
နေပြည်တော် မေ ၁၈
နိုင်ငံတော်၏ အဓိကသီးနှံများ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်ရေး၊ ပို့ကုန်တိုးမြှင့်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကများအပိုင်းက သက်ဆိုင်ရာ ကဏ္ဍများ အလိုက် အကောင်အထည်ဖော် ဆောင်ရွက်ရေးနှင့် လိုအပ်ချက်များ ညှိနှိုင်းဆောင်ရွက်ရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) အောက်ရှိ ညီနောင်အသင်း များမှ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးပွဲများကို မေ ၁၇ ရက်က ရန်ကုန်မြို့ ဗဟန်းမြို့နယ် နတ်မောက်လမ်းရှိ ယုဇနဧည့်ဂေဟာ၌ ကျင်းပ သည်။
တွေ့ဆုံပွဲများသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွဋ်ဦး၊ စီမံကိန်းဦးစီးဌာန ညွှန်ကြားရေးမှူး ချုပ် ဦးကျော်ဆွေလင်း၊ စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ ရဲတင့်ထွန်းနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခြေခံလိုအပ်ချက်များ ဆွေးနွေး
ရှေးဦးစွာ မြန်မာ့ပြောင်း လုပ်ငန်းရှင်များအသင်းမှ တာဝန် ရှိသူများနှင့် တွေ့ဆုံပြီး ပြောင်း ဈေးကွက် ယှဉ်ပြိုင်မှု အခြေအနေ၊ ပို့ကုန်အရည်အသွေး ပြည့်မီ ရေးအတွက် ရိတ်သိမ်းချိန်လွန် နည်းပညာနှင့် စက်ကိရိယာများ အသုံးပြုနိုင်ရေး၊ ကန်ထရိုက် လယ်ယာစနစ် ကျယ်ပြန့်စွာ ဆောင်ရွက်ရေး၊ အရည် အသွေး မြင့်မားရေးအတွက် အခြေခံအဆောက်အအုံ နှင့် သိုလှောင်ရုံလုပ်ငန်းများတွင် ကာလတို ကာလ ရှည် အရင်းအနှီးချေးငွေရရှိရေးအတွက် အခြေခံ လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြသည်။
အလားတူ မြန်မာနိုင်ငံ ဆီလုပ်ငန်းရှင်များ အသင်း၊ ဆီစက်ပိုင်ရှင်များအသင်းတို့မှ တာဝန်ရှိ သူများနှင့်တွေ့ဆုံ၍ စားသုံးဆီဈေးကွက် အလား အလာနှင့် ဆီစက်လုပ်ငန်းများ ဖွံ့ဖြိုးလာရေးအတွက် ဦးစားပေးဆောင်ရွက်ရမည့် လုပ်ငန်းဆိုင်ရာများ၊ နေကြာနှင့် မြေပဲမျိုးစေ့ထုတ်လုပ်ခြင်းကို တောင်သူ နှင့် အကျိုးတူ ပူးပေါင်းဆောင်ရွက်ရေး၊ လက်ရှိ ဆီစက်များ စွမ်းအားပြည့် လည်ပတ်နိုင်ရေးနှင့် ခေတ်မီ အဆင့်မြင့်ဆီစက်များ အမြန်ဆုံးအကောင် အထည်ဖော်နိုင်ရေးအတွက် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ များ၊ စားသုံးဆီ ထုတ်လုပ်ရောင်းချရာတွင် စားသုံး သူများ ဘေးအန္တရာယ် ကင်းရှင်းစေရေး ကိစ္စရပ် များကို ဆွေးနွေးခဲ့ကြသည်။
အချိန်မီဖြည့်ဆည်း
မွန်းလွဲပိုင်းတွင် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် မှ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ ပြည်တွင်း ဆန် စားသုံးမှုနှင့် ပြည်ပတင်ပို့မှုအခြေအနေ၊ ငွေကြေး နှုန်းထားများနှင့် ဈေးကွက်အခြေအနေ၊ လက်ရှိ စပါးပေါက်ဈေးကြောင့် တောင်သူများ အကျိုး အမြတ် တိုးတက်လာမှုနှင့်အတူ ဓါတ်မြေဩဇာ ဝယ်လိုအား မြင့်တက်နေမှုကြောင့် ယခုနှစ်မိုးစပါး စိုက်ပျိုးရာသီတွင် တိုးတက်စိုက်ပျိုးလာမည့် စပါး စိုက်ဧရိယာများအတွက် လိုအပ်လျက်ရှိသည့် သွင်းအားစုများ အချိန်မီဖြည့်ဆည်းပေးနိုင်ရေး ဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် မြန်မာနိုင်ငံ မြေဩဇာ၊ မျိုးစေ့နှင့် စိုက်ပျိုးရေး ဆေးလုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိ သူများနှင့်တွေ့ဆုံ၍ ပြည်ပမှ ဓါတ်မြေဩဇာနှင့် သွင်းအားစုများ တင်သွင်းရာတွင် သွင်းကုန်လိုင်စင် များ အချိန်မီရရှိရေး၊ တောင်သူများထံ စိုက်ပျိုးရေး သွင်းအားစုများ အချိန်မီရောက်ရှိ အသုံးပြုနိုင်ရေးနှင့် စိုက်ပျိုးရေး သွင်းအားစုများ အရည်အသွေးပြည့်မီ ရေး၊ အတုအပတားဆီး ကာကွယ်ရေးဆိုင်ရာများကို ဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးမှာကြား
ညနေပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန် ရှိသူများသည် ကန်တော်ကြီး မြေပဒေသာကျွန်းရှိ စိုက်ပျိုးရေးပြတိုက်သို့ ရောက်ရှိကြပြီး ပြည်ထောင်စု ဝန်ကြီးက ပြတိုက်နှင့် ပြခန်း၏ ကွဲပြားသည့် ရည်ရွယ် ချက်နှင့် အခင်းအကျင်းများအပေါ် အခြေခံ၍ လယ်ယာကဏ္ဍဆိုင်ရာ ဗဟုသုတများ မျှဝေနိုင်ရေး အတွက် လိုအပ်သော ပြုပြင်မွမ်းမံမှု ဆောင်ရွက်ရန် လိုအပ်ချက်များ၊ တန်ဖိုးကြီး အနုပညာလက်ရာများ စနစ်တကျ ထိန်းသိမ်းရန်နှင့် ပြည်သူများ စိတ်ဝင် တစား ကြည့်ရှုလေ့လာရင်း အပန်းဖြေနိုင်သည့် သာယာလှပသော ဝန်းကျင်တစ်ခုအဖြစ် ဖော်ဆောင် နိုင်ရေးအတွက် ကျွမ်းကျင်သူပညာရှင်များနှင့် ညှိနှိုင်း ဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် စိုက်ပျိုးရေး ပြတိုက်အတွင်း ခင်းကျင်းပြသထား သော ပြခန်းပြကွက်များကို လည်းကောင်း၊ မြေပဒေသာဥယျာဉ်ရှိ စိုက်ပျိုးရေးပစ္စည်း အရောင်း ဆိုင်များ၊ ပျိုးပင်များ ပန်းအလှပင် အရောင်းဆိုင် တို့ကိုလည်းကောင်း ကြည့်ရှုအားပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်