
မန္တလေး ဩဂုတ် ၁၆
မန္တလေးတိုင်းဒေသကြီးအတွင်း ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ရေးအတွက် ဦးတည်အုပ်စုများနှင့် ဦးစားပေးအစီအစဉ်များအလိုက် ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့တွင် အောင်မြေသာစံ မြို့နယ်အတွင်းရှိ စက်ရုံ/အလုပ်ရုံဝန်ထမ်းများအား စုရပ်နေရာများခွဲ၍ ကာကွယ်ဆေးထိုးနှံပေးသည်။
ဆက်လက်ထိုးနှံပေး
နံနက်ပိုင်းမှစတင်၍ အောင်မြေသာစံမြို့နယ် အတွင်းရှိ ဆေးထိုးစုရပ်နေရာများဖြစ်သော ဒေါန ဘွားရပ်ကွက်ရှိ မှန်တိုင်ဓမ္မာရုံ၌ လူဦးရေ ၁၀၀ ခန့်ကို လည်းကောင်း၊ အမရဌာနီအရှေ့ရပ်ကွက်ရှိ ဒေါ်ဖီဓမ္မာ ရုံ၌ လူဦးရေ ၁၂၂ ဦးခန့်ကိုလည်းကောင်း၊ ပြည်ကြီး ရန်လုံရပ်ကွက်ရှိ ကိုးခန်းကြီးဓမ္မာရုံ၌ လူဦးရေ ၈၂ ဦးခန့်ကိုလည်းကောင်း၊ ပြည်ကြီးကျက်သရေ အနောက်ရပ်ကွက်ရှိ ရွှေကျီးနားဓမ္မာရုံ၌ လူဦးရေ ၇၀ ကို လည်းကောင်း၊ ၁၂ လမ်းနှင့် ၇၇ လမ်းထောင့်ရှိ ထားဝယ်ဓမ္မာရုံ၌ လူဦးရေ ၁၇၆ ဦးခန့်ကို လည်းကောင်း ကျန်းမာရေးဝန်ထမ်းများက ကိုဗစ် - ၁၉ ကာကွယ် ရေးလမ်းညွှန်ချက်များနှင့်အညီ ဆက်လက်ထိုးနှံပေး ကြသည်။
ကာကွယ်ဆေးများထိုးနှံပေးမှုနှင့်ပတ်သက်၍အမရဌာနီအရှေ့ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးမှ ဦးသန်းဦးက “ကျွန်တော်တို့ရပ်ကွက်မှာ ကာကွယ် ဆေးထိုးနှံပေးနေတာ ၁၀ ရက်လောက်ရှိပြီ။ တစ်ရက် ကို လူဦးရေ ၆၀ လောက် ထိုးနှံပေးပါတယ်။ အခုဆို လူဦးရေ ၁၀၀၀ ကျော်လောက်ရှိပြီ။ ကိုဗစ် - ၁၉ ရောဂါပျံ့နှံ့မှု မြန်ဆန်လာတဲ့အတွက် ဆေးလာထိုး သူတွေများပါတယ်။ ဆေးလာရောက်မထိုးနှံနိုင်တဲ့ အဘိုး၊ အဘွားတွေအတွက် စေတနာ့ဝန်ထမ်းတွေက ဆေးထိုးစုရပ်အထိ ကူညီခေါ်ဆောင်ပေးပါတယ်။ ဆေးမထိုးရသေးတဲ့သူတွေလည်း ဆေးလာရောက် ထိုးနှံပေးဖို့ ဖိတ်ခေါ်ပါတယ်။ ပြည်သူတွေအနေနဲ့ လည်း အမြဲတမ်းလက်ဆေးကြပြီး လူစုလူဝေးနေရာ ကို မသွားကြဖို့လိုပါတယ်။ ရပ်ကွက်ရုံးအနေနဲ့လည်း အမြဲတမ်းနှိုးဆော်ပေးနေပါတယ်”ဟုပြောသည်။
ထို့ပြင် ကာကွယ်ဆေးလာရောက်ထိုးနှံသူ ဆပ်ပြာစက်ရုံမှ ဒေါ်ခင်သိန်းဦးကလည်း “ကိုဗစ် - ၁၉ ကာကွယ်ဆေးကိုထိုးချင်တာကြာပါပြီ။ အခုထိုးနှံခွင့် ရတဲ့အတွက် အတိုင်းမသိ ဝမ်းသာမိပါတယ်။ လာရောက်ထိုးနှံပေးတဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ တာဝန်ရှိသူတွေအားလုံးကိုလည်း ကျေးဇူးတင်ပါ တယ်။ ကာကွယ်ဆေးထိုးနှံပြီးတော့ ကိုယ့်ကိုယ်ကိုယ် လုံခြုံမှုရှိသွားပြီလို့ ခံစားလိုက်ရတယ်။ ပြည်သူတွေ အနေနဲ့လည်း ကိုဗစ် - ၁၉ ကာကွယ်ဆေးကို ယုံယုံ ကြည်ကြည်နဲ့ လာရောက်ထိုးနှံကြဖို့ ဖိတ်ခေါ်လိုပါ တယ်”ဟု ပြောသည်။
ကိုဗစ် - ၁၉ ကာကွယ်ဆေးထိုးနှံခြင်းမပြုမီ ကျန်းမာရေးဝန်ထမ်းများက ကိုယ်အပူချိန်တိုင်းတာ ပေးခြင်း၊ သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ သွေးအတွင်း အောက်ဆီဂျင်ပါဝင်မှုပမာဏ တိုင်းတာပေးခြင်းတို့ကို ဆောင်ရွက်ပေးပြီး ပုံမှန်အနေအထားရှိမှသာ ကာကွယ် ဆေးထိုးနှံပေးကြောင်း သိရသည်။
မောင်အေးချမ်း