
နေပြည်တော် ဖေဖော်ဝါရီ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယ ဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဝင် များဖြစ်ကြသည့် စောဒန်နီယယ်၊ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော် အရာရှိကြီးများ၊ တာဝန်ရှိသူများလိုက်ပါ၍ ယနေ့ တွင် ဘောလခဲမြို့ရှိ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့မိမြို့ဖများအား နယ်မြေခံတပ်ဧည့်ရိပ်သာ၌ သွားရောက်တွေ့ဆုံ၍ အမှာစကား ပြောကြားသည်။
အခက်အခဲများစွာ ကျော်လွှား
ထိုသို့ တွေ့ဆုံအမှာစကားပြောကြားရာတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အနေဖြင့် အရေးပေါ်ကာလ တစ်နှစ်ကို အခက်အခဲများစွာဖြင့် ကျော်လွှားခဲ့ရကြောင်း၊ အချို့သော ဝန်ထမ်းများသည် နိုင်ငံ၏မျက်နှာကိုမကြည့်ဘဲ CDM လုပ်ဆောင်ခဲ့၍ ဆူပူအကြမ်းဖက်မှုကိုမလိုလားသည့် ဝန်ထမ်း ကောင်းများဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့ရကြောင်း၊ ပြည်တွင်း၊ ပြည်ပ ဖိအားမျိုးစုံကို ကြုံတွေ့ခဲ့ရသော် လည်း ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် အောင်မြင် အောင် ဖြတ်သန်းခဲ့ကြောင်း၊ ကြီးမားသော စိန်ခေါ်မှု အဖြစ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသမှု ပင်ဖြစ်ကြောင်း၊ နိုင်ငံအချို့နှင့် INGO အဖွဲ့အချို့ အနေဖြင့် မိမိတို့နိုင်ငံအား ကိုဗစ်-၁၉ ရောဂါအပေါ် လက်မြှောက်အရှုံးပေးရတော့မည်၊ ကျရှုံးသွားရတော့ မည်ဟု ပြောဆိုမှုများရှိခဲ့ကြောင်း။
နိုင်ငံတော်အနေဖြင့် နိုင်ငံတော်ကို သစ္စာရှိသည့် ကျန်းမာရေး ဝန်ထမ်းများအပါအဝင် သက်ဆိုင်ရာမှ ဌာနဆိုင်ရာများ၏ သစ္စာရှိစွာဖြင့် ပူးပေါင်းဆောင်ရွက် မှု၊ ပြည်သူများ၏ ပါဝင်မှုတို့ဖြင့် ကိုဗစ်-၁၉ တတိယ လှိုင်းကို အကောင်းဆုံး အချိန်တိုအတွင်း ကျော်ဖြတ် ခဲ့ကြောင်း၊ ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဥက္ကဋ္ဌကိုယ်တိုင် တနင်္လာနေ့တိုင်းတွင် လည်းကောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဒုဥက္ကဋ္ဌဦးစီး၍ ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်တုံ့ပြန်ရေး ကော်မတီကလည်း နေ့စဉ်နီးပါး တိုင်းဒေသကြီး နှင့် ပြည်နယ် အရေးပေါ်ထိန်းချုပ်တုံ့ပြန်ရေးအဖွဲ့ များဖြင့်လည်းကောင်း ဆွေးနွေးညှိနှိုင်းအဖြေရှာ ဖော်ထုတ်၍ ကြိုးပမ်းခဲ့ရကြောင်း။
ပထမလှိုင်းနှင့် ဒုတိယလှိုင်းတို့တွင် ကာကွယ် ဆေးထိုးမှုနှင့်ပတ်သက်သည့် စာရင်းဇယား အားနည်း မှုများရှိခဲ့သော်လည်း ယခုအခါ တစ်နိုင်ငံလုံးတွင် စနစ်တကျမှတ်တမ်းများထားရှိနိုင်၍ Webportal တွင် VMIS Program ကိုပင် တင်ထားနိုင်ပြီဖြစ် ကြောင်း၊ တတိယလှိုင်းကာလအတွင်း အောက်ဆီဂျင် လိုအပ်ချက် ကြီးမားစွာဖြစ်ပေါ်ခဲ့ပြီး မသမာသူ စီးပွားရေးသမားအချို့အနေဖြင့် မတော်လောဘဖြင့် အောက်ဆီဂျင် လိုအပ်ချက်အပေါ် ကိုယ်ကျိုးစီးပွား ရှာခဲ့မှုတို့ကိုလည်း တွေ့ရကြောင်း၊ နိုင်ငံတော်အနေဖြင့် အောက်ဆီဂျင်အပါအဝင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် တားဆီးရေးဆေးပစ္စည်းများ၊ ကာကွယ်ဆေးများနှင့် ကုသဆေးများကို အချိန်မီရရှိအောင် ဆောင်ရွက်ခြင်း တို့ဖြင့် အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့သဖြင့် နိုင်ငံတကာနှင့် INGO များကပင် အံ့ဩမှင်တက်ကြ ရသည်အထိ ဖြစ်ခဲ့ရကြောင်း၊ ထို့ပြင် အစိုးရရပ်တည်မှု မရနိုင်ရန် ပြည်ပဩဇာခံများက ပြည်ပနိုင်ငံကြီး အချို့နှင့်ပူးပေါင်းကာ ဘဏ်စနစ်ပြိုလဲပြီး စီးပွားရေး ယိုင်လဲရန် ဆောင်ရွက်ခဲ့သော်လည်း ကြံ့ကြံ့ခံ၍ ဖြတ်ကျော်နိုင်ခဲ့ကြောင်း။
နိုင်ငံတော်ဝန်ကြီးချုပ်၏ ပြည်တွင်းဖြစ်ကို အားပေးရန် မူဝါဒအရ ပြည်ပသွင်းကုန်အချို့အား ကန့်သတ်၍ ပြည်တွင်းထုတ်ကုန်လုပ်ငန်းများကို အားပေးခဲ့မှုကြောင့် ၂၀၂၁-၂၀၂၂ ပထမခြောက်လပတ် မီနီဘတ်ဂျက်တွင် ကုန်သွယ်ရေးပိုငွေပြမှုဖြစ်ပေါ်ခဲ့ ကြောင်း၊ အိမ်နီးချင်းနိုင်ငံများနှင့် နယ်စပ်ကုန်သွယ် ရေးလမ်းကြောင်းများကို တိုးမြှင့်ဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ပို့ကုန်များ စဉ်ဆက် မပြတ် တင်ပို့နိုင်ရေး ဆောင်ရွက်လျက်ရှိကြောင်း၊ ဌာနဆိုင်ရာများအနေဖြင့် နိုင်ငံအပေါ်သစ္စာရှိစွာဖြင့် ဒေသတိုးတက်ရေးအတွက် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်သွားရန်လိုကြောင်းဖြင့် ပြောကြားသည်။
ပေါင်းစပ်ညှိနှိုင်း
ထို့နောက် မြို့မိမြို့ဖများနှင့် ဌာနဆိုင်ရာများ၏ သက်ဆိုင်ရာကဏ္ဍအလိုက် တင်ပြချက်များအပေါ် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ် ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်