
တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာချောင်ချိရေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက်ပေးနိုင်ရေး
တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများကို နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများ ပြည့်မီစွာပေးသွင်း၍ ဆောင်ရွက်ခဲ့
နေပြည်တော် ဇန်နဝါရီ ၂၃
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့မွန်းလွဲပိုင်းတွင် အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ(မန္တလေး)ရှိ စစ်မှုထမ်းဟောင်းများနှင့် မိသားစုဝင်များအား သွားရောက်တွေ့ဆုံသည်။
အဆင်ပြေစွာ ရပ်တည်နေထိုင်နိုင်ရေး
ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က နှုတ်ခွန်းဆက် အမှာစကား ပြောကြားရာတွင် စစ်မှုထမ်းဟောင်း များနှင့် မိသားစုဝင်များ၏ လူမှုစီးပွားဘဝ အတိုင်း အတာတစ်ခုအထိ အဆင်ပြေစွာ ရပ်တည်နေထိုင် နိုင်ရေး အမြဲတမ်းစဉ်းစား၍ ကြိုးပမ်းဆောင်ရွက် ခဲ့ကြောင်း၊ ယခု အဆင့်မြင့်စစ်မှုထမ်းဟောင်း အိမ်ရာ(မန္တလေး)တွင် နေထိုင်သည့် စစ်မှု ထမ်းဟောင်းများနှင့် မိသားစုဝင်များအနေဖြင့် ပြည့်စုံသည် မဟုတ်သော်လည်း အတိုင်းအတာ တစ်ခုအထိ အဆင်ပြေစွာ နေထိုင်နေကြရသည်ကို တွေ့ရှိရသည့်အတွက် ဝမ်းမြောက်မိပါကြောင်း။
နိုင်ငံတော်အနေဖြင့် ရှိရင်းစွဲလုပ်ငန်းများ၊ အကြမ်းဖက်သမားများ၏ အဖျက်အမှောင့် လုပ်ရပ်များကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် လုပ်ငန်းများနှင့် အခြေအနေအရပ်ရပ်တွင် ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နေရလျက် ရှိကြောင်း၊ ထို့ပြင် မိမိတို့နိုင်ငံသည် ဖွံ့ဖြိုးဆဲ နိုင်ငံဖြစ်သည့်အတွက် နိုင်ငံတော်အနေဖြင့် ဘတ်ဂျက် ကန့်သတ်ချက်ရှိပြီး တပ်မတော်အနေဖြင့် တပ်မတော်သားများနှင့် မိသားစုဝင်များ၏ သက်သာ ချောင်ချိရေးလုပ်ငန်းများကို ဖြည့်ဆည်းဆောင်ရွက် ပေးနိုင်ရေး တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများ ကို နိုင်ငံတော်သို့ ပေးသွင်းရမည့် အခွန်အခများ ပြည့်မီစွာ ပေးသွင်း၍ ဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်း များ ဆောင်ရွက်ရာတွင်လည်း ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး အခွင့်အရေးများ တောင်းဆို ခဲ့ခြင်းမရှိကြောင်း၊ ရရှိလာသည့် အကျိုးအမြတ်များ မှ ယခုကဲ့သို့ တပ်မတော်သား၊ စစ်မှုထမ်းဟောင်း များ၊ မိသားစုဝင်များ၏ သက်သာချောင်ချိရေးလုပ်ငန်း များကို ဆောင်ရွက်ပေးနေခြင်းပင်ဖြစ်ကြောင်း။
ထိန်းသိမ်းရန် လိုအပ်
တပ်မတော်မှ ဆောင်ရွက်ပေးထားသည့် အိမ်ရာ များ၊ အလုပ်အကိုင် အခွင့်အလမ်းများကို ဖန်တီး ထားပြီးဖြစ်သဖြင့် မိမိတို့နေထိုင်ရသည့် ပတ်ဝန်းကျင် ကို ထိန်းသိမ်းရန် လိုအပ်မည်ဖြစ်ကြောင်း၊ လူတို့၏ သဘောသဘာဝသည် အလုပ်မလုပ်ပါက ထုံထိုင်း သွားတတ်ပြီး ဘဝပျက်စီးမှုကို ဖြစ်ပေါ်စေနိုင်သော ကြောင့် မိမိတို့ လုပ်နိုင်သရွေ့ လုပ်ဆောင်ကြရန်၊ အခြေအနေပေးသရွေ့ လုပ်ဆောင်ကြရန် လိုအပ် မည်ဖြစ်ကြောင်း၊ ထိုသို့ လုပ်ဆောင်ပြီး မိမိကိုယ်တိုင် နှင့် မိမိ မိသားစုကို ထိန်းသိမ်းဆောင်ရွက်ရမည် ဖြစ်ကြောင်း၊ အပျော်အပါး၊ အသောက်အစား၊ အလောင်းအစားများနှင့်ပတ်သက်၍ မိမိတို့ တစ်ဦးချင်း ကိုယ်စီအသိစိတ်ဖြင့် ရှောင်ကြဉ်ကြရန် လိုအပ်မည်ဖြစ်သကဲ့သို့ မိမိတို့၏ သားသမီးများ ကိုလည်း ဘာသာတရား အဆုံးအမများဖြင့် နေထိုင်တတ်အောင် ထိန်းကျောင်းပေးကြရမည် ဖြစ်ကြောင်း။
မိမိတို့တစ်ဦးချင်း၏ အသိစိတ်ဓာတ်ဖြင့် မိမိနှင့် မိမိတို့၏ မိသားစုများကို ထိန်းသိမ်းနေထိုင်ခြင်းဖြင့် ကောင်းမွန်သည့် လူမှုဘဝပတ်ဝန်းကျင်ကို ဖန်တီး ပေးနိုင်မည်ဖြစ်ကြောင်း၊ ယဉ်ကျေးမှုနှင့်ပတ်သက် သည့် ပွဲလမ်းသဘင်များကို လုပ်ဆောင်၍ ရသည် ဖြစ်သော်လည်း နည်းလမ်းမကျသော သောက်စား ပျော်ပါးသည့် ပျော်ရွှင်မှုများကို မလုပ်ဆောင်ကြ စေလိုကြောင်း။
နိုင်ငံသားများ ပေါင်းစည်းထား
တပ်မတော်သားများသည် မိမိတို့၏ သဘော ဆန္ဒများအလျောက် တပ်မတော်တွင်းသို့ ဝင်ရောက် အမှုထမ်းခဲ့ကြခြင်းဖြစ်ပြီး နိုင်ငံတစ်ဝန်းမှ နိုင်ငံသား များ ပေါင်းစည်းထားခြင်းပင်ဖြစ်ကြောင်း၊ အိမ်ရာတွင် နေထိုင်သည့် စစ်မှုထမ်းဟောင်းများသည် တပ်ပေါင်း များစွာတွင် အမှုထမ်းခဲ့ကြသူများဖြစ်ပြီး ဆွေရင်း မျိုးရင်းများ မဟုတ်ကြသော်လည်း သွေးသားမတော် စပ်သည့် မိသားစုများပင်ဖြစ်သည့်အတွက် ညီအစ်ကို၊ ညီအစ်မ၊ မောင်ရင်းနှမသဖွယ် စိတ်ဓာတ်ဖြင့် နေထိုင် ကြရမည်ဖြစ်ကြောင်း၊ လူတို့၏ သဘောသဘာဝ အရ မတူညီမှု၊ မညီမျှမှုများရှိကြသည်ဖြစ်သော်လည်း ညီရင်းအစ်ကိုဟူသည့် စိတ်ကိုအရင်းခံ၍ ဆောင်ရွက် မည်ဆိုပါက မတူညီမှုများကို အနည်းဆုံးဖြစ်အောင် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ စည်းလုံးညီညွတ်မှု ရှိရန် အဓိက အရေးကြီးကြောင်း၊ တပ်မတော်သား များသည် ပြည်သူကြားက ပေါက်ဖွားလာခြင်းဖြစ်ပြီး နိုင်ငံတော်၏ အစိတ်အပိုင်းတစ်ခုပင်ဖြစ်ကြောင်း၊ နိုင်ငံတိုင်းတွင် နိုင်ငံတော်ကာကွယ်ရေး တာဝန် များကို ထမ်းဆောင်နေသည့် တပ်မတော်ကို အလေးထားကြပြီး နိုင်ငံရေးအရ အမြတ်ထုတ်လိုသူ၊ အသုံးချလိုသူများကသာလျှင် တပ်မတော်၏ အမျိုးသားနိုင်ငံရေး တာဝန်ထမ်းဆောင်မှုများကို နိုင်ငံရေးတွင် အသုံးချခဲ့ကြသည်များရှိကြောင်း။
ပြုစုပျိုးထောင်ပေး
စစ်မှုထမ်းဟောင်းများအနေဖြင့် မိမိတို့၏ သားသမီးများ၏ လူမှုဘဝမြင့်မားရေး၊ ဘဝ တစ်လျှောက်အေးချမ်းသာယာစွာ ဖြတ်သန်းနိုင်ရေး အတွက် ပြုစုပျိုးထောင်ပေးကြရန် လိုအပ်မည် ဖြစ်ကြောင်း၊ ပညာရည်ဖွံ့ဖြိုးတိုးတက်ရေးအတွက် နိုင်ငံတော်နှင့် တပ်မတော်က လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိသည့်အတွက် မိမိတို့ သားသမီးများ၏ ပညာရေးကို အားပေးဆောင်ရွက် ကြရမည်ဖြစ်ကြောင်း မှာကြားသည်။
ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အဆင့်မြင့်စစ်မှုထမ်းဟောင်းအိမ်ရာ (မန္တလေး) တွင် နေထိုင်သည့် စစ်မှုထမ်းဟောင်းများ၊ မိသားစုဝင် များအတွက် ဆန်၊ ဆီနှင့် တပ်မတော်စက်ရုံထုတ် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်ရာ စစ်မှုထမ်းဟောင်းတစ်ဦးက လက်ခံရယူသည်။ ယင်းနောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်မှုထမ်းဟောင်းအဖွဲ့ဝင်များ၏ တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
အခမ်းအနားအပြီးတွင် နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်ကြပြီး အိမ်ရာအတွင်း မော်တော်ယာဉ် များဖြင့် လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
သတင်းစဉ်