အိမ်နီးချင်းမိတ်ဆွေကောင်းမှ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ်သို့ (ယမန်နေ့မှအဆက်)

Type
အိမ်နီးချင်း

 

သိင်္ဃသူ

(ယမန်နေ့က အဆက်)

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ၌ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် ဇူလိုင် ၅ ရက် နံနက်ပိုင်းတွင် ဗီယင်ကျန်းမြို့ ဝပ်တိုင်းအပြည်ပြည်ဆိုင်ရာ လေဆိပ်မှတစ်ဆင့် လွန်ပရာဘန်မြို့သို့ ခရီးဆက်ကြရာ လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံ သမ္မတရုံးဝန်ကြီး ဦးဆောင်သည့် လာအိုအစိုးရအဖွဲ့မှ အဆင့်မြင့်အရာရှိကြီးများနှင့် တာဝန်ရှိသူများက လေဆိပ်၌ လှိုက်လှဲနွေးထွေးစွာဖြင့် ဂုဏ်ပြုတပ်ဖွဲ့နှင့်အတူ ပို့ဆောင်နှုတ်ဆက်ကြသည်။

နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိကြရာ လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး H.E.Mr. Bounleuam MANIVONG နှင့် ဇနီးနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ ကော်ဇောနီ၏ ဘေးတစ်ဖက်တစ်ချက်မှ လှိုက်လှဲစွာ ကြိုဆိုနေကြသည့် လာအိုကင်းထောက်လူငယ်မောင်မယ်ကလေးများကလည်း လာအို - မြန်မာ နှစ်နိုင်ငံအလံငယ်လေးများ ကိုင်ဆောင်ဝှေ့ယမ်းလျက်။

လွန်ပရာဘန်သည် လာအိုနိုင်ငံမြောက်ပိုင်း၊ မဲခေါင်မြစ်နှင့် နမ်ခန်မြစ်တို့ဆုံရာတွင် တည်ရှိသော ရှေးဟောင်းမြို့တော်ဖြစ်သည်။ လွန်ပရာဘန်၏ အတိတ်သည် ဒဏ္ဍာရီတို့ဖြင့် ဖုံးလွှမ်းနေသော်လည်း ၁၄ ရာစု အစောပိုင်းကာလ (၁၃၁၆ ခုနှစ်) တွင် တော်ဝင်မင်းသား ဖငွန် (Fa Ngum) ဖွားမြင်ချိန်မှစ၍ သမိုင်းကို ခြေရာကောက်နိုင်သည်။ မင်းသား ဖငွန်သည် ယနေ့ခေတ် ထိုင်းနိုင်ငံအစိတ်အပိုင်းတော်တော်များများနှင့် လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့၏ အစိတ်အပိုင်းများပါဝင်သော အန်းကောမဟာဘုရင့်နိုင်ငံတော်ထဲမှာ ကြီးပြင်းခဲ့သူဖြစ်သည်။ ဖငွန်သည် ခမာမင်းသမီးတစ်ပါးနှင့် လက်ဆက်ပြီးနောက် ထေရဝါဒဗုဒ္ဓဘာသာကို ကိုင်းရှိုင်းသူတစ်ဦးဖြစ်လာသည်။ သူသည် ခမာတို့၏ အင်အားဖြင့် အန်းကောမြောက်ဘက် ဒေသတစ်လွှားကို လက်အောက်သို့ သွတ်သွင်းလိုက်သည်။ ၁၃၅၃ ခုနှစ်တွင် ဘုရင် ဖငွန် (Fa Ngum) သည် လာအိုနယ်မြေများကို စုစည်းကာ လင်းဇင်း (Lan Xang) (ဆင်တော်တစ်သန်း) ဘုရင့်နိုင်ငံကို တည်ထောင်ခဲ့ပြီး လွန်ပရာဘန်ကို မြို့တော်အဖြစ် သတ်မှတ်လိုက်သည်။ လင်းဇင်းဘုရင့်နိုင်ငံ အထွတ်အထိပ်ကာလတွင် ယနေ့ခေတ် လာအိုနိုင်ငံထက် ကျယ်ဝန်းသောနယ်ပယ်ကို စိုးမိုးခဲ့ခြင်း ဖြစ်သည်။

လင်းဇင်းခေတ် တော်ဝင်နန်းတော်သည် မဲခေါင်မြစ်ကမ်းပါးပေါ်တွင် တည်ရှိပြီး မျက်မှောက်ကာလတွင်မူ နိုင်ငံ၏ အမြင့်မြတ်ဆုံးနေရာ တော်ဝင်နန်းတော်ပြတိုက်အဖြစ် ထိန်းသိမ်းစောင့်ရှောက်ထားသည်။ ယခင်က နန်းတော်သည် ကျွန်းသစ်များဖြင့်သာ ဆောက်လုပ်ထားခဲ့ခြင်းဖြစ်ပြီး ပြန်လည် ပြုပြင်သည့်အခါ ပြင်သစ် Beaux-Arts ဗိသုကာလက်ရာများနှင့် လာအိုဗိသုကာပုံစံတို့ကို ရောနှောကာ အုတ်ဖြင့်အစားထိုး တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ၁၉၇၅ ခုနှစ် ဘုရင်စနစ်ကို ဖျက်သိမ်းချိန်အထိ လာအိုဘုရင့်တော်ဝင်မိသားစုများ ထွက်ခွာသွားခဲ့ပြီးနောက် ၁၉၉၅ ခုနှစ်တွင် အမျိုးသားပြတိုက်အဖြစ် ပြောင်းလဲကာ အများပြည်သူကို ဖွင့်လှစ်ပြသခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့် ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့သည် တော်ဝင်နန်းတော်ပြတိုက်သို့ ရောက်ရှိကြရာ တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။ နိုင်ငံတော်သမ္မတနှင့် ဇနီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့သည် တော်ဝင်နန်းတော်ပြတိုက်အတွင်းရှိ လာအိုရှေးဟောင်း“ဖဘန်”ဘုရားကို ဖူးမြော်ကြည်ညို၍ ဆီမီး၊ ပန်းများ ကပ်လှူပူဇော်ကာ ရွှေကြာသင်္ကန်းနှင့် အများပြည်သူ ဖူးမြော်နိုင်ရန် မာရဝိဇယရုပ်ပွားတော်မြတ်တစ်ဆူ၊ မာရဝိဇယဘုရားကြီး တည်ဆောက်ခဲ့မှု သမိုင်းမှတ်တမ်းစာအုပ်တို့ကို လှူဒါန်းရာ တာဝန်ရှိသူတစ်ဦးက လက်ခံရယူသည်။ ဆက်လက်၍ ဘုရားကျောင်းဆောင်အတွင်း လှည့်လည်ကြည့်ရှုဖူးမြော်ကြရာ တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် နိုင်ငံတော်သမ္မတနှင့်ဇနီး ဦးဆောင်သည့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့သည် တော်ဝင်နန်းတော်ပြတိုက်အတွင်း လှည့်လည်ကြည့်ရှုလေ့လာကြပြီး ဧည့်သည်တော်မှတ်တမ်းတွင် လက်မှတ်ရေးထိုးကာ တော်ဝင်နန်းတော်ပြတိုက်ရှေ့တွင် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။

လာအိုနိုင်ငံ လွန်ပရာဘန်မြို့တွင် နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ် ရောက်ရှိနေသည့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ထံသို့ ဇူလိုင်လ ၅ ရက်နေ့ နံနက်ပိုင်းတွင် လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူး မစ္စတာ ဘွန်လူအမ်မနိဝုန်က ခေတ္တတည်းခိုရာ ဟိုတယ်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် အဖွဲ့ဝင်များ တက်ရောက်ကြပြီး လွန်ပရာဘန်ပြည်နယ် အတွင်းရေးမှူးနှင့် ဇနီးနှင့် လွန်ပရာဘန်ပြည်နယ်အစိုးရအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ကြသည်။

နှစ်ဖက်တွေ့ဆုံဆွေးနွေးမှုတွင် နိုင်ငံတော်သမ္မတနှင့် ဇနီး ဦးဆောင်သည့် ချစ်ကြည်ရေးခရီးစဉ်မှတစ်ဆင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှု ယခုထက်ပိုမိုအဆင့်မြှင့်တင်နိုင်မည့်အခြေအနေများ၊ နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများအဖြစ် ပူးပေါင်းဆောင်ရွက်မှုအခြေအနေများ၊ လာအိုနိုင်ငံ လွန်ပရာဘန်မြို့နှင့် မြန်မာနိုင်ငံ ပုဂံမြို့တို့သည် (Sister City) များဖြစ်ကြပြီး လွန်ပရာဘန်မြို့နှင့် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ ကျိုင်းတုံမြို့တို့အကြား ခရီးသွားကဏ္ဍနှင့် ကူးလူးဆက်ဆံမှုများ ပိုမိုတိုးမြှင့် ဆောင်ရွက်သွားမည်ဆိုပါက နှစ်နိုင်ငံခရီးသွားကဏ္ဍအတွက် များစွာအကျိုးဖြစ်ထွန်းစေမည့် အခြေအနေများ၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှုနှင့် ကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှု ဆက်လက်တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီး ဆွေးနွေးကြသည်။

လွန်ပရာဘန်ကို ၁၉၉၅ ခုနှစ်တွင် ယူနက်စကိုက ကမ္ဘာ့အမွေအနှစ်နေရာအဖြစ် သတ်မှတ်ခဲ့သည်။ အဓိကအချက်မှာ လွန်ပရာဘန်တွင် လာအိုရိုးရာ ဗိသုကာပညာနှင့် ၁၉-၂ဝ ရာစု ဥရောပကိုလိုနီ မြို့ပြ ဗိသုကာလက်ရာများ ထူးခြားပြောင်မြောက်စွာ ပေါင်းစပ်နေမှုကြောင့်ဖြစ်သည်။ လွန်ပရာဘန်တွင် အရှေ့တိုင်းနှင့် အနောက်တိုင်း ယဉ်ကျေးမှုနှစ်ခု ဟန်ချက်ညီညီ ရောစပ်ယှက်နွှယ်နေမှုကို ရှင်သန်နေသည့် ပြတိုက်ကြီးသဖွယ် မြင်တွေ့နေရသည်။ လွန်ပရာဘန်လက်ရာဟန် ဘုရားစံကျောင်းတော်များ၊ ရာစုနှစ်များစွာ ပြောင်းလဲခြင်းမရှိသည့် ဒေသခံများ၏ ရိုးရာပုံစံနေအိမ်များ၊ ပြင်သစ်ကိုလိုနီခေတ် အဆောက်အအုံများ၊ အောက်ထပ်တွင် ပြင်သစ်ဟန် အုတ်တိုက်အဆောက်အအုံကို အခြေခံထား၍ အပေါ်ထပ်ကို လာအိုရိုးရာ အိမ်ပုံစံ၊ လာအိုရိုးရာ အိမ်ခေါင်မိုးပုံစံတို့ ပေါင်းစပ်ထားသည့် အဆောက် အအုံများ၊ သဘာဝပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်နေစေသည့် ဗိသုကာဟန်တို့က လွန်ပရာဘန်ကို ကမ္ဘာ့အမွေအနှစ်ဖြစ်လာစေသည်။

လွန်ပရာဘန်မြို့အတွင်းရှိ ရှေးဟောင်းလာအိုရိုးရာ ဗုဒ္ဓဘာသာဘုရားကျောင်းများ၊ နံနက်ခင်း မိုးလင်းစအချိန် အတန်းလိုက်ဆွမ်းခံကြွလာသည့် သံဃာတော်များစသည့်မြင်ကွင်းများက နိုင်ငံတကာခရီးသွားတို့ကြားတွင် ကျော်ကြားသည်။ လာအိုနိုင်ငံ၏ ခရီးသွားကဏ္ဍမှာ တိုးတက်လျက်ရှိရာ ယမန်နှစ်က ခရီးသွား ၄ ဒသမ ၅ သန်းကျော် ဝင်ရောက်ခဲ့ပြီး မျှော်မှန်းထားသည်ထက် ပိုမိုခဲ့သည်။ ယခုနှစ်တွင် နိုင်ငံတကာခရီးသွား ငါးသန်းမှ ခြောက်သန်းအထိ ဝင်ရောက်ရန် မျှော်မှန်းဆောင်ရွက်လျက်ရှိရာ ပထမသုံးလအတွင်း၌ပင် ခရီးသွား ၁ ဒသမ ၃၆ သန်း ဝင်ရောက်ခဲ့ပြီး ယခင်နှစ်ထက် ၈ ရာခိုင်နှုန်း တိုးတက်ခဲ့သည်။ လာအိုသို့ အများဆုံးလာရောက်ကြသည့် နိုင်ငံတကာခရီးသွားဧည့်သည်များမှာ ထိုင်း၊ တရုတ်၊ ဗီယက်နမ်၊ တောင်ကိုရီးယားနှင့် အမေရိကန်တို့မှ ဖြစ်သည်ဟု သိရသည်။

လာအိုနိုင်ငံသို့ ပြည်ပခရီးသွားဧည့်သည်များ တိုးတက်ဝင်ရောက်လာရခြင်း၏ အကြောင်းရင်းများ တွင် လာအို- တရုတ် မြန်နှုန်းမြင့် ရထားလမ်းဖွင့်လှစ်နိုင်ခြင်းကြောင့် ခရီးသွားလာမှုများ အလွန်မြန်ဆန်လွယ်ကူလာခြင်းက ပထမအကြောင်းရင်းဖြစ်သည်။ ယဉ်ကျေးမှု၊ ရှေးဟောင်းအမွေအနှစ်များနှင့် ဂေဟစနစ်ခရီးသွားလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးလာခြင်း၊ ကမ္ဘာပေါ်တွင် နေထိုင်စားသောက်စရိတ်အသက်သာဆုံးခရီးစဉ်များထဲမှ တစ်ခုအဖြစ် သတ်မှတ်ခံထားရခြင်းတို့လည်း ပါဝင်သည်ဟု သိရသည်။

တွေ့ဆုံပွဲအပြီးတွင် နိုင်ငံတော်သမ္မတနှင့် ဇနီးတို့သည် လာအိုရိုးရာ ဆုတောင်းပွဲအခမ်းအနား (ဘာစီပွဲတော်)သို့ တက်ရောက်ကြသည်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတနှင့် လွန်ပရာဘန် ပြည်နယ်ပါတီကော်မတီအတွင်းရေးမှူးတို့က မင်္ဂလာဆီမီးများ ထွန်းညှိပူဇော်၍ လာအိုရိုးရာအစဉ်အလာဖြင့် ဆုမွန်ကောင်းများ တောင်းကြကာ လွန်ပရာဘန်ပြည်နယ် ပါတီကော်မတီအတွင်းရေးမှူးနှင့် ဇနီးနှင့် လွန်ပရာဘန်ပြည်နယ်အစိုးရအဖွဲ့ဝင်များက နိုင်ငံတော်သမ္မတနှင့်ဇနီးနှင့် မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဝင်များ၏ လက်များ၌ မင်္ဂလာ ကြိုးဖြူချည်နှောင်ဆုတောင်းပေးကြသည်။

မဝေးလှသေးသည့် အတိတ်ကာလသမိုင်းကို ပြန်ကြည့်လျှင် လာအိုမြေပေါ်၌ စစ်၏အနိဋ္ဌာရုံများကို တွေ့နိုင်သည်။ နိုင်ငံသားအချင်းချင်းကြားမှ လက်နက်ကိုင်ပဋိပက္ခများနှင့် ထိုအချိန်က ကမ္ဘာ့ အင်အားစုကြီးနှစ်ခုကြားမှ စစ်အေးတိုက်ပွဲ၊ ဒိုမီနိုသီအိုရီအမြင်ဖြင့် ကွန်မြူနစ်ဝါဒပြန့်ပွားမည်ကို ကြောက်သည့် အမေရိကန်နှင့် စစ်အေးကာလ အကြီးမားဆုံးပဋိပက္ခဖြစ်သော ဗီယက်နမ်စစ်ပွဲ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် လာအိုနိုင်ငံကို လျှို့ဝှက်ဗုံးကြဲတိုက်ခိုက်မှုတို့ဖြစ်သည်။ ၁၉၆၄ ခုနှစ်မှ ၁၉၇၃ ခုနှစ်အတွင်း အမေရိကန်က လာအိုကို ဗုံးတန်ချိန် နှစ်သန်းကြဲချခဲ့သည်။ ကိုးနှစ်တာအတွင်း လေယာဉ် ပျံသန်းမှုအကြိမ်ရေ ၅၈၀၀၀၀ ခန့်၊ ဗုံးအလုံးရေ သန်း ၂၇၀ ခန့်ကြဲချခဲ့ရာ ၃၀ ရာခိုင်နှုန်းခန့်မှာ မပေါက်ကွဲဘဲ မြေကြီးထဲတွင် ကျန်ရစ်ခဲ့သည်။ ထိုစဉ်က လာအိုနိုင်ငံ၏ လူဦးရေမှာ နှစ်သန်းကျော် သာရှိရာ လူတစ်ဦးလျှင် ဗုံးတစ်တန်နှုန်း ကြဲချခံခဲ့ရခြင်းဖြစ်ပြီး ကမ္ဘာ့သမိုင်းတွင် လူဦးရေအချိုးအစားအရ ဗုံးကြဲတိုက်ခိုက်မှု အပြင်းထန်ဆုံးခံရသည့်နိုင်ငံအဖြစ် မှတ်တမ်းဝင်ခဲ့သည်။ ဗုံးဒဏ်ကြောင့် လူနှစ်သိန်းကျော် သေဆုံးခဲ့ရာ ထိုစဉ်က နိုင်ငံလူဦးရေ၏ ၁၀ ရာခိုင်နှုန်း ပျက်စီးခဲ့ရခြင်းဖြစ်သည်။

ပြည်တွင်းစည်းလုံးညီညွတ်မှု ပြိုကွဲခြင်း၊ ပြည်ပကျူးကျော်စွက်ဖက်မှုများနှင့် ကိုလိုနီပြုမှု၊ လက်နက်ကိုင်ပဋိပက္ခများ၊ ကိုယ်စားစစ်ပွဲ (Proxy War) စသည်တို့ စွဲထင်နေသည့် အတိတ်မှ ယနေ့ လာအိုနိုင်ငံသားတို့ ရုန်းထလာနိုင်ခဲ့ကြပြီ။ စည်းလုံးညီညွတ်မှု၊ ငြိမ်းချမ်းတည်ငြိမ်မှုတို့က နိုင်ငံကို ဖွံ့ဖြိုးတိုးတက်မှုဆီသို့ ဦးတည်သွားစေသည်။ လာအို၏ နိုင်ငံဖွံ့ဖြိုးရေး တည်ဆောက်မှုတို့တွင်လည်း အဖျက်အမှောင့်တို့ ကင်းသည်တော့မဟုတ်။ ရေအား လျှပ်စစ်အတွက် ဆည်တမံများ တည်ဆောက်မှု၊ မြန်နှုန်းမြင့် ရထားလမ်းတည်ဆောက်မှုတို့ကို သဘာဝပတ်ဝန်းကျင် ဖျက်ဆီးမှု၊ ဂေဟစနစ်များ ပျက်စီးမှု၊ ရိုးရာလူနေမှုစနစ်များ၊ လူမှုစီးပွားဘဝများ ပျက်စီးမှု၊ ကြွေးမြီ ထောင်ချောက်ကျရောက်မှုကဲ့သို့သော စွပ်စွဲချက်များ၊ ကန့်ကွက်မှုများသူတို့ ပြည်တွင်းကရော ပြည်ပမှပါ ကျယ်ကျယ်လောင်လောင် အော်ခဲ့ကြဖူးသည်။ မည်သို့်ပင်ဖြစ်စေ လာအိုနိုင်ငံသည် အဆိုးရွားဆုံးကာလများကို အတိတ်မှာထားခဲ့ပြီး ဖွံ့ဖြိုးတိုးတက်ရေးခြေလှမ်းများကို မှန်မှန်လှမ်းကာ ဖွံ့ဖြိုးမှုအနည်းဆုံးနောက်ကျနေသည့်အခြေအနေမှ ရုန်းထွက်လာနေသည်။

လာအိုပြည်သူ့ဒီမိုကရက်တစ်သမ္မတနိုင်ငံသမ္မတ၏ ဖိတ်ကြားချက်အရ နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်နှင့် ဇနီး ဒေါ်ကြူကြူလှ ဦးဆောင်သည့် မြန်မာအဆင့်မြင့်ချစ်ကြည်ရေးကိုယ်စားလှယ်အဖွဲ့၏ နိုင်ငံတော်အဆင့် ချစ်ကြည်ရေးခရီးစဉ်သည် လွန်ပရာဘန်မြို့တွင် ပြီးဆုံး၍ ဇူလိုင် ၃ ရက် မွန်းလွဲပိုင်းတွင် လွန်ပရာဘန်အပြည်ပြည်ဆိုင်ရာလေဆိပ်မှ အထူးလေယာဉ်ဖြင့် ပြန်လည်ထွက်ခွာရာ ညနေပိုင်းတွင် နေပြည်တော်တပ်မတော်လေဆိပ်သို့ ပြန်လည်ရောက်ရှိသည်။

နိုင်ငံတော်သမ္မတ၏ ဤခရီးစဉ်က ကာလရှည်ရင်းနှီးချစ်ကြည်မှုရှိသည့် အိမ်နီးချင်းနိုင်ငံကို မဟာ ဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးသို့ တိုးမြှင့်နိုင်ရန် အားသစ်လောင်းခဲ့သည်။ စီးပွားရေးအရလည်း နှစ်နိုင်ငံအကြား လက်တွေ့ကျကျ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများကို နိုင်ငံနှင့်ပြည်သူတို့ အကျိုးစီးပွားအတွက် ဆွေးနွေးခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ၏ ဆွေးနွေးမှုများ အကောင်အထည်ပေါ်လာသည်နှင့်အမျှ နှစ်ဖက်အကျိုးစီးပွားတို့ ဖြစ်ထွန်းလာမည်သာဖြစ်သည်။ မြန်မာ-လာအို ချစ်ကြည်ရင်းနှီးမှုသည် အနာဂတ်ကာလတစ်လျှောက် အဓွန့်ရှည်ကြာ ခိုင်မြဲစွာဖြင့် အတူတကွ ဖွံ့ဖြိုးတိုးတက်ကြပါစေကြောင်း။