
ဒေလီ နိုဝင်ဘာ ၁၀
အမေရိကန်နှင့် ဥရောပဈေးကွက်များမှ ဝယ်လိုအားခန်းခြောက်လာသဖြင့် အိန္ဒိယနိုင်ငံ ပို့ကုန် ကုန်ထုတ်လုပ်ငန်းများသည် ထုတ်လုပ် နိုင်စွမ်းအားကို လျှော့ချလျက်ရှိသည်။ ပို့ကုန် ကုန်ထုတ်လုပ်ငန်းများမှ ထုတ်လုပ်နိုင်စွမ်း၏ ၂၅ ရာခိုင်နှုန်းမှ ၅၀ ရာခိုင်နှုန်းခန့်သာ ထုတ်လုပ်နေကြရပြီး အလုပ်ချိန်မှာ မူလက အချိန် သုံးဆိုင်းအစား အချို့စက်ရုံများ၌ အလုပ် ချိန်အဆိုင်းများ လျှော့ချလာကြ ကြောင်းလည်း သိရသည်။
စံချိန်တင်မြင့်တက်နေသည့် ငွေကြေး ဖောင်းပွမှုနှင့် တင်းကျပ်သည့် မူဝါဒများ ကြောင့် စားသုံးသူများ လျော့နည်းသွားခြင်း ကလည်း ပို့ကုန်ဝယ်လိုအား ကျဆင်းရခြင်း အချက်ဖြစ်ကြောင်း သိရသည်။ မှာကြားထား သူများက ကုန်ချောပို့ခိုင်းရာတွင် အချိန်ကြာမြင့် သဖြင့် အမှာစာများ ယခင်က ခြောက်လစာ ကြိုတင်ရရှိနေတတ်သော်လည်း ယခုအခါ ထိုသို့မများတော့ကြောင်း၊ နိုင်ငံအချို့၏ အမှာ စာများမှာ အားရစရာမကောင်းကြောင်း Avon Cycles ၏ ဥက္ကဋ္ဌနှင့် မန်နေးဂျင်းဒါရိုက်တာ Onkar Singh Pahwa ကပြောကြားသည်။
အိန္ဒိယကုန်ပစ္စည်းတင်ပို့မှုသည် ဩဂုတ် လတွင် ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းလာပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာနောက်ပိုင်းအတွင်း ပထမဆုံးအကြိမ် ကျဆင်းခဲ့ခြင်းလည်းဖြစ်သည်။ ချည်မျှင်၊ အထည်အလိပ်နှင့် လက်လုပ်ထည် များ တင်ပို့မှုမှာ ပြီးခဲ့သည့်နှစ်ထက် ၃၂ ရာခိုင်နှုန်းကျော် ကျဆင်းခဲ့ပြီး အင်ဂျင်နီယာ ဆိုင်ရာ ကုန်ပစ္စည်းများတင်ပို့မှုမှာ ၁၄ ဒသမ ၆ ရာခိုင်နှုန်းအထိ ကျဆင်းလျက်ရှိသည်။
ဇူလိုင်လအတွင်း IMF က ထုတ်ပြန်ထား သည့် World Economic Outlook အစီရင် ခံစာ၌ ၂၀၂၂ ခုနှစ်အတွက် ကမ္ဘာ့စီးပွားရေးကြီးထွားနှုန်းမှာ ၃ ဒသမ ၂ ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားကာ ၂၀၂၁ ခုနှစ်က ၆ ဒသမ ၁ ရာခိုင်နှုန်းရှိခဲ့သည်။ စစ်ပွဲများကြောင့် ဥရောပ ဘက်မှ ဝယ်လိုအားကို ပျက်ယွင်းလာစေသည် ဟု အိန္ဒိယ အထည်ချုပ်တင်ပို့ရောင်းချသူများကဆိုကြပြီး ကမ္ဘာ့လက်လီရောင်းချသူ အများ စုမှာ ပစ္စည်းလက်ကျန်များပြားနေသဖြင့် အိန္ဒိယမှဝယ်ယူမှုများကို လျှော့ချလာကြခြင်း ဖြစ်ကြောင်းလည်း သိရသည်။ ထို့အတူ ငွေကြေးဖောင်းပွခြင်း၊ စံချိန်တင်မြင့်မားသည့် စွမ်းအင်ဈေးမြင့်ခြင်းများကလည်း ဝယ်လို အား နှေးကွေးမှုဖြစ်စေကြောင်း ကျွမ်းကျင်သူ များက သုံးသပ်ကြသည်။
“ကုန်ထုတ်လုပ်ငန်း အတော်များများက သူတို့ရဲ့ အလုပ်သမားတွေကို တစ်ပတ်မှာ နှစ်ရက်၊ သုံးရက်အထိ နားခွင့်ပေးထားရပါ တယ်” ဟု Tiruppur Exporters’ Association ဥက္ကဋ္ဌ Raja M Shanmugham က ပြောကြား သည်။ “ထုတ်လုပ်ပြီးသားကို ပို့ခိုင်းတာ နှောင့်နှေးနေရတဲ့အတွက် အမှာစာအသစ်တွေ လည်း ထပ်မလာတော့ပါဘူး။ ဒါကြောင့် စွမ်းအားပြည့်မလည်ပတ်နိုင်ဘဲ ထက်ဝက် ဒါမှမဟုတ် သုံးပုံတစ်ပုံလောက်လျှော့ချလုပ်ကိုင်နေရတယ်” ဟု အထည်ချုပ်လုပ်ငန်းရှင် တစ်ဦးက ဆိုသည်။
လာမည့်လအနည်းငယ်အတွင်း ထပ်မံ ကျဆင်းလာနိုင်မည်ဟု စိုးရိမ်ပူပန်သူများလည်း ရှိနေပြီး အမှာစာများလည်း ထိခိုက်လာနိုင် ကြောင်း အိန္ဒိယ၏ အကြီးဆုံးဖိနပ်ထုတ်လုပ် တင်ပို့ရေးလုပ်ငန်းရှင်တစ်ဦးဖြစ်သူ Rafeeque Ahmed က ပြောကြားသည်။
သတင်းရင်းမြစ်များ- မြန်မာကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့၊ စီးပွားရေးသံမှူးများ၏ ပေးပို့မှုအချက်အလက်များ။ ခင်ရတနာ စုစည်းဖော်ပြသည်၊၊