
နေပြည်တော် ဖေဖော်ဝါရီ ၁၃
၂၀၁၀ ပြည့်နှစ်တွင် နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥပဒေအမှတ် ၂၇/၂၀၁၀ ဖြင့် ပြဋ္ဌာန်းခဲ့သော ပြည်သူ့စစ်မှုထမ်းဥပဒေအား ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီ ၁၀ ရက်မှစတင်၍ အာဏာတည် ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော် ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ပြီးဖြစ်သည်။
အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆို ထောက်ခံပွဲများကို ယနေ့တွင် မန္တလေးတိုင်းဒေသ ကြီး အောင်မြေသာစံမြို့နယ် မန္တလေးတောင်ခြေရှိ ရွှေမန်းတောင် လူငယ်အားကစားကွင်း၌ လည်း ကောင်း၊ ပြင်ဦးလွင်မြို့ရှိ လွတ်လပ်ရေးကျောက်တိုင် ကွင်း၌လည်းကောင်း၊ ကျောက်ဆည်မြို့ရှိ ရွှေစေတီ ဘုရားဝင်းအတွင်း၌လည်းကောင်း၊ မိတ္ထီလာမြို့ရှိ ခရိုင်အားကစားကွင်းအတွင်း၌လည်းကောင်း၊ မကွေး တိုင်းဒေသကြီး မကွေးမြို့ရှိ ကံသာကန်ပေါင်၌ လည်းကောင်း ပြုလုပ်ကြသည်။
ဦးစွာ သက်ဆိုင်ရာမြို့နယ်များမှ ဒေသခံ တိုင်းရင်းသားမျိုးချစ်ပြည်သူများက သတ်မှတ်နေရာ အသီးသီး၌စုဝေးကြပြီး ကျင်းပမည့်နေရာအသီးသီး သို့ ချီတက်ထောက်ခံကြသည်။ ချီတက်ရာ လမ်းတစ်လျှောက်တွင် ဒေသခံမျိုးချစ်ပြည်သူများက “ဒို့တာဝန် အရေးသုံးပါးကို ထိန်းသိမ်းစောင့်ရှောက် ရန်အတွက် စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော် ကာကွယ်ရေးအတွက် စစ်မှုထမ်းဆောင်ရန် နိုင်ငံသားတိုင်းတွင် တာဝန်ရှိသည်၊ ပြည်သူ့စစ်မှု ထမ်းဥပဒေကို အပြည့်အဝထောက်ခံကြိုဆိုပါသည်၊ နိုင်ငံတော်ကိုကာကွယ်ဖို့ တစ်မျိုးသားလုံး စစ်မှုထမ်း ဆောင်ကြပါစို့၊ နိုင်ငံတော်ကို ပြည်တွင်း/ ပြည်ပ အန္တရာယ်များက ကာကွယ်ရန် စစ်မှုထမ်းဆောင်ကြ ပါစို့၊ နိုင်ငံတော်၏ လွတ်လပ်ရေး၊ အချုပ်အခြာ အာဏာနှင့် နယ်မြေတည်တံ့ခိုင်မြဲရေးတို့ကို ကာကွယ်စောင့်ရှောက်ရေးသည် နိုင်ငံသားတိုင်း၏ တာဝန်ဖြစ်သည်” စသည့် ကြွေးကြော်သံများကို သံပြိုင်ကြွေးကြော်ခဲ့ကြပြီး သတ်မှတ်နေရာအသီးသီး တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံ ပါသည်ဟု တစ်ခဲနက်ဆန္ဒထုတ်ဖော်ဟောပြောကာ ငြိမ်းချမ်းစွာ လူစုခွဲခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်