အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်၌ ဟိန္ဒူပွဲတော်အတွင်း ၅၃ ဦးထက်မနည်း ရေနစ်သေဆုံးမှုဖြစ်ပွား

 

နယူးဒေလီ    နိုဝင်ဘာ    ၂


အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီဟာပြည်နယ်၌ လေးရက်ကြာပြုလုပ်သည့် ဟိန္ဒူပွဲတော် Chhath Puja အတွင်း ၅၃ ဦးထက်မနည်း ရေနစ်သေဆုံးမှု ဖြစ်ပွားကြောင်း  တာဝန်ရှိသူများ၏  ပြောကြားချက်ကို  ကိုးကားပြီး ဒေသမီဒီယာက ဖော်ပြသည်။ 

 


ပွဲတော်ကျင်းပသည့်    လေးရက်တာကာလအတွင်း  ပြည်နယ် တစ်ဝန်းရှိ   မြစ်များနှင့်   ရေကန်များအတွင်း  ၅၃   ဦးထက်မနည်း ရေနစ်သေဆုံးမှု ဖြစ်ပွားကြောင်းနှင့်  ပွဲတော်နောက်ဆုံးရက်ဖြစ်သည့် အောက်တိုဘာ ၃၁ ရက်တွင် သေဆုံးသူ ၁၈ ဦးထက်မနည်း ရှိကြောင်း သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအရာရှိတစ်ဦး၏ ပြောကြား ချက်ကို ဒေသမီဒီယာက ကိုးကားဖော်ပြထားသည်။     

 


ဘီဟာပြည်နယ်ဝန်ကြီးချုပ် နီတစ်ချ်ကူမာက ရေနစ်သေဆုံးသူများ နှင့်ပတ်သက်ပြီး လွန်စွာဝမ်းနည်းကြောင်း ပြောကြားပြီး သေဆုံးသူ မိသားစုဝင်တစ်ဦးချင်းစီအတွက် အမေရိကန်ဒေါ်လာ ၄၈၃၃ (ရူပီး ၄၀၀၀၀၀) ကို လျော်ကြေးပေးအပ်မည်ဖြစ်ကြောင်း ထုတ်ပြန် ကြေညာ ခဲ့သည်။   ထို့အပြင်  သေဆုံးသူများ၏  မိသားစုဝင်များကို လျော်ကြေး အလျင်အမြန်ပေးအပ်ရန် ဝန်ကြီးချုပ်က ခရိုင်တရားသူကြီးအားလုံး ကိုလည်း ညွှန်ကြားထားကြောင်း သိရသည်။ 

 


အိန္ဒိယနိုင်ငံ   မြောက်ပိုင်းနှင့်   အရှေ့ပိုင်းရှိ  ဟိန္ဒူအများစုသည် ရေကန်များ၊ မြစ်များသို့ သွားရောက်ကာ ပန်းများပူဇော်ပြီး ပွဲတော်ကို ဆင်နွှဲကြကြောင်း သိရသည်။ အိန္ဒိယနိုင်ငံ၌ အောက်တိုဘာ ၃၀ ရက် ကလည်း နိုင်ငံအနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်၌ လူကူးကြိုးတံတား ပြတ်ကျမှုကြောင့်  လူပေါင်းတစ်ရာကျော်  သေဆုံးမှု  ဖြစ်ပွားခဲ့သေး သည်။                                                                                

ဆင်ဟွာ