အောင်မြင်မည့် အနာဂတ်ငြိမ်းချမ်းရေးခရီး

အယ်ဒီတာ့အာဘော်

==========

 

အောင်မြင်မည့် အနာဂတ်ငြိမ်းချမ်းရေးခရီး

===========================

 

NCA လက်မှတ်ရေးထိုးခြင်း (၄) နှစ်မြောက် အခမ်းအနား ၂၀၁၉ ခုနှစ် အောက်တိုဘာလ၌ ကျင်းပပြုလုပ်ခဲ့စဉ်က ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို အပိုင်း(၃)ပိုင်းဖြင့် ချုပ်ဆိုနိုင်ရေး ကြိုးပမ်းဆောင်ရွက် ကြရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က တိုက်တွန်းပြောကြားခဲ့သည်။ ယခု ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ - (၂၁) ရာစုပင်လုံ စတုတ္ထ အစည်းအဝေးတွင် ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ကို အပိုင်း(၃) ပိုင်းဖြင့် ချုပ်ဆိုကြမည်ဖြစ်သည်။

 

ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)သည် ပြည်ထောင်စု ကြီး ရှေ့ခရီးဆက်မည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များတွင် ဆက်စပ်ပါဝင်နေ သည့် အရေးကြီးသောအချက်များဖြစ်သည်။ ပြည်ထောင်စုသဘောတူ စာချုပ် အစိတ်အပိုင်း(၃)တွင် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးနှင့် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေး ဟူသည့် လုပ်ငန်းစဉ်ကြီး(၅)ခု ငြိမ်းချမ်းရေးခရီးတွင် ဟန်ချက်ညီညီ ရောယှက် ပါဝင်နေသည်။

 

ငြိမ်းချမ်းရေးအတွက် လုပ်ငန်းစဉ်(၅)ရပ်ကို လက်တွေ့ကျကျ ဆက်လက်အကောင်အထည်ဖော်နိုင်မည့် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်း စဉ်နှင့် အဆင့်လိုက် အကောင်အထည်ဖော်မှုများကိုလည်း အားလုံးသဘောတူ ချမှတ်ခဲ့ကြသည်။ ပြည်ထောင်စုကြီး၏ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးအတွက် အခက်အခဲများ မည်သို့ပင် ကြုံတွေ့ရသည် ဖြစ်စေ ငြိမ်းချမ်းရေး မဖြစ်မနေရအောင် မငြိမ်းချမ်း၍မဖြစ်ဘူးဟူသော မြဲမြံခိုင်ကျည်သည့် စိတ်ပိုင်းဖြတ်ချက်များဖြင့် အားမာန်အပြည့်ထည့်ပြီး ရှေ့သို့တက်လှမ်းနေကြသည်မှာ ထင်ရှားပေါ်လွင်ပေသည်။

 

ယင်းသည် မြန်မာနိုင်ငံသမိုင်းအတွက် ထူးခြားချက်ဖြစ်လာသည်။ ငြိမ်းချမ်းရေးအတွက် (၄)နှစ်ကျော် ကာလအတွင်း အားလုံးဝိုင်းဝန်းကြိုးပမ်း အားထုတ်ခဲ့ကြသည့် အကျိုးရလဒ်၊ သမိုင်းမှတ်တိုင်တစ်ရပ်ဟု ဆိုချင်သည်။ ပြည်ထောင်စုကြီးအကျိုးအတွက် အကြိမ်ကြိမ် အသေးစိတ် ဆွေးနွေး တိုင်ပင်ကြပြီး စိတ်ရှည်လက်ရှည် စေ့စပ်ညှိနှိုင်းခဲ့ကြသည့် ပုဂ္ဂိုလ်များ အားလုံးကို ပြည်ထောင်စုကြီးကိုယ်စား၊ တိုင်းရင်းသားပြည်သူများကိုယ်စား ကျေးဇူးတင်ရမည်ဖြစ်သည်။ ပြည်သူ့အစိုးရလက်ထက်တွင် ၂၀၂၀ အလွန် အဆင့်လိုက်လုပ်ငန်းစဉ်နှင့် အဆင့်လိုက်အကောင်အထည်ဖော်မှုများအတွက် ရှေ့ဆက်လျှောက်လှမ်းရမည့် လမ်းကြောင်းသစ်ကို ဖောက်လုပ်ပေးနိုင်ခဲ့ သည်။ ၂၀၂၀ အလွန်တွင် မည်သည့်အစိုးရ တက်လာသည်ဖြစ်စေ အဆင်သင့် ကိုင်ဆောင် တက်လှမ်းရမည့်ငြိမ်းချမ်းရေးနှင့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုတည်ထောင်ရေး လမ်းသစ်ဖြစ်သည်။

 

၂၀၂၀ အလွန် ရှေ့ဆက်လျှောက်လှမ်းရမည့် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကြီး (၃)ခုကို နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အသိပေးပြောကြားခဲ့သည်။ ပထမလုပ်ငန်းစဉ်မှာ အမျိုးသားရင်ကြားစေ့ ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်(၂)ရပ်ကို ဒွန်တွဲဖော်ဆောင်ခြင်း ဖြစ်သည်။ ဒုတိယလုပ်ငန်းစဉ်မှာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး လုပ်ငန်းစဉ်(၂)ရပ်ကို ပူးတွဲ ဖော်ဆောင်ခြင်းဖြစ်သည်။ တတိယလုပ်ငန်းစဉ်မှာ ပထမလုပ်ငန်းစဉ်နှင့် ဒုတိယလုပ်ငန်းစဉ်များမှ ပေါ်ထွက်လာသည့် သဘောတူညီချက်များကို အခြေခံပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေးလုပ်ငန်းစဉ်ကို အကောင် အထည်ဖော်ခြင်းဖြစ်သည်။

 

၂၀၂၀ အလွန် ရှေ့ဆက်လျှောက်လှမ်းရမည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် များ အောင်မြင်စေရန် အားလုံးဝိုင်းပြီး တွန်းကြဖို့လိုအပ်ပါသည်။ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုကြီးဟူသည့် ပြည်ထောင်စုပန်းတိုင်သို့ အမြန်ဆုံး ရောက်ရှိနိုင်ဖို့ အစုအဖွဲ့များ၏ဆွဲအားနှင့် ပြည်သူများ၏တွန်းအား ထိုနှစ်ခု၏ “စုပေါင်းအင်အား” အကောင်းဆုံးအချိန်တွင် လိုလားတောင့်တနေသည့် ပြည်ထောင်စုငြိမ်းချမ်းရေး မုချရမည်ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အခိုင်အမာယုံကြည်ထားသည်။ ပြည်ထောင်စု ကြီးအကျိုးအတွက် အားလုံးတက်ကြွစွာ ပါဝင်ဆောင်ရွက်နေကြသည့် ပစ္စုပ္ပန်အချိန်သည် အကောင်းဆုံးအချိန်ဖြစ်သည်။ ထိုအချိန်တွင် တိုင်းရင်းသား ပြည်သူလူထုကြီးအနေဖြင့် ငြိမ်းချမ်းရေးအမြန်ဆုံးရရှိဖို့ ဝိုင်းကူတွန်းပေး နေမှသာ ငြိမ်းချမ်းရေးကို နှောင့်နှေးစေလိုသူများ၊ မလိုလားသူများလည်း ငြိမ်းချမ်းရေးလမ်းကြောင်းပေါ်သို့ လိုက်ပါတက်လှမ်းလာမည်ဖြစ်သည်။

 

သို့ဖြစ်ရာ ငြိမ်းချမ်းရေးကို အားလုံးက မြတ်နိုးတန်ဖိုးထားပြီး အပေး အယူ၊ အလျှော့အတင်းပြုလုပ်ခြင်းများကို ကြိမ်ဖန်များစွာ အလေ့အကျင့် ပြုလုပ်ခြင်းဖြစ်အောင် ကြိုးစားကြခြင်းဖြင့် အပေးအယူ၊ အလျှော့အတင်း လုပ်ဆောင်ခြင်း အကျိုးတရားများကို လက်တွေ့ကျကျ သိမြင်လာပြီး ယုံကြည်မှုများလည်း တစ်ဆင့်ချင်းတိုးလာလေဖြစ်ရာ မိမိကိုယ်ကို ယုံကြည်မှုမှ ဆွေးနွေးဖက်များအပေါ်ယုံကြည်မှု၊ ထိုမှတစ်ဆင့် အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်နေသည့် လုပ်ငန်းစဉ်အပေါ်ယုံကြည်မှုများတိုးလာပြီး အနာဂတ်ငြိမ်းချမ်းရေးခရီး အောင်မြင်မည်ဖြစ်ပါကြောင်း။ ။