အိန္ဒိယနိုင်ငံ၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုမှုနှင့် ရေကြီးမှုများဖြစ်ပွား ၁၃ ဦး သေဆုံး

 

ဇူလိုင် ၇

အိန္ဒိယနိုင်ငံအနောက်ပိုင်း မဟာရပ်ရှထရာပြည်နယ်၏ ဒေသအချို့တွင် မုတ်သုံမိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြေပြိုမှုနှင့် ရေကြီးမှုများ ဖြစ်ပွားခဲ့ရာ လူ ၁၃ ဦး ထက်မနည်းသေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူများက ယမန်နေ့က ပြောကြားခဲ့သည်။

မွမ်ဘိုင်းနှင့် အနီးနားရှိ ပါလ်ဂါ၊ ရိုင်ဂတ်ခရိုင်များတွင် စံချိန်တင် မိုးရွာသွန်းမှုကြောင့် လူ ၁၃ ဦး သေဆုံးခဲ့ကြောင်း ဒေသဆိုင်ရာ ဘေးအန္တရာယ်စီမံခန့်ခွဲမှုဝန်ကြီး ဂီရစ်ရှ် မဟာဂျန်က ယမန်နေ့က ပြောကြားခဲ့သည်။

မွမ်ဘိုင်းရှိ မန်ခွတ်ဒ်တွင် အဆောက်အအုံပြိုကျမှုကြောင့် လူခြောက်ဦး သေဆုံးပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။

မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြေပြိုမှုများကြောင့် ပြည်နယ်တစ်ဝန်းရှိ ရထားလမ်းနှင့် ကားလမ်းသယ်ယူပို့ဆောင်ရေး များစွာထိခိုက်ခဲ့ကြောင်း ဖော်ပြထားသည်။

မြေနိမ့်ပိုင်းဒေသများတွင် ရေကြီးရေလျှံမှု၊ ရုတ်တရက်ရေကြီးမှု၊ ရေကြီးရေလျှံမှု၊ သစ်ပင်များ အမြစ်မှကျွတ်ထွက်မှု၊ အဆောက်အအုံများ ပျက်စီးမှုနှင့် မြေပြိုမှုအန္တရာယ်များကို သတိပေးထားပြီး ဒေသခံများအနေဖြင့် မလိုအပ်ဘဲ ခရီးသွားလာခြင်းကို ရှောင်ကြဉ်ရန်နှင့် တရားဝင်အကြံပြုချက်များကို လိုက်နာရန် အိန္ဒိယမိုးလေဝသဌာနက တိုက်တွန်းထားသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို