ဖနောင်ပင် မေ ၁၈
ကမ္ဘောဒီးယားနိုင်ငံတွင် အီဘိုလာရောဂါကူးစက်ဖြစ်ပွားမှု ယခုချိန်အထိ မတွေ့ရှိသေးသော်လည်း ပြည်သူများကို သတိဖြင့်နေထိုင်ရန် အစိုးရကတိုက်တွန်းထားသည်ဟု ကျန်းမာရေးဝန်ကြီးဌာနက မေ ၁၈ ရက် ထုတ်ပြန် ကြေညာချက်တွင် ဖော်ပြထားသည်။
အီဘိုလာရောဂါ ကူးစက်ဖြစ်ပွားမှုကြောင့် ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံတွင် သေဆုံးသူ ၈၀ ကျော်လာချိန်တွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က အပြည်ပြည်ဆိုင်ရာ ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် ကြေညာလိုက်ပြီးနောက် ယခုလို ထုတ်ပြန်ချက်ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ ယခုအခါ အဆိုပါ အီဘိုလာရောဂါသည် ယူဂန်ဒါနိုင်ငံသို့ ဆက်လက်ကူးစက်ပျံ့နှံ့လျက်ရှိပြီး သေဆုံးမှုများ ဖြစ်ပေါ်လျက်ရှိသည်။
လက်ရှိအချိန်တွင် ကမ္ဘာဒီးယားနိုင်ငံ၌ မည်သည့်အီဘိုလာရောဂါကူးစက်ဖြစ်ပွားမှုမျိုးမှ မတွေ့ရှိသေးကြောင်း အဆိုပါ ထုတ်ပြန်ချက်တွင် ဆက်လက်ဖော်ပြထားသည်။ ကျန်းမာရေးဝန်ကြီးဌာနသည် အီဘိုလာရောဂါ ကူးစက်ဖြစ်ပွား နိုင်ခြေကို အနီးကပ်စောင့်ကြည့်စစ်ဆေးလျက်ရှိပြီး အီဘိုလာရောဂါနှင့်ပတ်သက်၍ အရေးပေါ်တုံ့ပြန် ဆောင်ရွက်ရေး အသင်းများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပြည်သူများကို လူမှုမီဒီယာပလက်ဖောင်းမှတစ်ဆင့် အချိန်နှင့်တစ်ပြေးညီ အသိပညာပေးခြင်းနှင့် လမ်းညွှန်မှာကြားခြင်းများ ပြုလုပ်လျက် ရှိသည်။
ထို့ပြင် နိုင်ငံအတွင်း အီဘိုလာရောဂါကူးစက် ဖြစ်ပွားမှုများဖြစ်ပေါ်ခဲ့ပါက အရေးပေါ်တုံ့ပြန် ဆောင်ရွက်မှုများနှင့် လိုအပ်သော ကြိုတင်ကာကွယ်မှုများဆောင်ရွက်နိုင်ရန် အဆင်သင့်ပြင်ဆင်ထားရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အီဘိုလာရောဂါသည် လူများတွင် ကူးစက်ဖြစ်ပွားတတ်ပြီး မကြာခဏသေဆုံးစေနိုင်သည့် ကူးစက်မြန် သွေးယိုဖျား ရောဂါဖြစ်သည်ဟု အဆိုပါကြေညာချက်တွင် ဖော်ပြထားသည်။ အချိန်မီမကုသနိုင်ပါက သေဆုံးနှုန်းသည် ၈၀ မှ ၉၀ ရာခိုင်နှုန်းအထိ မြင့်နိုင်သည်ဟု ဆက်လက်ဖော်ပြထားသည်။
ဆင်ဟွာ