
နေပြည်တော် သြဂုတ် ၄
ရန်ကုန်မြို့ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်-၁၀၀၀) ၌ တည်ဆောက်နေသည့် အောက်ဆီဂျင် အရည်မှ ဆေးရုံသုံးအောက်ဆီဂျင်ဓာတ်ငွေ့သို့ ထုတ် လုပ်ပေးမည့် အောက်ဆီဂျင် စက်ရုံပြီးစီး၍ ယနေ့ တွင် အောက်ဆီဂျင် လီတာ ၄၀ ဝင် အလုံး ၄၄၀ စတင် စမ်းသပ် ထုတ်လုပ်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ စက်ရုံသည် အောက်ဆီဂျင် အရည် တန် ၅၀ ဆံ့ လှောင်ကန်မှ ဆေးရုံသုံးအောက်ဆီဂျင် ဓာတ်ငွေ့သို့ ထုတ်လုပ်ပေးနိုင်မည့် စက်ရုံဖြစ်ပြီး ဇူလိုင် ၁၂ ရက်မှ စတင်၍ ဆောက်လုပ်ရေး လုပ်သား အင်အား ၆၀ ခန့်ဖြင့် နေ့ညအဆိုင်းခွဲပြီး တည် ဆောက်ခဲ့ခြင်းဖြစ်သည်။
စက်ရုံအတွက် လိုအပ်သည့် အောက်ဆီဂျင် အရည်များကို ဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံး၏ အစီ အစဉ်ဖြင့် ပြည်ပမှတင်သွင်းရယူသွားမည်ဖြစ်ရာ ပြည်ပမှ မှာယူတင်သွင်းထားသည့် အောက်ဆီဂျင် အရည် ၂၅ တန် သယ်ဆောင်လာသော မော်တော်ယာဉ် သည် သြဂုတ် ၃ ရက်တွင် ရန်ကုန်မြို့ရှိ တပ်မတော် ဆေးရုံ ကြီး (ခုတင်-၁၀၀၀) သို့ ရောက်ရှိပြီး ဖိအား မြင့် အောက်ဆီဂျင်ကန်အတွင်းသို့ ကျွမ်းကျင်သူ နည်းပညာရှင်များက ဖြည့်သွင်းပေးကြသည်။ ယင်း အခြေအနေများကို ရန်ကုန်တိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ် ဦးလှစိုး၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေနှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။
လက်ရှိတွင် အဆိုပါ စက်ရုံမှ တစ်နာရီလျှင် ဆေးရုံသုံးအောက်ဆီဂျင် ဓာတ်ငွေ့ လီတာ ၄၀ ဝင် အလုံး ၄၀ စတင်စမ်းသပ် ထုတ်လုပ်လျက်ရှိပြီး နောက်ပိုင်းတွင် တစ်နာရီလျှင် လီတာ ၄၀ ဝင် အလုံး ၆၀၊ စက်စွမ်းအား ပြည့် ၈ နာရီလည်ပတ်၍ ၄ နာရီ နားစနစ်ဖြင့် တစ်နေ့ ၁၆ နာရီအတွက် ဆေးရုံသုံး အောက်ဆီဂျင်ဓာတ်ငွေ့ လီတာ ၄၀ ဝင် အလုံး ၉၆၀ ထုတ်လုပ်ပေးနိုင်မည်ဖြစ်ရာ ၎င်းတို့ကို ဆေးရုံ များနှင့် ရောဂါကုသရေးစင်တာများသို့ ဆက်လက် ဖြန့်ဝေပေးမည်ဖြစ်ကြောင်းနှင့် အောက်ဆီဂျင်လိုအပ် ချက်များကို တစ်ဖက်တစ်လမ်းမှ အထောက်အကူ ပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်