
နယူးဒေလီ စက်တင်ဘာ ၃
အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာ ပြည်နယ်တွင် မိုးကြိုးပစ်ခတ်မှု ကြောင့် ၁၇ ဦး ထက်မနည်း သေဆုံးကြောင်း အစိုးရပိုင် အသံ လွှင့်ဌာနတစ်ခုဖြစ်သည့် အေအိုင် အာရ်က စက်တင်ဘာ ၃ ရက်တွင် ပြောသည်။
လွန်ခဲ့သော ၂၄ နာရီအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်းနှင့် မိုးသက်မုန်တိုင်းသည် အဆိုပါ ပြည်နယ်အတွင်း ပြင်းထန်စွာ ကျရောက်ခဲ့ပြီး ခရိုင်ခြောက်ခု ထိခိုက်မှုရှိခဲ့ကြောင်း သိရသည်။ မိုးကြိုးပစ်ခတ်မှုကြောင့် ထိခိုက် သေဆုံးသူ အများစုသည် လယ်ကွင်းများထဲတွင် အလုပ်လုပ် နေကြသော လယ်သမားများဖြစ် ကြောင်း တာဝန်ရှိသူများက ပြော သည်။
အေအိုင်အာရ်၏ အဆိုအရ ကလေးငယ် သုံးဦး အပါအဝင် သေဆုံးသူ ငါးဦးသည် ဂယာဒေသ မှဖြစ်ပြီး အခြားသေဆုံးသူ ၁၂ ဦး မှာ ခရိုင်ငါးခုမှ ဖြစ်ကြောင်း သိရ သည်။ အိန္ဒိယမိုးလေဝသဌာနက လာမည့် ငါးရက်အတွင်း နိုင်ငံ အရှေ့မြောက်ပိုင်းတွင် မိုးသည်း ထန်စွာ ရွာသွန်းဖွယ်ရှိကြောင်း ခန့်မှန်းထားသည်။
အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ် တစ်ဝန်း ဇွန်လနှင့် ဇူလိုင်လတွင် မိုးကြိုးပစ်ခတ်မှုကြောင့် လူပေါင်း ၆၀ ကျော် သေဆုံးမှု ဖြစ်ပွားခဲ့ ကြောင်း၊ ထို့ပြင် အိန္ဒိယနိုင်ငံ၌ နှစ်စဉ်နှစ်တိုင်း မုတ်သုံမိုးရာသီ တွင် မိုးကြိုးပစ်ခတ်မှုကြောင့် လူပေါင်းရာချီသေဆုံးမှု ဖြစ်ပွား လေ့ရှိကြောင်း သိရသည်။
ဆင်ဟွာ