အိန္ဒိယနိုင်ငံ၌ ကျင်းပပြုလုပ်သည့် ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ (MILAN-2022) သို့ တက်ရောက်ခဲ့သည့် စစ်ရေယာဉ်(ဆင်ဖြူရှင်) ပြန်လည်ရောက်ရှိ

နေပြည်တော်    မတ်    ၈


အိန္ဒိယနိုင်ငံ Visakhapatnam မြို့၌ ကျင်းပ ပြုလုပ်ခဲ့သည့်  ဒေသတွင်းရေတပ်များ  တွေ့ဆုံပွဲ (MILAN-2022)အခမ်းအနားသို့ တက်ရောက်ခဲ့သည့်  တပ်မတော်(ရေ)မှ ဓညဝတီရေတပ်စခန်းဌာနချုပ် ဌာနချုပ်မှူး ဗိုလ်မှူးချုပ် ကျော်ကျော်ထူး ဦးဆောင် သော အရာရှိ၊ စစ်သည်များပါဝင်သည့် စစ်ရေယာဉ် (ဆင်ဖြူရှင်)သည် ယနေ့ ညနေပိုင်းတွင် ရန်ကုန်မြို့ အမှတ်(၃) ရေတပ်ဆိပ်ခံတံတား(သီလဝါ)သို့  ပြန်လည် ရောက်ရှိရာ အလယ်ပိုင်းရေတပ်ကွပ်ကဲမှုဌာနချုပ်၊  ဌာနချုပ်မှူး ဗိုလ်ချုပ်ထိန်ဝင်းနှင့် တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်၊ မိသားစုများက ကြိုဆိုနှုတ်ဆက် ကြသည်။


အဆိုပါ      ဒေသတွင်းရေတပ်များတွေ့ဆုံပွဲ (MILAN-2022)ကို ဖေဖော်ဝါရီ ၂၅ ရက်မှ မတ် ၄ ရက်အထိ    ကျင်းပပြုလုပ်ခဲ့ရာ    မြန်မာနိုင်ငံမှ စစ်ရေယာဉ်(ဆင်ဖြူရှင်)အပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံမှ စစ်ရေယာဉ် ၂၂ စင်း ပါဝင်တက်ရောက်ခဲ့ကြ သည်။   ခရီးစဉ်အတွင်း   ဆိပ်ကမ်းအခြေပြုစဉ် International Maritime Seminar သို့ နိုင်ငံပေါင်း ၃၉ နိုင်ငံနှင့်အတူ တက်ရောက်ခြင်း၊ Subject Matter Expert Exchange Program သို့  တက်ရောက် ဆွေးနွေးခြင်း၊ ဆိပ်ကမ်းအခြေပြုလေ့ကျင့်ခန်းများဆောင်ရွက်ခြင်း၊ International City Parade ၌ ပါဝင်ဆောင်ရွက်ခြင်း၊   MILAN Village  တွင် နိုင်ငံတကာယဉ်ကျေးမှုပြပွဲ၌  ကပြဖျော်ဖြေခြင်း၊ ရိုးရာအစားအစာများ    တည်ခင်းဧည့်ခံခြင်းနှင့် မြန်မာ့ရိုးရာလက်မှုပစ္စည်းများ ခင်းကျင်းပြသခြင်း၊ ဗုဒ္ဓဂယာနှင့် တာ့ချ်မဟာ(Taj Mahal)သို့ သွားရောက် လည်ပတ်ခြင်းများ ဆောင်ရွက်ကြပြီး  နိုင်ငံတကာ စစ်ရေယာဉ်များနှင့်ပူးပေါင်း၍      ပင်လယ်ပြင် လေ့ကျင့်ခန်းများတွင် ပါဝင်လေ့ကျင့်ခဲ့ကြသည်။ စစ်ရေယာဉ်(ဆင်ဖြူရှင်)ဖြင့် ယခုသွားရောက်ခဲ့သည့် ခရီးစဉ်အသွား/အပြန်သည် စုစုပေါင်း ရေမိုင် ၃၀၂၀ မိုင်ခန့်ရှိကြောင်း သိရသည်။


သတင်းစဉ်