
ရန်ကုန် ဩဂုတ် ၂၀
အိန္ဒိယနိုင်ငံအစိုးရက မြန်မာ နိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ ဆေးနှင့် ဆက်စပ်ပစ္စည်း များ ပေးပို့လှူဒါန်းသည့် အထူး ကုန်တင်လေယာဉ်မှာ ယနေ့ နံနက်ပိုင်းတွင် ရန်ကုန်အပြည် ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ လာသည်။
အဆိုပါ ပေးပို့လှူဒါန်းသည့် ဆေးနှင့် ဆက်စပ်ပစ္စည်းများကို မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယ သံအမတ်ကြီး H.E. Mr. Sau-rabh Kumar ဦးဆောင်သော
ကိုယ်စားလှယ်အဖွဲ့က ကျန်းမာ ရေးဝန်ကြီးဌာန ဆေးသုတေသန ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ပါမောက္ခ ဒေါက်တာဇော်သန်း ထွန်းနှင့် ကုသရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ သီတာလှတို့ထံ လွှဲပြောင်းပေးအပ်သည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးတွင် အသုံးပြု ရန် အိန္ဒိယနိုင်ငံအစိုးရက Long Surgical Glove (Elbow)size,5,7 ၅၀၀၀၀ ၊ Examination Gloves ၁၅၀၀ ၊ Digital BP Cuff ၅၇၀ ၊ Portable X-ray 100MA တစ်ခု၊ KN-95 Medical Mask (GP 19083) ၁၄၄၀၀ ၊ Rapid Antigen Test Kit ၂၀၀၀ ၊ High-flow nasal cannula (HFNC) ၁၀၀ ၊ Body Bed ၂၉၂ ခု ၊ PPE Coverall ၁၂၄၀ ၊ Pulse Oximeter (finger Tip) ၃၀၀ ၊ Oxygen Concentrator ၂၄ လုံး၊ Apron ၁၆၀၀ ၊ Empty Oxygen Cylinder (40-50 )LTR အလုံး ၄၀၀ တို့ကို အိန္ဒိယနိုင်ငံ နယူး ဒေလီလေဆိပ်မှ ရန်ကုန်လေဆိပ် သို့ ပို့ဆောင်ခဲ့ခြင်းဖြစ်သည်။
အိန္ဒိယနိုင်ငံ အစိုးရက မြန်မာနိုင်ငံသို့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အတွက် ပထမအကြိမ်အဖြစ် ဩဂုတ် ၁၅ ရက်က ဆေးနှင့် ဆက်စပ်ပစ္စည်း ကုန်တန်ချိန် ၅ တန်ကျော်ပါဝင်သော ဆေး ပစ္စည်းရှစ်မျိုးကို ပေးပို့လှူဒါန်း ခဲ့ပြီး ကုန်တန်ချိန် ၄၀ ပါဝင်သော ယခုထောက်ပံ့မှုသည် ဒုတိယ အကြိမ်မြောက်ဖြစ်ကာ တတိယ အကြိမ်အဖြစ် ထပ်မံပေးပို့လှူဒါန်း သွားမည်ဖြစ်ကြောင်း အိန္ဒိယ ပြည်ပရေးရာဝန်ကြီးဌာနမှ သိရ သည်။
ဓာတ်ပုံ-ကနူး
ညိမ်းသူ (သတင်းစဉ်)