အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်တွင် အဆိပ်သင့်အရက် သောက်သုံးမှုမှ သေဆုံးသူ ၉၀ အထိတိုးလာ

 

နယူးဒေလီ   ဒီဇင်ဘာ  ၂၇


ယခုလတွင်   အိန္ဒိယနိုင်ငံ   အရှေ့ပိုင်း  ဘီဟာပြည်နယ်တွင် အဆိပ်သင့်အရက် သောက်သုံးမှုကြောင့် လူပေါင်း ၉၀ ထက်မနည်း သေဆုံးမှုဖြစ်ပွားပြီး အခြားလူပေါင်းများစွာ ဆေးရုံတွင် ကုသမှုခံယူ လျက်ရှိကြောင်း ဒေသမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ 

 


အရက်ရောင်းချခြင်းနှင့်    သောက်သုံးခြင်းကို   ဥပဒေအရ တင်းကျပ်စွာ တားမြစ်ထားသော အဆိုပါ ပြည်နယ်တွင် ထိုသေဆုံး မှုများက အရက်တုများ ရောင်းချခြင်းကြောင့်ဖြစ်သည်ကို ထင်သာ မြင်သာရှိသည်ဟု   ဆိုသည်။  သေဆုံးမှုအများဆုံးမှာ  ဘီဟာ ပြည်နယ်၏ မြို့တော်ပတ်နာမှ အနောက်မြောက်ဘက် ၆၀ ကီလို မီတာခန့်အကွာ ဆာရန်ခရိုင်မှဖြစ်ပြီး ၈၅ ဦးအထိရှိကြောင်းနှင့် ၂၉ ဦးမှာ အမြင်အာရုံဆုံးရှုံးမှုဖြစ်ပွားကြောင်း နိုင်ငံပိုင်အသံလွှင့်ဌာန (အေအိုင်အာရ်) က ပြောသည်။ 

 


ဆေးရုံများတွင် ဆေးကုသမှုခံယူလျက်ရှိသူ ၂၁ ဦးရှိပြီး ၎င်းတို့ ထဲမှ ရှစ်ဦးမှာ စိုးရိမ်ရအခြေအနေရှိသောကြောင့် သေဆုံးမှုနှုန်းဆက်လက်မြင့်တက်လာနိုင်ကြောင်း   သိရသည်။  လွန်ခဲ့သော ခြောက်နှစ်အတွင်း အဆိပ်သင့်အရက်သောက်သုံးမှုကြောင့် ဘီဟာ ပြည်နယ်တွင် သေဆုံးသူပေါင်း ၁၀၀၀ ကျော်ရှိကြောင်းနှင့် ဆက်စပ် ဖြစ်စဉ်များကြောင့် လူပေါင်း ၆၀၀၀၀၀ မှာ ထောင်ကျနေကြောင်း ဘီဟာပြည်နယ်မှ အတိုက်အခံပါတီခေါင်းဆောင်နှင့် လွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်သည့် ဆူရှီးလ် ကူမာမိုဒီ၏ ပြောကြား ချက်ကို ကိုးကား၍ ဒေသမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ 

 


ထို့အပြင် ယခုနှစ် ဇူလိုင်လ၌ ဂူဂျာရတ်ပြည်နယ်တွင်လည်း အဆိပ်သင့်အရက်သောက်သုံးမှုကြောင့် ၄၂ ဦး သေဆုံးကြောင်း သိရသည်။   ပြီးခဲ့သည့်နှစ်တွင်  အဆိပ်သင့် အရက်သောက်သုံးမှု ကြောင့်  လူပေါင်း  ၇၈၂   ဦးအထိရှိကြောင်း   အိန္ဒိယအမျိုးသား မှုခင်းမှတ်တမ်းဗျူရို၏ ထုတ်ပြန်ချက်အရ သိရသည်။    

ဆင်ဟွာ