
အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်သည့် “ကမ္ဘာ့ဆရာများနေ့”အထိမ်းအမှတ်အဖြစ် အငြိမ်းစားဆရာကြီး ဦးစိန်ဝင်းနှင့်တွေ့ဆုံမေးမြန်းခဲ့မှုကို ဖော်ပြ အပ်ပါသည်-
ကျော်ဟိန်း(လေးမျက်နှာ)
ဦးစိန်ဝင်း
လေးမျက်နှာမြို့နယ် အမှတ်(၄) ရပ်ကွက်
မေး။ ဆရာကြီး စတင်တာဝန်ထမ်းဆောင်တဲ့ ကာလနဲ့ ဆရာကြီး ပင်စင်ယူခဲ့တဲ့ကာလက ဘယ်အချိန်လောက်ဖြစ်မလဲရှင်။
ဖြေ။ ဆရာကြီးပညာရေးလောကကို စတင်ဝင်ရောက်တာကတော့ ၂၀.၈.၁၉၈၀ ပေါ့။ အဲဒီကနေ ၂၀၁၂ မှာ ဆရာကြီးပင်စင်ယူခဲ့
ပါတယ်။ ၃၂ နှစ် ပညာရေးဌာနမှာ အလုပ်လုပ်ခဲ့ပါတယ်။
မေး။ ဆရာကြီး ပင်စင်မယူခင် ဘယ်ကျောင်းတွေမှာ တာဝန် ထမ်းဆောင်ခဲ့ပါသလဲရှင်။
ဖြေ။ ပထမဆုံးဆရာကြီးပညာရေးဌာနကို စတင်ဝင်ရောက်တော့ အ.မ.က ထောက်ကြန့်ကွင်း လေးမျက်နှာမြို့နယ်မှာ
လက်ထောက်ဆရာနဲ့ပေါ့။ ဒုတိယကတော့ လေးမျက်နှာမြို့နယ်ထဲကပဲ။ အ.မ.က သရက်ကန်မှာ လက်ထောက်ဆရာနဲ့ပဲ တတိယကတော့ အ.မ.က မြစ်ကျိုးပါ အမှတ်(၄)ရပ်ကွက်မှာ ရှိပါတယ်။ အဲဒီမှာလည်း လက်ထောက်ဆရာပဲ တာဝန်ယူပြီးတော့ နောက် ဟင်္သာတမြို့နယ် တမာကျင်းကျေးရွာကို ရာထူးတိုးနဲ့ အလယ်တန်းပြရာထူးနဲ့ ပြောင်းသွားတယ်။ အဲဒီကနေမှ ဆရာကြီးက အ.မ.က စစ်ကုန်းကို မူလတန်းကျောင်းအုပ်နဲ့ ပြောင်းလာတယ်။ အဲဒီကျောင်း ငါးကျောင်းမှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။
မေး။ ဆရာကြီးရဲ့ တပည့်တွေထဲမှာ နိုင်ငံအကျိုးပြု ဝန်ထမ်းတွေ ရှိပါသလား။
ဖြေ။ အဲဒါက ပြောရရင်တော့ အရာအားလုံးမှာ နိုင်ငံအကျိုးပြု တာဝန်ထမ်းဆောင်တဲ့ တပည့်တွေဟာ ခုမြန်မာနိုင်ငံမှာတင်
မဟုတ်ဘဲ တစ်ကမ္ဘာလုံးက ဆရာ ဆရာမတွေမှာ ရှိပါတယ်။ ဥပမာ ပြောရမယ်ဆိုရင်တော့ ဒို့နိုင်ငံမှာရှိတဲ့ နိုင်ငံ့ခေါင်းဆောင်ကြီးတွေ၊ အောင်မြင်တဲ့စီးပွားရေးသမားကြီးတွေ၊ တက္ကသိုလ်တွေမှာ သင်ကြား နေတဲ့ ဆရာဆရာမတွေကလည်း ဒီဆရာတွေ ဆရာမတွေအောက်ကနေ ထွက်သွားတဲ့သူတွေဖြစ်တယ်။ သီးခြားအနေနဲ့ ဆရာ့တပည့်တွေကို ပြောရရင်တော့ တပ်မတော်မှာ ဗိုလ်ကြီးအဆင့်ရှိတဲ့သူတွေ ရှိတယ်၊ ကျန်းမာရေးဌာနမှာဆိုရင်လည်း သူနာပြုတွေရှိတယ်၊ အုပ်ချုပ်ရေးဌာန ထွေ/အုပ်ရုံးမှာလည်းရှိတယ်၊ ပညာရေးဌာနမှာလည်း ဆရာ/ဆရာမတွေ ရှိသလို ပြည်သူ့ရဲမှာလည်း ရှိပါတယ်။
မေး။ ဆရာကြီးတို့ တာဝန်ထမ်းဆောင်စဉ် ကာလတုန်းက ဒီကျောင်းသား လူငယ်တွေ လိမ္မာယဉ်ကျေးအောင် ဘယ်လို
သွန်သင်လမ်းညွှန် ဆုံးမမှုပေးခဲ့ပါသလဲရှင်။
ဖြေ။ အဲဒါကတော့ ဘယ်လိုသွန်သင်ဆုံးမသလဲဆိုရင် ဆရာကြီး သင်ခဲ့တဲ့ကျောင်း ငါးကျောင်းမှာ အားလုံးက ဘာသာခွဲမရှိဘဲ
အကုန်ဗုဒ္ဓဘာသာတွေကြီးပဲ၊ အဲဒီတော့ ဆရာကြီးတို့က ၁၀ နာရီ ကျောင်းတက်မယ်ဆို ၉ နာရီခွဲမှာ ကျောင်းသားတွေကို တက်ခိုင်းပြီးတော့ ဘုရားရှိခိုးခိုင်းတယ်။ ဘုရားရှိခိုးပြီးရင် ကျောင်းသားတွေကို စုပြီး ဆရာကြီးတို့က ဒီနေရာမှာကလေးတွေရဲ့ လိမ်မာယဉ်ကျေးဖို့အတွက် အထူးသဖြင့် ကံ ငါးပါးပေါ့လေ အဲဒါတွေကို ပြောကြားသလို နောက် တစ်ခုက ဆရာတို့ငယ်ငယ်က ပြည်သူ့နီတိဆိုတာ သင်ခဲ့ရတယ်။ ယဉ်ကျေးမှုနဲ့ ပတ်သက်တာပေါ့၊ အခုဆရာတို့ဆရာဖြစ်သွားတဲ့အခါမှာ လူမှုရေးဘာသာမှာ စာရိတ္တနဲ့ ပြည်သူ့နီတိဆိုတဲ့ ဘာသာရပ်ပါတယ်။ အဲဒီအထဲမှာပါတဲ့အတိုင်း ဆရာတို့က ကလေးတွေယဉ်ကျေးအောင် ကျောင်းမှာနေရင် ကျောင်းမှာယဉ်ကျေးခြင်း၊ အိမ်မှာနေရင် အိမ်မှာ ယဉ်ကျေးခြင်း၊ လမ်းမှာနေရင် လမ်းမှာယဉ်ကျေးခြင်း၊ ထမင်းစားရင် ထမင်းစားတဲ့ယဉ်ကျေးခြင်း ဒါတင်မကသေးဘူး ဆရာသမားလူကြီးမိဘ တွေရဲ့ရှေ့မှာ ဘယ်လိုနေရမယ်၊ ဘယ်လိုသွားရမယ်၊ ဆရာတွေ ဆရာမ တွေနဲ့အပေးအယူလုပ်တဲ့အခါမှာ ဘယ်လိုအပေးအယူလုပ်ရမယ် လက်နှစ်ဖက်နဲ့ပေးရမှာတို့ ခေါင်းငုံ့သွားရမှာတို့ ဒါတွေက ဆရာတို့က နေပြီးတော့ သင်ကြားပေးပါတယ်။
မေး။ အောက်တိုဘာလ ၅ ရက်နေ့မှာ ကျရောက်တဲ့ ကမ္ဘာ့ဆရာ များနေ့အတွက် ဆရာကြီးရင်ထဲက ပီတိစကားလေးလည်း
ပြောပြပေးပါဦးရှင်။
ဖြေ။ ပီတိစကားကိုမပြောခင် ပထမဆုံး ကျေးဇူးတင်စကားကို ပြောချင်တယ်။ ဆရာတွေကို ကမ္ဘာကသိသွားအောင် ကမ္ဘာ့
ဆရာများနေ့ဖြစ်အောင် လုပ်ပေးတာကတော့ ကုလသမဂ္ဂ လက်အောက်ခံ ယူနက်စကိုနဲ့ ILO ပေါ့၊ ယူနက်စကိုကတော့ ပညာရေး၊ သိပ္ပံနဲ့ယဉ်ကျေးမှု အဖွဲ့ကြီးပေါ့၊ ပြီးတော့ ILO ခေါ်တဲ့ အပြည်ပြည် ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ်ကြီး အဲဒီနှစ်ခုကနေပေါင်းပြီးတော့ ကမ္ဘာ့ ဆရာများနေ့လို့ သတ်မှတ်ပေးလိုက်တာပါ။ ဒါကြောင့်မလို့ ကမ္ဘာ့ ဆရာများနေ့လို့ ပေါ်လာပါတယ်။ အဲဒီတော့ အဲဒီအဖွဲ့အစည်းနှစ်ခုကို ဆရာကြီးက ကျေးဇူးတင်တယ်၊ သူတို့နှစ်ခုကြောင့် ပေါ်လာတာ၊ နောက် ဝမ်းသာစကားပြောချင်တာကတော့ ၂၀၂၀ ပြည့်နှစ်တုန်းက ကမ္ဘာ့ဆရာများဆုကိုရသွားတဲ့ အိန္ဒိယနိုင်ငံက မူလတန်းကျောင်း ဆရာလေး၊ အင်မတန်ဆင်းရဲတဲ့ရွာလေးမှာ သူကဆရာလုပ်ရင်းနဲ့ အဲဒီရွာကကလေးတွေဆိုရင် ငယ်ငယ်ရွယ်ရွယ်နဲ့ အိမ်ထောင်ပြုကြ တယ်။ ပညာရေးကိုမလိုက်စားကြဘူး။ အဲဒီဆရာက ပညာရေးကို ရအောင် လုပ်နိုင်တဲ့အတွက်ကြောင့်မလို့ ကုလသမဂ္ဂကိုတင်လိုက်တဲ့ ဆရာ ၁၂၀၀၀ လောက်မှာ သူကဆုရတယ်။ ဆုရတော့ ဒေါ်လာတစ်သန်း ရတယ်။ အဲဒီတစ်ဝက်ကို ကျန်တဲ့ ဆရာ ဆရာမတွေကို ပေးပြီးတော့ တစ်ဝက်ကို သူ့ရွာမှာအကျိုးရှိအောင် လုပ်တယ်။ ဒါကမ္ဘာနဲ့ချီပြီး ပြောတာနော် ကမ္ဘာ့ဆရာများနေ့က မြန်မာနိုင်ငံတင်မဟုတ်ဘူး တစ်ကမ္ဘာလုံးနဲ့သက်ဆိုင်တယ်။ နောက်တစ်ခုကတော့ မြန်မာနိုင်ငံမှာ အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့လို့ နိုင်ငံတော်အဆင့် ကျင်းပပြီးတော့ ထူးချွန်ထက်မြက်တဲ့ဆရာတွေအားလုံးကို ဂုဏ်ပြု ချီးကျူးနေတာ အားလုံးအသိပါပဲ၊ အဲဒီအတွက် ဆရာတော့ ဝမ်းသာတယ် နောက်နိုင်ငံတော်အဆင့်ကနေပြီး မြို့နယ်တွေကို ပြန်ကြည့်မယ်ဆိုရင် မြို့နယ်တွေအားလုံးမှာလည်း အောက်တိုဘာလ ၅ ရက်နေ့ကို ကမ္ဘာ့ဆရာများနေ့အဖြစ် ကျင်းပနေပါတယ်။ အဲဒီတော့ အသက်ကြီးတဲ့ ဆရာကြီး ဆရာမကြီးတွေကိုလည်း ကန်တော့တယ်၊ ပူဇော်ကြတယ် ကန်တော့ခံပစ္စည်းရတော့ ဆရာကြီးတို့ကလည်း ဝမ်းသာကြတယ်။ ဒို့မြန်မာ့ယဉ်ကျေးမှုဓလေ့ထုံးစံအရ ပူဇော်ထိုက်သူကို ပူဇော်သလို ဆရာကြီးတို့ကလည်း ဝမ်းသာတယ်။ နောက်ဒီအစဉ်အလာကိုလည်း ထိန်းသိမ်းသွားစေချင်တယ်။ အဲဒါလေးပဲပြောချင်ပါတယ်။
ကျေးဇူးအများကြီးတင်ပါတယ်ရှင်။
ဆရာကြီးဦးစိန်ဝင်း