အီတလီအိုးပင်းအမျိုးသားတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံးဗိုလ်လုပွဲစဉ်ကို မေ ၁၇ ရက်က ကျင်းပခဲ့ရာ ကမ္ဘာ့အအဆင့် ၁ အီတလီတင်းနစ် အကျော်အမော် ဂျန်းနစ်ဆင်းနားက နော်ဝေတင်းနစ်အကျော်အမော် ကပ်စပါရုဒ် ကို ၆- ၄ ၊ ၆ - ၄ ရလဒ်ဖြင့် နိုင်ပွဲရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့သည်။
အသက် ၂၄ နှစ်အရွယ် ဆင်းနားသည် ကပ်စပါရုဒ်ကို အနိုင်ယူရန် အချိန်တစ်နာရီနှင့် ၄၅ မိနစ်ကြာ ယှဉ်ပြိုင်ခဲ့ရသည်။ ၎င်းသည် ယခု နိုင်ပွဲကြောင့် နိုဗက်ဂျိုကိုဗစ်ပြီးနောက် ATP Masters 1000 ဆုဖလား အားလုံးကို ဆွတ်ခူးနိုင်သည့် ဒုတိယမြောက်တင်းနစ်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည်။
ထို့ပြင် ဆင်းနားသည် Masters 1000 အဆင့်ရှိ ပြိုင်ပွဲများတွင် ခြောက်ကြိမ်ဆက်တိုက်ဖလားဆွတ်ခူးနိုင်သည့် တင်းနစ်ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ၁၉၇၆ ခုနှစ်မှစတင်ကာ အီတလီ အိုးပင်းအမျိုးသားတစ်ဦးချင်းပြိုင်ပွဲတွင် ဖလားဆွတ်ခူးနိုင်သည့် ပထမဆုံး အီတလီတင်းနစ် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။ ကပ်စပါရုဒ်သည် ပြိုင်ပွဲတစ်လျှောက်တွင် လီဟက်ကာ၊ မူဆက်တီ၊ ခါချာနော့ဗ်၊ ဒါဒါရီတို့ကို အဆင့်ဆင့် ကျော်ဖြတ်ကာ ဗိုလ်လုပွဲတက်လှမ်းလာသော်လည်း ဆင်းနားကို ရှုံးနိမ့်သည့်အတွက် ဖလားဆွတ်ခူးခွင့် လွဲချော်ခဲ့သည်။
အောင်ဇော်