောဂါ    မျိုးရိုးဗီဇစစ်ဆေးခြင်းကို  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာ ဌာနနှင့်  အမှတ် (၁) တပ်မတော်ဆေးရုံကြီး ခုတင် (၁၀၀၀) တို့တွင် (၂၄-၁-၂၀၂၂) ရက်နေ့က ဆောင်ရွက်ခဲ့ရာ  SARS-CoV-2 Variant Omicron  (အိုမီခရွန်)  ရောဂါပိုးကို  ဓာတ်ခွဲနမူနာ  (၃၇)  ခုတွင် တွေ့ရှိရပါသည်။
၃။    အဆိုပါ အိုမီခရွန်ရောဂါပိုးတွေ့ရှိသူ မြန်မာနိုင်ငံသား (၃၆) ဦးနှင့် နိုင်ငံခြားသား (၁) ဦးမှာ Relief Flight များဖြင့် ဝင်ရောက် လာသူများဖြစ်ပြီး  ယူအေအီးနိုင်ငံမှ  (၁၅) ဦး၊  မလေးရှားနိုင်ငံမှ (၇) ဦး၊ အိန္ဒိယနိုင်ငံမှ (၆) ဦး၊ ကိုရီးယားနိုင်ငံမှ (၄) ဦး၊ စင်ကာပူ နိုင်ငံမှ (၃) ဦး၊ ထိုင်းနိုင်ငံမှ (၁) ဦးနှင့်  ရုရှားနိုင်ငံမှ (၁) ဦးတို့ ဖြစ်ကြ ပါသည်။
၄။    အိုမီခရွန်ရောဂါပိုးတွေ့ရှိသူများအား သီးသန့်ထားရှိကာ ကုသစောင့်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး ၎င်းတို့နှင့် လေကြောင်း ခရီးစဉ်တွင် အတူလိုက်ပါလာသည့် ခရီးသည်များအားလည်း  အသွား အလာကန့်သတ်ခြင်း (Strict Quarantine) နှင့် ဓာတ်ခွဲစမ်းသပ် စစ်ဆေးမှုများအား အထူးအားဖြည့် ဆောင်ရွက်လျက် ရှိပါသည်။
၅။    သို့ဖြစ်ပါ၍ ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ မျိုးရိုးဗီဇပြောင်း ရောဂါပိုးစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းစဉ် များနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်း များအား  ပိုမိုအရှိန်မြှင့်  ဆောင်ရွက်လျက်ရှိပါကြောင်း  သတင်း ထုတ်ပြန်ကြေညာအပ်ပါသည်။
ကျန်းမာရေးဝန်ကြီးဌာန