
နေပြည်တော် ဇူလိုင် ၁၀
အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်နှင့် အလုပ်သမားဝန်ကြီးဌာနတို့ ပူးပေါင်းဆောင်ရွက် သည့် အဂတိလိုက်စားမှု တားဆီးကာကွယ်ရေး ဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် အလုပ်သမား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အခမ်းအနားသို့ အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ဒုတိယဝန်ကြီး ဦးဝင်းရှိန်၊ ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်း၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ အလုပ်သမားဝန်ကြီးဌာနမှ တာဝန် ရှိသူများနှင့် CPU အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ပွင့်လင်းမြင်သာစွာဆောင်ရွက်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက အဂတိလိုက်စားမှု သည် နယ်ပယ်အသီးသီးတွင် ပုံစံအမျိုးမျိုးဖြင့် ဖြစ်ပေါ် နိုင်ပြီး အဂတိလိုက်စားမှုကို ကျူးလွန်ပါက အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေနှင့် အရေးယူ ခံရမည့်အပြင် ပတ်ဝန်းကျင်အသိုင်းအဝိုင်း၌ မိမိ၏ ဂုဏ်သိက္ခာ ထိခိုက်ကျဆင်းစေမည် ဖြစ်သည့်အတွက် နိုင်ငံ့ဝန်ထမ်းများ သိရှိရှောင်ကြဉ်ရန် လိုအပ်ကြောင်း၊ ကာကွယ်ခြင်းသည် ကုသခြင်းထက် ကောင်းသည် ဆိုသည့် စကားနှင့်အညီ အဂတိလိုက်စားမှုများ ပေါ်ပေါက်မှ စုံစမ်းစစ်ဆေး အရေးယူခြင်းထက် အဂတိလိုက်စားမှုများ မဖြစ်မီကတည်းက ကြိုတင် ကာကွယ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အလုပ် သမားဝန်ကြီးဌာနသည် အလုပ်သမားထု၏ လူမှု စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဝန်ဆောင်မှု လုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် ဌာနဖြစ်ပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးအတွက် တစ်ထောင့် တစ်နေရာမှ တာဝန်ယူ ဆောင်ရွက်လျက်ရှိသည့် ဌာနဖြစ်ပါကြောင်း၊ ဝန်ကြီးဌာန၏ မူဝါဒ၊ ရည်မှန်း ချက်များ အကောင်အထည်ဖော်ရာတွင် ဖြောင့်မတ် တည်ကြည်မှု၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိကြရန် နှင့် ပွင့်လင်းမြင်သာစွာ ဆောင်ရွက်နိုင်ရန် လိုအပ်ကြောင်း။
တက်ကြွစွာဆောင်ရွက်လျက်ရှိ
အလုပ်သမားဝန်ကြီးဌာန၏ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးအဖွဲ့ (Corruption Preven-tion Unit- CPU) ကို ၁၅ ဦးဖြင့် ဖွဲ့စည်းထားပြီး ယင်းအဖွဲ့သည် ကော်မရှင်နှင့် ညှိနှိုင်းပူးပေါင်းပြီး အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ လုပ်ငန်းများကို တက်ကြွစွာ ဆောင်ရွက်လျက်ရှိပါ ကြောင်း၊ ဝန်ထမ်းများအနေဖြင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးနှင့်စပ်လျဉ်းသည့် အသိပညာ၊ ဗဟုသုတ များကို လေ့လာမှတ်သားပြီး အဂတိလိုက်စားမှု ဖြစ်ပေါ်နိုင်သည့် အကြောင်းအရာများကို ရှောင်ကြဉ် ကြရန်နှင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေးလုပ်ငန်း စဉ်များတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
ကောင်းမွန်သည့်အရွေ့တစ်ခုဖြစ်
ထို့နောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်းသိန်းက အဂတိ လိုက်စားမှုများကို တိုက်ဖျက်ရာတွင် အသိပညာပေး ခြင်း နည်းလမ်းသည် အခြေခံကျသည့် နည်းလမ်း တစ်ခုဖြစ်သည့်အတွက် ယခုကဲ့သို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပပြုလုပ်နိုင်ခြင်းသည် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက် ရေးအတွက် ကောင်းမွန်သည့် အရွေ့တစ်ခုဖြစ်ပါ ကြောင်း၊ အဂတိလိုက်စားမှုပုံစံအားလုံးသည် နိုင်ငံ တော်၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုကို အဟန့်အတား ဖြစ်စေကြောင်း ရှင်းလင်းပြောကြားသည်။
ရှင်းလင်းဆွေးနွေး
ယင်းနောက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်ရုံး ညွှန်ကြားရေးမှူးချုပ်က အဂတိ လိုက်စားမှုတိုက်ဖျက်ရေးဥပဒေ၊ စုံစမ်းစစ်ဆေးရေး ကဏ္ဍနှင့် စပ်လျဉ်း၍လည်းကောင်း၊ ညွှန်ကြား ရေးမှူးက အဂတိလိုက်စားမှု၏ သဘောသဘာဝများ၊ အဂတိလိုက်စားမှု တားဆီးကာကွယ်ရေးဆိုင်ရာ ကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်းကောင်း ရှင်းလင်း ဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် ကော်မရှင်အဖွဲ့ဝင် ဦးကျော်ဝင်း သိန်း ဦးဆောင်၍ အဂတိလိုက်စားမှု တားဆီး ကာကွယ်ရေးအဖွဲ့ (Corruption Prevention Unit– CPU) များနှင့် တွေ့ဆုံကာ တားဆီးကာကွယ်ရေးအဖွဲ့ များ၏ လုပ်ငန်းဆောင်ရွက်ရာတွင် ကြုံတွေ့ရသည့် အတွေ့အကြုံ များ၊ အားသာချက်၊ အားနည်းချက်များ၊ သုံးသပ်တင်ပြချက်များနှင့်စပ်လျဉ်း၍ ဆွေးနွေး ခဲ့ကြကြောင်း သတင်းရရှိသည်။ သတင်းစဉ်