
နေပြည်တော် သြဂုတ် ၉
ဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုထိန်းချုပ်ရေး ကာလအတွင်း စားသုံးသူပြည်သူများ အခြေခံစားကုန်များကို သင့်တင့် မျှတသည့်ဈေးနှုန်းဖြင့် ဝယ်ယူစားသုံးနိုင်ရေး၊ ဈေးကွက်အတွင်း ပစ္စည်းပြတ်လပ်မှု မဖြစ်ပေါ်စေရေးနှင့် ဈေးနှုန်းအဆမတန် မြှင့်တင် ရောင်းချမှုမရှိစေရေးတို့အတွက် ဈေးကွက်အတွင်းရှိ ကုန်စည်များ၏ ဈေးနှုန်းဖြစ်ပေါ် ပြောင်းလဲမှုအခြေအနေများကို စဉ်ဆက်မပြတ် လေ့လာစောင့်ကြည့်လျက်ရှိပြီး ကုန်စည်စီးဆင်းမှု မှန်ကန်မြန်ဆန် စေရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်ပေး လျက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက ပြောကြားသည်။
ပြောကြားခဲ့
ယနေ့နံနက် ၁၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ Virtual Zoom Meeting စနစ်ဖြင့် ကျင်းပသည့် အခြေခံစားသောက်ကုန်များ ဈေးကွက်လိုအပ်ချက် ဖူလုံအောင် ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေး ညှိနှိုင်းအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ထိုသို့ပြောကြားခဲ့ ခြင်းဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ယနေ့အစည်းအဝေးကို တက်ရောက်လာကြသော သက်ဆိုင်ရာဌာနများ၊ အသင်းအဖွဲ့လုပ်ငန်း ရှင်များအနေဖြင့် အခြေခံစားသောက်ကုန်များ ဈေးကွက်လိုအပ်ချက် ဖူလုံအောင်ဖြန့်ဖြူးပေးနိုင်ရေးနှင့် ဈေးနှုန်းကြီးမြင့်မှုမရှိစေရေးတို့ အတွက် နိုင်ငံတော်ဘက်မှ ဖြေရှင်းဆောင်ရွက်ပေးရမည့်ကိစ္စရပ်များ၊ ကူညီပံ့ပိုးပေးရမည့်ကိစ္စရပ်များကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေး ပေးစေလိုကြောင်း ပြောကြားခဲ့ပြီး ဒုတိယဝန်ကြီး ဦးညွန့်အောင်နှင့် ကုန်သွယ်မှုနှင့် ကုန်စည်စီးဆင်းမှုများ မှန်ကန်မြန်ဆန်စေရေး ဗဟို ကော်မတီတွဲဖက်အတွင်းရေးမှူး ဗိုလ်မှူးချုပ်ရန်နောင်စိုးတို့က ကဏ္ဍ အလိုက် ရှင်းလင်းတင်ပြကြသည်။
ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသည့် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့မှ စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ အသင်းအဖွဲ့များမှ တာဝန်ရှိသူများက ဒေသအလိုက်၊ ကဏ္ဍအလိုက်ဆောင်ရွက်ထားရှိမှု အခြေအနေများကို တင်ပြဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့် ပဲစင်းငုံ ရောင်းဝယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအရ အိန္ဒိယနိုင်ငံသို့ မတ်ပဲနှင့် ပဲစင်းငုံများ စနစ် တကျ တင်ပို့သွားနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဗီဒီယို ကွန်ဖရင့်စနစ်ဖြင့် ကျင်းပသည်။
မှာကြား
အစည်းအဝေးတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာပွင့်ဆန်းက မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား မတ်ပဲနှင့် ပဲစင်းငုံ ရောင်းဝယ်မှု ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ၂၀၂၁ ခုနှစ် ဇွန် ၁၈ ရက်တွင် နှစ်နိုင်ငံအစိုးရများအကြား လက်မှတ်ရေးထိုးခဲ့ပြီးဖြစ်ပါကြောင်း၊ ယခု မိမိတို့အနေဖြင့် MoU အရ မတ်ပဲနှင့် ပဲစင်းငုံ တင်ပို့ နိုင်ရေးအတွက် ပြည်တွင်းထုတ်လုပ်မှု၊ ဈေးကွက်အခြေအနေနှင့် ပဲတင်ပို့သူများ၏ အားသာချက်/ အားနည်းချက်များကို ပွင့်ပွင့် လင်းလင်းဆွေးနွေးနိုင်ရေး၊ ပဲတင်ပို့မှုအပေါ် နှစ်နိုင်ငံအကြား ပူးတွဲ ကြီးကြပ်ရေးကော်မတီကို ဖွဲ့စည်းနိုင်ရေး၊ G to G MoU အရ တင်ပို့သည့် မတ်ပဲနှင့် ပဲစင်းငုံတင်ပို့မှုအား အခြားတင်ပို့မှုများနှင့် ရောထွေးခြင်း မရှိစေဘဲ စနစ်တကျမှတ်သား၍ တင်ပို့သွားနိုင်ရေးနှင့် မတ်ပဲနှင့် ပဲစင်းငုံအား နှစ်စဉ်သတ်မှတ်တန်ချိန်ပြည့်မီအောင် တင်ပို့နိုင်ရေးတို့ကို စီစဉ်ဆောင်ရွက်သွားရန်ဖြစ်ကြောင်း၊ ထို့ပြင် မြန်မာနိုင်ငံ၏ အဓိက ပို့ကုန်ဖြစ်သည့် ပဲမျိုးစုံအား စိုက်ဧက၊ ထုတ်လုပ်မှုနှင့် ပိုလျှံမှုတို့ကို ကြိုတင်ချိန်ဆ၍ ပြည်ပတင်ပို့မှုကို တိုးမြှင့်ဆောင်ရွက်နိုင်ရန်၊ အိန္ဒိယဈေးကွက်အပြင် အခြားဈေးကွက်များကို ထိုးဖောက်ဝင်ရောက် နိုင်ရန်နှင့် ဈေးကွက်ခိုင်မာမှုရရှိစေရန် ဝိုင်းဝန်းအကြံပြု ဆွေးနွေးပေးရန် မှာကြားသည်။
ဆွေးနွေးပြောကြား
ထို့နောက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦးက ပဲမျိုးစုံအတွက် အဓိကဈေးကွက် ဖြစ်သည့် အိန္ဒိယနိုင်ငံနှင့် G to G MoU ရေးထိုးနိုင်ခဲ့သည့်အတွက် မြန်မာ့ပဲစိုက်တောင်သူများအတွက် ငါးနှစ်စာ ဈေးကွက်ခိုင်မာမှုရရှိစေ ကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် တောင်သူများ GAP စနစ်ဖြင့် လိုက်နာကျင့်သုံးဆောင်ရွက်ရေး၊ မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် ခေတ်မီနည်းပညာများ ဖြန့်ဝေပေး နိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ ပဲတင်ပို့မှုများအတွက် Phytosanitary Certificate (PC) များကို အချိန်နှင့်တစ်ပြေးညီ ထုတ်ပေးလျက်ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံသို့ G to G MoU ဖြင့် ပဲတင်ပို့ သွားနိုင်ရေး လိုအပ်သည်များ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့် တက်ရောက်လာကြသည့် ဌာနဆိုင်ရာများမှ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံ ပဲမျိုးစုံနှင့်နှမ်းကုန်သည် များအသင်းမှ ကိုယ်စားလှယ်များက သက်ဆိုင်ရာကဏ္ဍအလိုက် ဝိုင်းဝန်းအကြံပြု ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်