
နယူးဒေလီ မေ ၂၉
အိန္ဒိယနိုင်ငံ မြို့တော်အတွင်းရှိ မန်ဂက်ပါလ်ဒေသတွင် မေ ၂၉ ရက်က အပူချိန် ၅၂ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်စ်ဖြင့် အမြင့်ဆုံးမှတ်တမ်း တင်ခဲ့သည်။
မန်ဂက်ပါလ်ဒေသ မိုးလေဝသစခန်းသည် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခွဲ၌ အပူချိန် ၅၂ ဒသမ ၃ ဒီဂရီ ဆဲလ်စီးယပ်စ်ရှိကြောင်း မှတ်တမ်း တင်ခဲ့သည်ဟု အိန္ဒိယမိုးလေဝသဌာနက ဖော်ပြခဲ့သည်။
မေ ၂၈ ရက်တွင် မန်ဂက်ပါလ်နှင့် နာရီလာဒေသများ၌ အပူချိန် ၄၉ ဒသမ ၉ ဒီဂရီ ဆဲလ်စီးယပ်စ်ရှိကြောင်းနှင့် နာဂျက်ဂါတွင် အပူချိန် ၄၉ ဒသမ ၈ ဒီဂရီ ဆဲလ်စီးယပ်စ်ရှိကြောင်း မှတ်တမ်းတင်ဖော်ပြခဲ့သည်။
အိန္ဒိယမိုးလေဝသဌာနက အိန္ဒိယနိုင်ငံ အနောက်မြောက်ပိုင်းနှင့် အလယ်ပိုင်း၌ လွှမ်းခြုံဖြစ်ပေါ်နေသောပုံမှန်အပူချိန်မှ ပြင်းထန်သော အပူချိန်သို့ ပြောင်းလဲဖြစ်ပေါ်နိုင်သောအခြေအနေသည် တဖြည်းဖြည်း လျော့နည်းသွားနိုင်ကြောင်း ဖော်ပြထားသည်။
အိန္ဒိယနိုင်ငံ၏နေရာဒေသအတော်များများတွင် ဖြစ်ပေါ်နေသော ပြင်းထန်သောအပူချိန်များကြောင့် ပြည်သူများ၏ ကျန်းမာရေးနှင့် လူနေမှုဘဝကို ဆိုးရွားစွာသက်ရောက်စေနိုင်သည်။
ပြင်းထန်သော အပူချိန်ကြောင့် ဒေလီအစိုးရသည် ရေပိုက်မှတစ်ဆင့် ရေထောက်ပံ့နိုင်မှုကို ကန့်သတ်လိုက်ရသည်။ ယမုံနာမြစ်ရေလျော့နည်း ခန်းခြောက်လာသောကြောင့် ထိုသို့ပြုလုပ်လိုက်ရခြင်းဖြစ်ကြောင်း အိန္ဒိယရေအရင်းအမြစ်မှ ဖော်ပြထားသည်။ ဆင်ဟွာ