အိန္ဒိယနိုင်ငံ၏ အမျိုးသားလူငယ်မူဝါဒနှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မှုများ (၃)

 

မောင်လူအေး (လူငယ်ရေးရာ)

ကျေးလက်စီးပွားရေးစင်တာ (Rural Business Hubs-RBHs) ။ ကျေးလက်စီးပွားရေးစင်တာများ သည် ကျေးလက်လူငယ်များ အဆင့်မြင့်အလုပ်အကိုင်၊ နည်းပညာများရရှိစေရန်၊ စီးပွားရေးဖွံ့ဖြိုးမှုနှင့် ကိုယ်ပိုင်လုပ်ငန်း စတင်နိုင်စွမ်းတိုးတက်စေရန် ရည်ရွယ်ပြီး ဖွင့်လှစ်ထားခြင်းဖြစ်ပါသည်။ လူငယ်များအတွက် ကျွမ်းကျင်မှုမြှင့်တင်ရေးအစီအစဉ်၊ ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းများ လေ့ကျင့်သင်ကြားပေးခြင်း၊ ကိုယ့်အားကိုယ်ကိုးအစီအစဉ်နှင့် ဖွံ့ဖြိုးရေးလေ့ကျင့်မှုအစီအစဉ်များကို ပံ့ပိုးပေးပါသည်။

လူငယ်များဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြားသောအဖွဲ့အစည်းများနှင့်ပူးပေါင်းကာ လူငယ်အရင်းအမြစ်စင်တာ (Youth Resource Centre-YRC) များကို ၂၀၁၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်ရှိအချိန်ထိ လူငယ်အရင်းအမြစ်စင်တာ ၁၅ ခုကို တည်ထောင်ထားပြီးဖြစ်ပါသည်။ YRC များသည် မတူညီသောပြဿနာများနှင့် လူငယ်များ၏ လိုအပ်ချက်များကို ဖြေရှင်းပေးရန် ပေါင်းစပ်ဝန်ဆောင်မှုများကို ပံ့ပိုးပေးသည့် ဗဟိုချက်တစ်ခုအဖြစ် ရည်ရွယ်ထားခြင်းဖြစ်သည်။ ကျန်းမာရေးအသိပညာပေးအစီအစဉ်များ၊ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေးနည်းပညာများအား ဖြန့်ဝေပေးခြင်း၊ ဘာသာစကားသင်တန်းများ၊ စာကြည့်တိုက်နှင့် သတင်းအချက်အလက်ပံ့ပိုးမှုများကို ဆောင်ရွက်ပေးလျက်ရှိပါသည်။

တာတာလူမှုရေးသိပ္ပံအင်စတီကျု (Tata Institute of Social Sciences-TISS)။ TISS သည် လူမှုရေးဝန်ဆောင်မှုပညာရပ်များကို အထူးပြုသင်ကြားပေးနေသော အာရှ၏ သက်တမ်းအရင့်ဆုံးအဆင့်မြင့်ပညာရေးအဖွဲ့အစည်းဖြစ်သည်။ TISS မှ ပို့ချပေးနေသော ဘာသာရပ်များမှာ လူမှုရေးသိပ္ပံဘာသာရပ် များဖြစ်ပြီး ၎င်းတို့တွင် ဖွံ့ဖြိုးရေးလေ့လာမှု၊ ပြည်သူ့ မူဝါဒ၊ ကျေးလက်ဒေသဖွံ့ဖြိုးရေး၊ လက်တွေ့စိတ်ပညာ၊ ပညာရေး၊ စီမံခန့်ခွဲမှုနှင့် အလုပ်သမားရေးရာ လေ့လာမှုစသည့်ဘာသာရပ်များ ပါဝင်ပါသည်။

TISS အောက်တွင် အသက်မွေးဝမ်းကျောင်းပညာရေးကျောင်း (School of Vocational Education-SVE) ကို တည်ထောင်ထားပြီး ကျွမ်းကျင်မှုဆိုင်ရာ လေ့ကျင့်သင်ကြားမှုများနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာအစီအစဉ်များမှတစ်ဆင့် လူငယ်များ အလုပ်အကိုင်ရရှိရေး၊ သင့်လျော်သော ကျွမ်းကျင်မှုများ ဖွံ့ဖြိုးတိုးတက်စေရေး ကူညီပေးခြင်းနှင့် လုပ်ငန်းခွင်တွင် လိုအပ်သော အရည်အချင်းများကို ဖြည့်ဆည်းပေးခြင်းမှတစ်ဆင့် လူငယ်များအတွက် ဝင်ငွေအရင်းအမြစ်တစ်ခု ရရှိအောင် ဆောင်ရွက်ပေးခြင်းစသည့် အချိန်တိုအတွင်း အကျိုးသက်ရောက်မှုရှိသည့် အစီအစဉ်များကို ပံ့ပိုးဆောင်ရွက်ပေးလျက်ရှိပါသည်။

ဤအစီအစဉ်သည် စနစ်တကျဖွဲ့စည်းထားသော လုပ်သားအင်အားစုနှင့် စနစ်တကျဖွဲ့စည်းမထားသော လုပ်သားအင်အားစု နှစ်ခုစလုံးမှ  လုပ်သားများအား TISS -SVE မှ ဖွင့်လှစ်ထားသော သင်တန်းများ တက်ရောက်နိုင်ရန် စီစဉ်ဆောင်ရွက်ပေးထား ပါသည်။

Pradham Mantri Kaushal Vikas Yojana (PMKVY)။ ဤအစီအစဉ်သည် အိန္ဒိယနိုင်ငံရှိ လူငယ် များအား စက်မှုလုပ်ငန်းဆိုင်ရာ လိုအပ်ချက်များနှင့် ကိုက်ညီသော ကျွမ်းကျင်မှုများ သင်ကြားပေးရန် နှင့် ၎င်းတို့၏ အသက်မွေးဝမ်းကျောင်းအခွင့်အလမ်းများ တိုးတက်လာစေရန် ရည်ရွယ်သည့် အစီအစဉ် တစ်ခုဖြစ်ပါသည်။ PMKVY အစီအစဉ်ကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ပြီး ကျွမ်းကျင်မှုဖွံ့ဖြိုးရေးနှင့် စီးပွားရေးစွမ်းဆောင်မှုဝန်ကြီးဌာနက တာဝန်ယူ အကောင်အထည်ဖော်ခဲ့ခြင်းဖြစ်သည်။

လူငယ်များအား အလုပ်အကိုင်ဈေးကွက်နှင့်ကိုက်ညီသော ကျွမ်းကျင်မှုများရရှိစေရန် ကူညီပေးခြင်းဖြင့် ၎င်းတို့၏ စီးပွားရေးဖူလုံမှုကို မြှင့်တင်ပေးနိုင်ခဲ့ပါသည်။ ၂၀၁၆-၂၀၁၇ ဘဏ္ဍာရေးနှစ်အတွင်း PMKVY အစီအစဉ်ဖြင့် လူငယ်ပေါင်း ၁၈ သိန်းခန့်အား ကျွမ်းကျင်မှုသင်တန်းများ ပို့ချပေးနိုင်ခဲ့ပြီး ၎င်းတို့အနက် လူငယ်ရှစ်သိန်းခန့်သည် အလုပ်အကိုင်များရရှိခဲ့ကြောင်း အစီရင်ခံစာများအရ သိရှိရပါသည်။ PMKVY အစီအစဉ်၏ အောင်မြင်မှုသည် အိန္ဒိယလူငယ်များအတွက် မျှော်လင့်ချက်အသစ်များ ကို ဖြည့်ဆည်းပေးနိုင်စွမ်းရှိခဲ့ပါသည်။

Skill India ။ ဤအစီအစဉ်သည် လူငယ်များ လုပ်ငန်းခွင်အတွင်း တိုက်ရိုက်အသုံးချနိုင်မည့် အသက်မွေးဝမ်းကျောင်းဆိုင်ရာ နည်းပညာနှင့် ကျွမ်းကျင်မှုများကို လေ့ကျင့်သင်ကြားပေးသည့် အမျိုးသားအဆင့် စီမံချက်ဖြစ်ပါသည်။ လူငယ်များ၏ အလုပ်အကိုင်စွမ်းရည်များ တိုးတက်စေရန် ရည်ရွယ်၍ ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်သည်။ အဆိုပါအစီအစဉ်အောက်တွင် နည်းပညာ၊ စက်မှု လက်မှု၊ ဝန်ဆောင်မှုနှင့် အသက်မွေးဝမ်းကျောင်းဆိုင်ရာသင်တန်းများ ပို့ချပေးလျက်ရှိသည်။

ခေတ်သစ်လူငယ်များအတွက် AI (ဉာဏ်ရည်တု)၊ Robotics၊ 3D Printing နှင့် Drones နည်း ပညာကဲ့သို့သော ခေတ်ရှေ့ပြေး သင်ရိုးညွှန်းတမ်းများကို သီးသန့်ထည့်သွင်းသင်ကြားပေးလျက်ရှိပါသည်။ လူငယ်သန်းပေါင်းများစွာကို အခမဲ့ကျွမ်းကျင်မှုသင်တန်းများ ပို့ချပေးလျက်ရှိပြီး အလုပ်အကိုင်ဈေးကွက်လိုအပ်ချက်နှင့် ကိုက်ညီသော ကျွမ်းကျင်မှုများရရှိစေရန် အထူးအလေးပေးဆောင်ရွက်လျက်ရှိသည်။ ထို့ပြင် ကျွမ်းကျင်မှုအသိအမှတ်ပြုလက်မှတ်များ ပေးအပ်ခြင်းဖြင့် အလုပ်အကိုင်ရရှိနိုင်မှုကို မြှင့်တင်ပေးသည်။ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် လူငယ်ဦးရေ ၁၄ သန်းကျော်အား အလုပ်အကိုင်ဆိုင်ရာ အရည်အသွေးမြှင့်တင်ရေးသင်တန်းများနှင့် နည်းပညာရပ်ပိုင်းဆိုင်ရာ ကျွမ်းကျင်မှုလက်မှတ်များ ပေးအပ်နိုင်ခဲ့ပါသည်။

Digital India။ ဤအစီအစဉ်သည် အနာဂတ်ကာလ ဒီဂျစ်တယ်ခေတ်တွင် ကျေးလက်နှင့် မြို့ပြရှိ လူငယ်များအား ဒီဂျစ်တယ်တတ်မြောက်မှု (Digital Literacy) ရှိစေရန်နှင့် နည်းပညာကဏ္ဍတွင် အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနိုင်စေရန် ပံ့ပိုးပေးခြင်းဖြစ်သည်။ လူငယ်များအား အင်တာနက်၊ အွန်လိုင်းဝန်ဆောင်မှုများနှင့် ဒီဂျစ်တယ်ကျွမ်းကျင်မှုများ လက်တွေ့အသုံးချနိုင်စေရန် လေ့ကျင့်ပေးခြင်းနှင့် အစိုးရဝန်ဆောင်မှုများကို အွန်လိုင်းမှ လွယ်ကူစွာ အသုံးပြုနိုင်စေရန်လည်း ဆောင်ရွက်ပေးထားပါသည်။

ထို့ပြင် လူငယ်များ၏ ဒီဂျစ်တယ်အသိပညာနှင့် နည်းပညာအသုံးချနိုင်မှု၊ တီထွင်ဖန်တီးနိုင်မှုတို့ တိုးတက်လာစေရန် လေ့ကျင့်သင်ကြားပေးနိုင်ခြင်းကြောင့် IT နှင့် နည်းပညာကဏ္ဍတွင် အလုပ်အကိုင်အသစ်များ ဖန်တီးပေးနိုင်ခဲ့သည်။

Startup India။ ဤအစီအစဉ်သည် လူငယ်များကို အလုပ်ရှာဖွေသူ (Job Seekers) ဘဝမှ အလုပ်အကိုင်ဖန်တီးပေးသူများ ဖြစ်လာစေရန် စွန့်ဦးတီထွင်မှု လုပ်ငန်းသစ်များကို အခွန်ကင်းလွတ်ခွင့်များ၊ ဘဏ္ဍာရေးထောက်ပံ့မှုများနှင့် အကြံပေးလမ်းညွှန်မှုများ ပေးအပ်သည့်စနစ်တစ်ခုကို ဖန်တီးထားပါသည်။ အိန္ဒိယနိုင်ငံအား ကမ္ဘာ့တတိယအကြီးဆုံး Startup အင်ပါယာ ဖြစ်လာစေရန် လူငယ်စွန့်ဦးတီထွင်သူများကို ပံ့ပိုးပေးခဲ့သည့် Startup India Initiative ကို ၂၀၁၆ ခုနှစ်တွင် စတင်ခဲ့ပါသည်။ အဆိုပါအစီအစဉ်မှတစ်ဆင့် လူငယ်များအား စီးပွားရေးအကြံဉာဏ်၊ ငွေကြေးအထောက်အပံ့နှင့် အခွန်သက်သာခွင့်များ ပေးအပ်လျက်ရှိသည်။

လူငယ်များအား နည်းပညာအခြေပြု ဆန်းသစ်တီထွင်မှုများ ဆောင်ရွက်နိုင်ရန် အားပေးကူညီခြင်းအပြင် Startup ကုမ္ပဏီများ ဖွံ့ဖြိုးလာစေရန် Incubator နှင့် Innovation Center များ ထူထောင်ပေးထားပါသည်။ ယင်းအစီအစဉ်ကြောင့်  လူငယ်များအကြား စွန့်ဦးတီထွင်စိတ်ဓာတ်နှင့် အလုပ်အကိုင်ဖန်တီးနိုင်မှုများ ပိုမိုတိုးတက်လာခဲ့သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ တရားဝင်စာရင်းဇယားများအရ ၂၀၂၄ ခုနှစ်တွင် အသိအမှတ်ပြုပြီးသော Startup လုပ်ငန်းပေါင်း ၁၄၀၀၀၀ ကျော်အထိ ရှိလာခဲ့ပြီး ယင်းတို့အနက် အများစုကို အသက် ၃၅ နှစ်အောက် လူငယ်များက ဦးဆောင်နေခြင်းဖြစ်သည်။

အချုပ်အားဖြင့် အိန္ဒိယနိုင်ငံသည် ၎င်း၏ကြီးမားလှသော လူငယ်ထုအင်အားကို လူဦးရေဆိုင်ရာဆုလာဘ်အဖြစ် အသိအမှတ်ပြုကာ နိုင်ငံ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးအတွက် အကျိုးရှိစွာ အသုံးချရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လူငယ်များအား ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်များ၏ တက်ကြွသည့် မိတ်ဖက်များအဖြစ်ရှုမြင်ပြီး အပြုသဘောဆောင်သော လူငယ်ဖွံ့ဖြိုးရေးချဉ်းကပ်မှု နည်းလမ်းဖြင့် မူဝါဒချမှတ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံ လူငယ်ရေးရာနှင့် အားကစားဝန်ကြီးဌာနအနေဖြင့် လူငယ်ကဏ္ဍအတွက် နှစ်စဉ်အသုံးစရိတ်များကို တိုးမြှင့်သုံးစွဲလျက်ရှိရာ ဘတ်ဂျက်သုံးစွဲမှုအနေဖြင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယရူပီး ၂၇၁၀ ဒသမ ၇၃ ကုဋေနှင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အိန္ဒိယရူပီး ၃၇၉၄ ဒသမ ၃၀ ကုဋေဖြစ်ကြောင်း တွေ့ရှိရသည်။ အိန္ဒိယနိုင်ငံ၏ လူငယ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်ချက်များသည် မူဝါဒသက်သက်မျှသာမဟုတ်ဘဲ လက်တွေ့မြေပြင်တွင် ဘတ်ဂျက်၊ နည်းပညာ၊ မိတ်ဖက်အဖွဲ့အစည်းများ၊ ပြည်သူလူထုအင်အားတို့ဖြင့် စနစ်တကျအကောင်အထည်ဖော်လျက်ရှိသည်ကိုလည်း လေ့လာတွေ့ရှိရပါသည်။

ဆက်လက်၍ ဒေသဆိုင်ရာလိုအပ်ချက်နှင့် ကိုက်ညီသော ပြုပြင်ပြောင်းလဲမှုများ၊ ညှိနှိုင်းဆောင်ရွက်မှုများနှင့် ထိရောက်သော အကောင်အထည်ဖော်ဆောင်ရွက်မှုများသည် အိန္ဒိယလူငယ်များအတွက် ပိုမိုတောက်ပသောအနာဂတ်ကို လမ်းခင်းပေးထားခြင်းဖြစ်ပြီး ဖွံ့ဖြိုးပြီး အိန္ဒိယ (Viksit Bharat) ရည်မှန်းချက်ကို သတ်မှတ်ကာလအတွင်း ပြီးပြည့်စုံနိုင်မည်ဖြစ်ပါကြောင်း လေ့လာအတုယူနိုင်ရန် တင်ပြလိုက်ရပါသည်။

ကျမ်းကိုးစာရင်း

၁။ K. Kesavapany, A Mani, P. Ramasamy, Rising India and Communities in East Asia, INSTITUTE OF SOUTHEAST AISAN STUDIES Singapore, 2008.

၂။ National Youth Policy 2014, Ministry of Youth Affairs and Sports, India, 2014.

၃။ National Youth Policy 2021, Ministry of Youth Affairs and Sports, India, 2021.

၄။ မြန်မာရေးရာလေ့လာရေးအဖွဲ့။ “ကမ္ဘာ့ရေးရာ” အမှတ် (၂၇)၊ အိန္ဒိယနိုင်ငံ၏ နိုင်ငံရေးခရီးရှည်နှင့် မိုဒီ၏ခြေလှမ်းများ၊ အေဇက်ပုံနှိပ်တိုက်၊ ဒေါပုံ၊ ဩဂုတ်လ ၂၀၂၄ ခုနှစ်။

၅။ https:// my.wikipedia.org/wiki/ အိန္ဒိယ နိုင်ငံ#အစိုးရ။

၆။ https://en.wikipedia.org/wiki/Skill_India

၇။ https://www.digitalindia.gov.in/

၈။ https://www.startupindia.gov.in/content/sih/en/government-schemes.html

၉။ https://yas.gov.in/en/documents/draft-national-youth-policy-2025