အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၅ အရ တရားစွဲဆိုခံရသည့် မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ အပေါ် အမိန့်ချမှတ်

 

 

နေပြည်တော်    မေ    ၁၆
မွန်ပြည်နယ်ဝန်ကြီးချုပ်ဟောင်း   ဒေါက်တာအေးဇံသည်  ရာထူးနှင့် လုပ်ပိုင်ခွင့်ကို အကြောင်းပြု၍ စီးပွားရေးလုပ်ငန်းရှင်များထံမှ ငွေကြေး များ    ရယူသုံးစွဲခဲ့မှုများအပေါ်   ဥပဒေနှင့်အညီ   အရေးယူပေးပါရန် တိုင်ကြားခြင်းနှင့်     စပ်လျဉ်း၍    အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့သည်။
စုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ ဝန်ကြီးချုပ် ဟောင်း   ဒေါက်တာအေးဇံသည်   နိုင်ငံရေးရာထူးလက်ရှိဖြစ်ခဲ့စဉ်က တည်ဆဲဥပဒေ၊      စည်းမျဉ်းစည်းကမ်း၊    လုပ်ထုံးလုပ်နည်းများကို ဖောက်ဖျက်လျက် ၂၀၁၈ ခုနှစ်မှစတင်၍ သံလွင်မြစ်အတွင်း သဲများ စုပ်ယူထုတ်လုပ်ခဲ့ရာတွင် လုပ်ငန်းရှင်များထံမှ စုစုပေါင်း ငွေကျပ် သိန်း ၅၆၉၀ ကျော်ကို လက်ခံရယူခဲ့ခြင်း၊ သဲသောင်တူးဖော်ရေးလုပ်ငန်းတွင် နိုင်ငံတော် ဘဏ္ဍာရန်ပုံငွေစာရင်းသို့ အမှန်တကယ် ပေးသွင်းရမည့် ဓာတ်သတ္တုခွန်အား      လုပ်ပိုင်ခွင့်မရှိဘဲ    လျော့နည်းပေးသွင်းရန် ခွင့်ပြုခဲ့ခြင်းကြောင့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နိုင်ငံတော်မှရရှိမည့် ဘဏ္ဍာငွေကျပ်သိန်း  ၁၃၂၀ ကျော် နစ်နာဆုံးရှုံးခဲ့ခြင်း၊  ကိုဗစ် - ၁၉ ရန်ပုံငွေများမှ ငွေကျပ် သိန်း ၂၀၀ ကို ပုဂ္ဂိုလ်ရေးအရ အခြားသူတစ်ဦးသို့ ခေတ္တထုတ်ပေးခဲ့ပြီး ပြန်လည်ပေးဆပ်မှုမရှိခြင်း၊ အခြားပုဂ္ဂိုလ်နှစ်ဦးသို့ ငွေကျပ် သိန်း ၆၅၀ ထုတ်ပေးခဲ့ပြီး ပြန်လည်ပေးဆပ်မှုမရှိခြင်း တို့သည် နိုင်ငံတော်၏  ငွေကြေးပိုင်ဆိုင်မှုကို  နစ်နာဆုံးရှုံးစေခဲ့ခြင်းအပါအဝင် အဂတိလိုက်စားမှုများကို ကျူးလွန်ခဲ့ခြင်းကြောင့် ဝန်ကြီးချုပ်ဟောင်း ဒေါက်တာအေးဇံ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၅ အရ မွန်ပြည်နယ်တရားလွှတ်တော်တွင် ၂၇-၄-၂၀၂၁ ရက်နေ့၌  တရားစွဲဆိုတင်ပို့ခဲ့ရာ ရာဇဝတ်ကြီးမှုအမှတ် ၁/၂၀၂၁ မှ ၉/၂၀၂၁ အထိ အမှု ကိုးမှုဖြင့် လက်ခံစစ်ဆေးခဲ့သည်။ 
မွန်ပြည်နယ်တရားလွှတ်တော်က ယနေ့ရက်စွဲဖြင့် ဝန်ကြီးချုပ် ဟောင်း ဒေါက်တာအေးဇံ အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၅ အရ အမှု ကိုးမှုအတွက် ပြစ်မှုထင်ရှားစီရင်ပြီး ထောင်ဒဏ် ၂၁ နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း သတင်းရရှိသည်။
သတင်းစဉ်