
ရန်ကုန် ဩဂုတ် ၁၆
၂၀၂၃-၂၀၂၄ ရာသီ AFC Cup ပြိုင်ပွဲ အာဆီယံဇုန် အကြိုခြေစစ်ပွဲ အဖြစ် မြန်မာကလပ် ရန်ကုန် ယူနိုက်တက်အသင်းနှင့် ဘရူနိုင်း ကလပ် DPMM အသင်းတို့ သြဂုတ် ၁၆ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏ ကွင်း၌ ယှဉ်ပြိုင်ကစားရာ ရန်ကုန် ယူနိုက်တက်အသင်းက နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး နောက် တစ်ဆင့် တက်ရောက်သွားသည်။
ရန်ကုန်ယူနိုက်တက်အသင်း သည် ဘရူနိုင်းကလပ်ကို အိမ်ကွင်း တွင် အနိုင်ယူပြီး ခြေစစ်ပွဲ Play-off အဆင့် တက်ရောက်နိုင်ခဲ့ သည်။ ဘရူနိုင်းကလပ် DPMM အသင်းသည် စင်ကာပူလိဂ်တွင် သွားရောက်ကစားနေသည့် အသင်းဖြစ်ပြီး ရန်ကုန်အသင်းအနေဖြင့် အိမ်ကွင်း၌ ကစားရသော်လည်း ခက်ခက်ခဲခဲ ယှဉ်ပြိုင်ကစားခဲ့ရသည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် အမာခံကစားသမားအစုံအလင် ဖြင့် ပွဲထွက်ခဲ့ပြီး ပွဲစကတည်းက တိုက်စစ်အသားပေးပုံစံဖြင့် ယှဉ်ပြိုင်ခဲ့ သည်။ သို့သော် ရန်ကုန်အသင်းသည် ခြေအသာဖြင့် ကစားနိုင်သော်လည်း ပြိုင်ဘက်အသင်းက ခံစစ်ကိုစနစ်တကျပိတ်ဆို့ကစားနေသဖြင့် တိုက်စစ် တွင် ထင်တိုင်းမပေါက်ဖြစ်ခဲ့ရပြီး ဆယ်လာနှင့် ဒေးဗစ်ထန်တို့၏ ကန်ချက်များကိုလည်း ဂိုးသမားကာကွယ်နိုင်ခဲ့သည်။
ပထမပိုင်းတွင် DPMM အသင်း ဂိုးပေါက်ခြိမ်းခြောက်မှုအချို့ ပြုလုပ်နိုင်သော်လည်း ပထမပိုင်းအပြီးတွင် ဂိုးမရှိသရေကျနေသည်။ ဒုတိယပိုင်းတွင် ရန်ကုန်အသင်းက တိုက်စစ်အားမြှင့်လာပြီး ဂိုးသွင်းခွင့် များ ပိုရလာသော်လည်း DPMM ဂိုးသမားလက်စွမ်းပြ ကာကွယ်နေ သဖြင့် ဂိုးမရဖြစ်နေသည်။ ၇၇ မိနစ်တွင် ဖာရှက်နော်က အဝေးကန်ချက် ဖြင့် DPMM အသင်းအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့သော်လည်း တစ်မိနစ် အကြာတွင် ဗလင်စီယာက ခေါင်းတိုက်ပြီး ရန်ကုန်အသင်းအတွက် ချေပဂိုးပြန်သွင်းခဲ့သည်။
သရေကျပြီးနောက်ပိုင်းတွင် ရန်ကုန်အသင်းက ပိုမိုဖိအားပေးနိုင် ခဲ့ပြီး ပွဲပြီးခါနီးတွင် ရန်ကုန်အသင်း အနိုင်ဂိုးရခဲ့သည်။ တိုက်စစ်မှူး ဗလင်စီယာ ကန်သွင်းသည့်ဘောလုံးကို ဇော်ဝင်းသိန်းက ပိတ်သွင်းယူ ခဲ့ခြင်း ဖြစ်သည်။
ရန်ကုန်ယူနိုက်တက်အသင်းသည် ယခုပွဲအနိုင်ရခဲ့သဖြင့် AFC Cup အာဆီယံဇုန်ခြေစစ်ပွဲ Play-off အဆင့်တက်ရောက်နိုင်ခဲ့ပြီး အင်ဒိုနီးရှား ကလပ် မာကာဆာအသင်းနှင့် သြဂုတ် ၂၃ ရက်တွင် အဝေးကွင်းယှဉ်ပြိုင် ကစားရမည်ဖြစ်သည်။
ရဲရင့်လွင်