အိန္ဒိယနိုင်ငံအရှေ့မြောက်ပိုင်း မြေပြိုမှုကြောင့် သေဆုံးသူ ၁၁ ဦးအထိရှိလာ

 

နယူးဒေလီ   ဇူလိုင်   ၁ 


ကယ်ဆယ်ရေးသမားများသည် ဇူလိုင် ၁ ရက်က နောက်ထပ် သေဆုံးသူ လေးဦး၏ ရုပ်အလောင်း များကို အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ရထားလမ်း တည်ဆောက်ရေးစခန်း မြေပြိုမှုဖြစ်ပွားရာနေရာမှ ဆွဲထုတ်ခဲ့ရသည်။ ယခုအခါတွင် မြေပြိုမှုကြောင့် သေဆုံးသူ ၁၁ ဦးအထိ ရှိလာပြီဖြစ်ကြောင်း ဒေသ တွင်း သတင်းများ၌ ဖော်ပြသည်။ 

 


လုံခြုံရေးတပ်ဖွဲ့များနှင့် သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့များသည်        အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူရပြည်နယ်တွင် ဖြစ်ပွား သော အဆိုပါဖြစ်စဉ်၌ ပြိုကျအပျက်အစီးများကြား ပိတ်မိနေသူ   ဒါဇင်ကျော်ကို    ကယ်ဆယ်နိုင်ရန် ကြိုးစားဆောင်ရွက်လျက်ရှိသည်။ 

 


ယခုအချိန်အထိ လူပေါင်း ၂၅ ဦးကို ကယ်တင် နိုင်ခဲ့ကြောင်း ဒေသဆိုင်ရာအာဏာပိုင်တစ်ဦးက ဒေသတွင်းမီဒီယာသို့ပြောသည်။ 

 


အဆိုပါဖြစ်စဉ်တွင်   သေဆုံးသူအများစုမှာ ရထားလမ်း တည်ဆောက်မှုလုပ်ငန်းတွင် လုပ်ကိုင် ဆောင်ရွက်နေသော     နယ်မြေခံတပ်ဖွဲ့ဝင်များ ဖြစ်ကြသည်။ 

 


တပ်ဖွဲ့ဝင်များအပါအဝင်       အသက်ပေါင်း များစွာဆုံးရှုံးမှုသည် အလွန်တရာ ဝမ်းနည်းဖွယ်ဖြစ် ကြောင်း မဏိပူရပြည်နယ်ဝန်ကြီးချုပ် အင်န်ဘိုင် ရန်ဆင်းက တွစ်တာတွင်ရေးသားဖော်ပြခဲ့သည်။ ထို့အပြင် အဆိုပါဖြစ်စဉ်တွင် လူပေါင်း ၅၀ ကျော် ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။ 

 


ကယ်ဆယ်ရေးအသင်းအဖွဲ့များသည် ရွှံ့ညွန် များနှင့် ကျောက်တုံးများကို ဖယ်ရှားပြီး အသက်ရှင် ကျန်ရစ်သူများကို ဆက်လက်ရှာဖွေလျက်ရှိကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဆူမစ်ကူးမားရှာမင်န်က ပြောသည်။

 


အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း ဝေးလံခေါင်သီ သော နေရာများတွင် လွန်ခဲ့သော သီတင်းပတ်များက မိုးသည်းထန်စွာ  ရွာသွန်းသောကြောင့်  မြေပြိုမှုနှင့် ရေကြီးမှုများ ဖြစ်ပွားလျက်ရှိသည်။   

အေအက်ဖ်ပီ