အော်ဂဲနစ်စွန့်ပစ်ပစ္စည်းများနှင့် ဇီဝလောင်စာများကို အဖိုးတန်စွမ်းအင်အရင်းအမြစ်များအဖြစ်သို့ ပြောင်းလဲခြင်းဖြင့် လောင်စာဆီများအပေါ် မှီခိုအားထားမှုကို လျှော့ချနိုင်မည်

 

နေပြည်တော်   ဇူလိုင်    ၂၂
စပါးခွံလောင်စာသုံး   Gasifier  ဆိုင်ရာ   အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ စက်မှုဝန်ကြီးဌာန၌ ကျင်းပသည်။
ဆွေးနွေးပွဲတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး   ဒေါက်တာချာလီသန်းက  ဇီဝလောင်စာ ဓာတ်ငွေ့ထုတ်လုပ်မှုသည် ရာသီဥတုပြောင်းလဲမှု၏ ဆိုးကျိုးများကို လျော့ပါးသက်သာစေပြီး စွမ်းအင် လိုအပ်ချက်များကို ကိုင်တွယ်ဖြေရှင်းရာတွင် ကြီးမား သည့် ထိရောက်မှုဖြစ်စေကြောင်း၊ အော်ဂဲနစ် စွန့်ပစ် ပစ္စည်းများနှင့် ဇီဝလောင်စာများကို အဖိုးတန်စွမ်းအင် အရင်းအမြစ်များအဖြစ်သို့      ပြောင်းလဲခြင်းဖြင့် လောင်စာဆီများအပေါ် မှီခိုအားထားမှုကို လျှော့ချနိုင် မည်ဖြစ်ကြောင်း၊ Gasifier နည်းပညာရပ်ကို ဒုတိယ ကမ္ဘာစစ်အတွင်း  တွင်ကျယ်စွာ  အသုံးပြုခဲ့ကြပြီး မြန်မာနိုင်ငံတွင် ၁၉၉၅-၉၆ ခုနှစ်မှစတင်၍ အသုံးပြု ခဲ့ပါကြောင်း၊ အစိုးရဓာတ်အားစနစ် မရောက်နိုင်သော ဒေသများ၊   ဓာတ်အားစနစ်    ရောက်ရှိသော်လည်း ဓာတ်အားလုံလောက်စွာ မရရှိနိုင်သောဒေသများတွင် အသုံးပြုခဲ့ကြကြောင်း၊ ကျေးရွာလျှပ်စစ်မီးလင်းရေး လုပ်ငန်းများနှင့် ဆန်စပါးထွက်ရှိသော ဧရာဝတီတိုင်း ဒေသကြီးတွင်  အများဆုံးအသုံးပြုခဲ့သည်ကို တွေ့ရှိရ ကြောင်း၊ ယနေ့ဆွေးနွေးပွဲတွင်    အသိပညာဖလှယ် ခြင်း၊ ပူးပေါင်းဆောင်ရွက်ခြင်းနှင့်  မိမိတို့  တာဝန်ယူ၊ တာဝန်ခံနိုင်မည့်ကဏ္ဍများ၊ အကြံပြုချက်များ၊ ပြုပြင် ရန်လိုအပ်သည်များကို ပွင့်လင်းစွာ ဆွေးနွေးပေးကြ ရန် ဖိတ်ခေါ်ပါကြောင်း ပြောကြားသည်။
ထို့နောက်    သိပ္ပံနှင့်   နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်က ဝန်ကြီးဌာနအနေဖြင့် Gasifier များ အသုံးပြုနေသည့်  MSME လုပ်ငန်းရှင်များ၊ အတွေ့အကြုံရှိ ပညာရှင်များ နှင့် သီအိုရီပိုင်းဆိုင်ရာ၊ လက်တွေ့ပိုင်းဆိုင်ရာများကို ပေါင်းစပ်ဆောင်ရွက်မည့်အခြေအနေနှင့် Gasifier နှင့်  ပတ်သက်၍    နိုင်ငံတကာစံချိန်စံညွှန်းများနှင့်  အညီ      သုတေသနစာတမ်းများ     ဖတ်ကြားခြင်း၊ စနစ်ကျသည့်  Gasifier များ  တည်ဆောက်အသုံး ပြုနိုင်သည်အထိ ပူးပေါင်းဆောင်ရွက်သွားမည့်အခြေ အနေတို့ကို ရှင်းလင်းပြောကြားသည်။
ထို့နောက်    ပဲခူးတိုင်းဒေသကြီး    ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီး ချုပ် ဦးတင်မောင်ဝင်းတို့က တိုင်းဒေသကြီးအတွင်း စပါးခွံလောင်စာများ    အသုံးပြု၍    Gasifier များ တိုးမြှင့်သုံးစွဲနေမှု၊ စံချိန်စံညွှန်းနှင့် ကိုက်ညီသည့် Gasifier များ တပ်ဆင်အသုံးပြုနိုင်ရေး ဆောင်ရွက် နေမှုနှင့်  Gasifier သုံး ဆန်စက်များကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး အနီးကပ်စောင့်ကြည့် စစ်ဆေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြား ကြပြီး တာဝန်ရှိသူများက Gasifier ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ  ဖော်ထုတ်ချက်များ၊   စပါးခွံလောင်စာ တောင့်စက်ရုံ၏     စွန့်ပစ်ရည်     စစ်ဆေးမှုဆိုင်ရာ ဆောင်ရွက်ချက်များ၊ Gasifier တည်ဆောက်နေမှု အခြေအနေများကို ရှင်းလင်းဆွေးနွေးကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြ သူများက စပါးခွံလောင်စာသုံး Gasifier များ၊ Gasifier စာတမ်းများ၊ Gasifier သုံးအင်ဂျင်များနှင့်  Gasifier အသုံးပြုနေမှုအခြေအနေများကို   ဝိုင်းဝန်းဆွေးနွေး ကြသည်။
ဆွေးနွေးပွဲသို့     ဒုတိယဝန်ကြီး     ဒေါက်တာ အောင်ဇေယျ၊ တိုင်းဒေသကြီး/ ပြည်နယ်/ ပြည်ထောင်စု နယ်မြေ (နေပြည်တော်)တို့မှ MSME Agency ဥက္ကဋ္ဌ များ၊   ဌာနဆိုင်ရာ တာဝန်ရှိသူများ၊   မြန်မာနိုင်ငံ ကုန်သည်များနှင့်   စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်နှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာကောင်စီ တို့မှ တာဝန်ရှိသူများ တက်ရောက်သည်။
စက်မှုဝန်ကြီးဌာန      စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် ပုဂ္ဂလိကစက်မှု မှတ်ပုံတင် ထားသည့် စပါးခွံလောင်စာသုံး Gasifier လုပ်ငန်းများ အနေဖြင့် စစ်ကိုင်းတိုင်းဒေသကြီးတွင် ၇၈ ခု၊ ပဲခူး တိုင်းဒေသကြီးတွင် ၁၆ ခု၊ မန္တလေးတိုင်းဒေသကြီး တွင်  ၂ ခု၊     ရန်ကုန်တိုင်းဒေသကြီးတွင်    ၁၃ ခု၊ ဧရာဝတီတိုင်းဒေသကြီးတွင်   ၃၀၃  ခု    စုစုပေါင်း ၄၁၂ ခုရှိပြီး ယင်းလုပ်ငန်း ၄၁၂ ခုအနက် ဆန်စက် လုပ်ငန်းတွင်  အသုံးပြုနေသော  Gasifier  ၃၁၉ ခု ဖြစ်ပြီး     အခြားလုပ်ငန်းတွင်     အသုံးပြုနေသော Gasifier ၂၁ ခုရှိကြောင်း သိရသည်။
ယခုအလုပ်ရုံဆွေးနွေးပွဲကို  ဌာနများအလိုက် ဆောင်ရွက်မှုများအား ပြည့်စုံစွာ ဆောင်ရွက်နိုင်ရန်၊ MSME    လုပ်ငန်းများအတွက်   လိုအပ်ချက်များနှင့် ကိုက်ညီစေရန်၊    ပြည်တွင်းမှ   ထုတ်လုပ်မှု    စွန့်ပစ် ပစ္စည်းများကို အသုံးပြု၍ ပြည်တွင်းထုတ် Gasifier များဖြင့်    လျှပ်စစ်လိုအပ်ချက်ကို   ဖြည့်ပေးနိုင်ရန်၊ Gasifier သုံး စက်မှုလုပ်ငန်းများကို အားပေးခြင်းဖြင့် လျှပ်စစ်ဓာတ်အားရရှိစေရန်၊      စွန့်ပစ်စပါးခွံများ စုပုံနေမှုမဖြစ်စေရန်၊   စွန့်ပစ်ပြာများကို   ပြန်လည် အသုံးပြုနိုင်ရန်စသည့် ဆင့်ပွားအကျိုးကျေးဇူးများ ရရှိစေရန်   ရည်ရွယ်၍   ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။                                         သတင်းစဉ်