ရန်ကုန် မတ် ၉
မြန်မာနိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်  မြန်မာနိုင်ငံ အိမ်မွေးတိရစ္ဆာန် မွေးမြူသူများအသင်း၊ မြန်မာနိုင်ငံခရီးသွားလုပ်ငန်းအဖွဲ့ချုပ်တို့ ပံ့ပိုး ကူညီမှု ဖြင့် Silver Sea International Ltd မှကြီးမှုး၍ Yangon Pet Expo 2024 နှင့် Myanmar Grand Dog Show 2024 ပြပွဲကို မတ် ၉ ရက်မှ ၁၀ ရက်အထိ မရမ်းကုန်းမြို့နယ်ရှိ  ရန်ကုန်ကွန်ဗင်းရှင်းစင်တာ၌ ပြသလျက်ရှိသည်။  Pet Expo  ပြပွဲဖြစ်သည့်အတွက်  မိမိချစ်ခင်သည့် Pet များကို ခေါ်ဆောင်လာနိုင်ပြီး အစားအစာများကို ဝယ်ယူကျွေးမွေး နိုင်အောင် စီစဉ်ထားသည်။  ထို့အပြင် တိရစ္ဆာန်နှင့်ပတ်သက်သည့် ဆေးဝါး များ၊ ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုပေးသည့် ကုမ္ပဏီများ၊ ပြခန်းများ၊ ဆက်စပ်ပစ္စည်းအရောင်းပြခန်းများကို စိတ်ဝင်စားဖွယ်ရာ ပြသထားရာ ပရိသတ်များကြည့်ရှုလေ့လာကြသည်။ 
အဆိုပါပြပွဲတွင် ကုမ္ပဏီပေါင်း ၁၆ ခုတို့မှ ပြခန်းပေါင်း ၄၁ ခုတို့ဖြင့် ပြသကြသည်။ ထို့ပြင် SME ဆိုင်ခန်းပေါင်း ၁၅ ခန်းနှင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းအဖွဲ့ချုပ်၏ပံပိုးကူညီမှုဖြင့် ဟိုတယ်၊ ခရီးသွားလုပ်ငန်း ရှင်များက ပြခန်း ခုနစ်ခန်းတို့လည်း ပါဝင်ပြသကြပြီး ပညာရှင်များ၊ ဆရာဝန်များနှင့် တွေ့ဆုံဆွေးနွေးနိုင်အောင်စီစဉ်ထားရှိကာ ပညာပေး ဟောပြောပွဲကိုလည်း တက်ရောက်နိုင်ကြောင်း သိရသည်။
ပြပွဲတွင် တိရစ္ဆာန် ပြိုင်ပွဲကိုထည့်သွင်းထားပြီး ပြပွဲလာပရိသတ် များကို Summer Travel Fair ကအပန်းဖြေခရီးစဉ်များကို ကံစမ်းမဲ ဖောက်၍ လက်ဆောင်ပေးအပ်ကြောင်း သိရသည်။
မျိုးမင်းသူရ
      


