အစဉ်ရှေးရှု ယဉ်ကျေးမှု ဂုဏ်ပြုညွှန်းဆို အနုပညာတက္ကသိုလ်

Type
77

 

 

  သက်ဦးမောင်(ယဉ်ကျေးမှု)
 

အနုပညာ - ပညာရေး
အနုပညာ - ပညာရေးဆိုသည်မှာ   ဂီတ၊ သဘင်၊ ပန်းချီ၊ ပန်းပု၊ ရုပ်ရှင်နှင့်ပြဇာတ် ပညာ၊ ရုပ်မြင်သံကြား ပညာ၊ စာပေအနု ပညာ စသည်တို့နှင့် ယင်းတို့၏ ဖန်တီးမှု ဆိုင်ရာများကို သင်ကြားပေးသည့် ပညာ ရေးဖြစ်သည်။ ယင်းတွင် သင်ရိုးညွှန်းတမ်း နှင့် သင်ရိုးပြင်ပလှုပ်ရှားမှုဆိုင်ရာ နှစ်ရပ် လုံးပါဝင်သည်။ အနုပညာ - ပညာရေး တွင် လူ့အဖွဲ့အစည်းအတွက် မရှိမဖြစ် သော   အမျိုးသားရေးလိုအပ်ချက်နှင့် ယဉ်ကျေးမှုအမွေအနှစ်၏ အစိတ်အပိုင်း များပါဝင်သည်။     စိတ်ခံစားမှုများကို အနုပညာရသမှတစ်ဆင့်   ဖော်ထုတ် နိုင်ရန်     လေ့ကျင့်သင်ကြားပေးရင်း ယဉ်ကျေးမှု   ဖွံ့ဖြိုးတိုးတက်ရေးဆီသို့ ရှေးရှုသော ပညာရေးအမျိုးအစားဖြစ် သည်။  တစ်နည်းဆိုရသော်  Arts  in education သည်   ပညာရပ်ဆိုင်ရာ သုတေသနနှင့်   လေ့ကျင့်ရေးနယ်ပယ် တစ်ခုဖြစ်ပြီး   ပညာရပ်ဆိုင်ရာအတွေ့ အကြုံများမှတစ်ဆင့်  သင်ယူခြင်းအားစူးစမ်းလေ့လာခြင်းဖြင့်  အသိပေးထား သော ပညာရေးအမျိုးအစားဖြစ်သည်။
အနုပညာနှင့်    တီထွင်ဖန်တီးမှု ပညာဆိုသည်မှာ ကျောင်းသားများသည် စွန့်စားရနိုင်သော၊    အမှီအခိုကင်းပြီး လိုက်လျောညီထွေရှိနိုင်သော  စိတ်ကူး စိတ်သန်းအသစ်များကို    ဖန်တီးရန်၊ စိတ်ကူးဉာဏ်နှင့် ဝေဖန်ပိုင်းခြားတွေးခေါ်မှုကိုအသုံးချကာ တီထွင်ဖန်တီးသော ပညာဖြစ်သည်။ သင်ယူခဲ့သည့်အရာများ ကို ထပ်တလဲလဲပြောကာ သင်ကြားပေး မည့်အစား      ကျောင်းသားများသည် ပြဿနာတစ်ခုအတွက် အမျိုးမျိုးသော အဖြေများကို    ရှာဖွေရန်၊    ၎င်းတို့၏ စွမ်းရည်ကို မြှင့်တင်ရန် သင်ယူကြခြင်း သည် အနုပညာ - ပညာရေးပင်ဖြစ်သည်။
အနုပညာကို သင်ကြားခြင်း
အနုပညာကိုသင်ကြား၍ ရ၏၊ မရ၏ ဆိုခြင်းကို အနုပညာရှင်များက အဖြေ အမျိုးမျိုးပေးခဲ့ကြပြီးဖြစ်သည်။ အချို့က သင်ကြား၍ ရနိုင်သည်ဟုဆို၏။ အချို့က သင်ကြား၍ မရနိုင်ဟုဆို၏။ မည်သို့ဆို စေ နိုင်ငံတကာတွင် အနုပညာသင်ကြား ရေးဆိုင်ရာ    သင်တန်းကျောင်းများ၊ အနုပညာတက္ကသိုလ်ကြီးများ အထင် ကရရှိနေသောကြောင့်    အနုပညာကို  သင်ကြားရန်လိုအပ်ကြောင်း    ထင်ရှား သည်။    အနုပညာဆိုင်ရာ   သီအိုရီနှင့် သဘောတရားများကို ထုတ်နုတ်ပြလျက် လက်တွေ့ဖန်တီးမှုကို လမ်းညွှန်ပြခြင်းသည်အနုပညာဆိုင်ရာ    သင်ကြားမှု လုပ်ငန်းပင်ဖြစ်သည်။   အနုပညာကို သင်ကြားပေးခြင်းသည် ပိုမိုအဓိပ္ပာယ်ရှိ သော တီထွင်ဖန်တီးမှုကို ဖြစ်ပေါ်စေရန် တွန်းအားပေးသည်။     မိမိကိုယ်ကိုနှင့် အခြားအရာများအပေါ် ပိုမိုရှင်းလင်းစွာ နားလည်သဘောပေါက်လာစေသည်။ ယင်းမှတစ်ဆင့်   ကျွမ်းကျင်မှုကိုဖြစ်ပေါ် စေပြီး  လူ့အဖွဲ့အစည်းနှင့်  ယဉ်ကျေးမှု ဖွံ့ဖြိုးတိုးတက်ရေးကို   အထောက်အကူ ဖြစ်စေပါသည်။
အနုပညာသင်ကြားမှု၊  သင်ယူမှုကို တိုးတက်အောင်   လုပ်ဆောင်နိုင်မည့် နည်းလမ်းမှာ အနုပညာလက်ရာများနှင့် အနုပညာအတွေ့အကြုံများတွင်  ပါဝင် ပတ်သက်မှု ပုံစံအမျိုးမျိုးကို အနီးကပ် ကြည့်ရှုခြင်း၊ ခွဲခြမ်းစိတ်ဖြာလေ့လာခြင်း အားဖြင့် လူသားတို့၏ အပြုအမူ၊ တွေးခေါ် နိုင်မှု၊  အလားအလာနှင့် သင်ယူမှုတို့ကို နားလည်သဘောပေါက်စေကာ ထပ်ဆင့် ဖန်တီးစေခြင်းပင်ဖြစ်သည်။  တီထွင် ကြံဆမှု (Innovation)နှင့်ဖန်တီးနိုင်စွမ်း (Creativity)တို့ကို ဆရာသင်ကြားညွှန်ပြ သည့်အတိုင်း လေ့ကျင့်နိုင်သည်နှင့်အမျှ အနုပညာသင်ကြားမှု     ပေါက်ရောက် အောင်မြင်နိုင်မည်ဖြစ်သည်။
အနုပညာတက္ကသိုလ်များ၏
ရည်မှန်းချက်
နိုင်ငံတကာရှိ  အနုပညာကျောင်းများ၊ အနုပညာတက္ကသိုလ်များ၏ ယေဘုယျ ရည်မှန်းချက်မှာ ရိုးရှင်းသည်။ နိုင်ငံသား တို့၏       တီထွင်ဖန်တီးနိုင်စွမ်းအားကို မြှင့်တင်ရန်နှင့် ယင်းဖန်တီးနိုင်မှုစွမ်းအား  များသည်   မိမိတို့လူ့အဖွဲ့အစည်းဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ် စေရန်ဖြစ်သည်။ သို့အတွက် မိမိကိုယ်ကို ယုံကြည်မှုနှင့်   ကျွမ်းကျင်မှုရှိသော အနုပညာရှင်များ လေ့ကျင့်သင်ကြားမွေး ထုတ်ပေးရန်ပင်ဖြစ်သည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်  (ရန်ကုန်၊ မန္တလေး)တို့သည် မြန်မာနိုင်ငံ၏  အနုပညာသင်ကြားရေး ဆိုင်ရာ   တက္ကသိုလ်နှစ်ခုဖြစ်သည်။ ရည်မှန်းချက်မှာ မြန်မာ့ယဉ်ကျေးမှုသုခုမ အမွေအနှစ်(သဘင်၊ ဂီတ၊ ပန်းချီ၊ ပန်းပု)နှင့်  ရုပ်ရှင်နှင့်ပြဇာတ်ပညာရပ်များကို ဖော်ထုတ်ခြင်း၊ ထိန်းသိမ်းခြင်း၊ မြှင့်တင် ခြင်း၊     ထွန်းကားပြန့်ပွားစေခြင်း၊ ပေါင်းစပ်ဖန်တီးခြင်းတို့ကို  လေ့ကျင့် သင်ကြားပေးရင်း     အနုပညာဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်များ မွေးထုတ် ပေးရန်ပင်ဖြစ်သည်။     ထိုမှတစ်ဆင့် အနုပညာဖြင့် နိုင်ငံဂုဏ်ကိုမြှင့်တင်ရန်၊ အနုပညာဖြင့်   အမျိုးသားယဉ်ကျေးမှု အစဉ်အလာများကို   ပိုမိုခိုင်မာအောင် ထိန်းသိမ်းစောင့်ရှောက်ရန်၊    အနုပညာ ဖြင့်    ပြည်သူကိုအလုပ်အကျွေးပြုရင်း အမျိုးသားရေးတာဝန်ကို    ကျေပွန်စွာ ထမ်းဆောင်ကြရန်ပင်ဖြစ်သည်။
အနုပညာတက္ကသိုလ်သို့ တက်ရောက်လိုလျှင်
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)သည် ဒဂုံမြို့သစ် တောင်ပိုင်း  (၂၆) ရပ်ကွက်  အောင်ဇေယျ လမ်းတွင် တည်ရှိသည်။  ရန်ကုန်၊  ပဲခူး၊ ဧရာ၀တီ၊ တနင်္သာရီတိုင်းဒေသကြီးများ နှင့်   ကရင်၊ မွန်၊ ရခိုင်ပြည်နယ်များ၏ စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့သူများ   တက်ရောက်နိုင် သည်။    အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်  (မန္တလေး)သည် မန္တလေးတိုင်းဒေသကြီး  ပုသိမ်ကြီးမြို့နယ်  အုန်းချောကျေးရွာ   ရွှေစာရံဘုရားလမ်း တွင်    တည်ရှိသည်။    နေပြည်တော်၊ မန္တလေး၊ မကွေး၊ စစ်ကိုင်းတိုင်းဒေသကြီး များနှင့် ရှမ်း၊  ကချင်၊  ကယား၊  ချင်း ပြည်နယ်များ၏    စာစစ်ဌာနများမှ တက္ကသိုလ်ဝင်စာမေးပွဲ  အောင်မြင်ခဲ့ သူများ တက်ရောက်နိုင်သည်။
တက္ကသိုလ်ဝင်ခွင့်အရည်အချင်းမှာ ၁၀ တန်းအောင်ဟု    သတ်မှတ်သည်။ သိပ္ပံတွဲ၊  ဝိဇ္ဇာတွဲ၊  အမှတ်အနည်းအများ မခွဲခြားဘဲ အနုပညာဝါသနာပါခြင်းနှင့်အနုပညာ  ဗီဇရှိသူကို ရွေးချယ်လက်ခံသည်။ ဝင်ခွင့် အရည်အချင်းစစ်စာမေးပွဲနှင့်  လူတွေ့ စစ်ဆေးမှုကို ခံယူရမည်ဖြစ်သည်။
ကျောင်းတက်ရောက်ခွင့်ရပြီဆိုလျှင်  ပထမနှစ်ဝက်ကို     နိုဝင်ဘာ ၁ ရက်မှ မတ် ၃၀ ရက်အထိ  တက်ရောက်ပြီး ဧပြီ တွင်  ကျောင်းတစ်လပိတ်ကာ   ဒုတိယ နှစ်ဝက်ကို မေ ၁ ရက်မှ  စက်တင်ဘာ ၃၀ ရက်အထိ    တက်ရောက်ကြရမည် ဖြစ်သည်။     အောက်တိုဘာတစ်လ ကျောင်းပိတ်သည်။  မတ်နှင့်  စက်တင် ဘာတို့တွင်   ပထမနှစ်ဝက်နှင့်    ဒုတိယ နှစ်ဝက်စာမေးပွဲများကို    စာတွေ့နှင့် လက်တွေ့ နှစ်မျိုး     ဖြေဆိုကြရမည်ဖြစ် ပါသည်။
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ်(ရန်ကုန်)တွင်  ဘွဲ့လွန်ဒီပလိုမာ သင်တန်းများ  (PGDA,PGDM, PGDAA, PGDLM)များနှင့် အနုပညာ ကွန်ပျူတာ ဒီပလိုမာ    (Dip.CA- Computer Art)တို့ကိုပါ    တက်ရောက်သင်ကြားနိုင်ပါ သည်။      ကျောင်းတက်ရောက်လိုသူ၊ သင်တန်းတက်ရောက်လိုသူများ  အနေ ဖြင့်  သင်တန်းရေးရာဌာန   (ဖုန်း-၀၉-  ၄၂ ၁၀၁၂၈၀၈/ ၀၁၃-၅၉၀၂၅-ရန်ကုန်နှင့် ၀၉ -၂၅၀၇၀၀၅၁၅/ ၀၈၅-၄၀၁၈၄)တို့ကို  အသေးစိတ်စုံစမ်းမေးမြန်းနိုင်ပါ သည်။
သင်ကြားပေးမှုနှင့်ဘွဲ့အပ်နှင်းမှု
အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာ တက္ကသိုလ် (ရန်ကုန်၊ မန္တလေး)မှ   ဂီတ ပညာ၊ သဘင်ပညာ၊ ပန်းချီပညာ၊ ပန်းပု ပညာ၊ ရုပ်ရှင်နှင့် ပြဇာတ်ပညာရပ်များကို သင်ကြားပေးသည်။   ဂီတပညာရပ်တွင် ဂီတဗေဒ၊ ကမ္ဘာ့ဂီတသင်္ကေတ၊   အဆို ပညာ၊      တိုင်းရင်းသားရိုးရာဂီတ၊ ဂီတဖွဲ့သီမှု    ဘာသာရပ်များသင်ကြားရ သည်။ သဘင်ပညာရပ်တွင် အကနှင့် အကဗေဒ၊ ဇာတ်ပို့တေးဂီတ (မဟာဂီတ အဆိုနှင့်   ပတ္တလားအတီးလက်တွေ့)၊ ဇာတ်ညွှန်းရေးခြင်းပညာ၊    ဇာတ်စင် ညွှန်ကြားမှုပညာ၊ မြန်မာ့ရိုးရာဇာတ်ကြီး ပညာ၊     မြန်မာ့ရိုးရာရုပ်သေးပညာများ သင်ကြားရသည်။   ပန်းချီပညာရပ်တွင် ပန်းချီသမိုင်း၊  ရသခံစားမှု၊  အခြေခံပုံဆွဲ ပညာ၊ ပန်းချီနည်းပညာ၊  ဒီဇိုင်း၊  မြန်မာ့ ရိုးရာပန်းချီ၊  ရသပန်းချီ၊  လုပ်ငန်းပန်းချီ ပညာရပ်များသင်ကြားရသည်။   ပန်းပု ပညာရပ်တွင်  ပန်းပုပညာသမိုင်း၊  ပန်းပု နည်းပညာ၊ မြန်မာ့ရိုးရာပန်းပု၊ ခန္ဓာဗေဒ၊ အခြေခံပုံဆွဲ၊ ပုံဖော်နည်းပညာ၊ ခေတ်ပြိုင် ပန်းပုတို့ကို သင်ကြားရသည်။ ရုပ်ရှင်နှင့် ပြဇာတ်ပညာရပ်တွင် ဇာတ်လမ်းဇာတ် ညွှန်းပညာ၊ စီစဉ်ညွှန်ကြားမှုဒါရိုက်တာ ပညာ၊ ရုပ်ရှင်ဓာတ်ပုံပညာ၊ သရုပ်ဆောင် ပညာ၊ တည်းဖြတ်ပညာရပ်များသင်ကြားရပါသည်။
ဝါသနာပါရာ၊ နှစ်သက်ရာပညာရပ် တစ်ခုကို ရွေးချယ်သင်ယူနိုင်ပြီး ဘွဲ့ကြို သင်တန်း လေးနှစ်ပြီး၍ အောင်မြင်လျှင် ဝိဇ္ဇာဘွဲ့(ဂီတ)၊ ဝိဇ္ဇာဘွဲ့(သဘင်)၊ ဝိဇ္ဇာဘွဲ့ (ပန်းချီ)၊   ဝိဇ္ဇာဘွဲ့(ပန်းပု)၊   ဝိဇ္ဇာဘွဲ့ (ရုပ်ရှင်နှင့်ပြဇာတ်)ဘွဲ့များ   အပ်နှင်း သည်။ အရည်အချင်းပြည့်မီပါက မဟာ ဝိဇ္ဇာဘွဲ့ကြိုသင်တန်း ဆက်လက်တက် ရောက်နိုင်သည်။ ဘွဲ့ယူ လက်ရာမွန်စွမ်း ရည်ပြပွဲနှင့်   စင်တင်တင်ဆက်ပွဲကို အမျိုးသားကဇာတ်ရုံ၌ ကျင်းပပြီးဘွဲ့နှင်း သဘင်အခမ်းအနားကို      ရန်ကုန် တက္ကသိုလ်     ဘွဲ့နှင်းသဘင်ခန်းမ၌ ဘွဲ့အပ်နှင်းပွဲ ကျင်းပသည်။
ပျော်ရွှင်မှု၊ အောင်မြင်မှုနှင့် အခွင့်အလမ်း
တက္ကသိုလ်စတက်သည်နှင့်  မောင် မယ်  သစ်လွင်ကြိုဆိုပွဲနှင့်  တက္ကသိုလ် မိတ်ဆက် ရက်သတ္တပတ်ပျော်ပွဲရွှင်ပွဲကဦးစွာကြိုဆိုနေမည်ဖြစ်သည်။   နောင် တော်စီနီယာကျောင်းသားများ၏ ဖျော်ဖြေ တင်ဆက်မှုများကိုလည်း  ကြည့်ရှုကြရ မည်။ စာသင်နှစ်တစ်နှစ်အတွင်း ဘာသာ ရပ်ဆိုင်ရာအနုပညာပြပွဲ၊   ပြိုင်ပွဲများ၊ စကားရည်လုပွဲ၊  ကျပန်းစကားပြော ပြိုင်ပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲများကို    ဝါသနာပါရာ ဆင်နွှဲနိုင်ကြသည်။  စာသင်နှစ်တစ်နှစ် (မတ်လနောက်ဆုံးပတ်တွင်)  ချစ်သူ လမ်းကြားမှ  တက္ကသိုလ်သင်္ကြန်ပွဲကို လည်း    ပါဝင်ဆင်နွှဲနိုင်ပြီး     ရေတစ်ခါ လောင်းရုံဖြင့်  တစ်ဘ၀လုံးစိုနေစေမည့် အမှတ်တရပျော်ရွှင်မှုမျိုး ခံစားကြရပေ လိမ့်မည်။
အနုပညာတက္ကသိုလ်ကျောင်းသား ဘ၀တွင် နှစ်နိုင်ငံယဉ်ကျေးမှုဖလှယ်ရေးအစီအစဉ်ဖြင့်     ပြည်ပနိုင်ငံများသို့ သွားရောက်ဖျော်ဖြေခွင့်၊   လေ့လာခွင့် အခွင့်အလမ်းများ ရရှိနိုင်သည်။ နိုင်ငံ တော်အဆင့် ယဉ်ကျေးမှုဆိုင်ရာ အခမ်း အနားများတွင်   ပါဝင်ခွင့်၊   ကူညီခွင့်ရရှိ ကြမည်။ အခါအားလျော်စွာ နိုင်ငံတကာ အနုပညာတက္ကသိုလ်များ၊ ကျောင်းများမှ ပညာရှင်ကြီးများလာရောက်ကာ ဟော ပြောခြင်း၊ ဆွေးနွေးခြင်း၊ သင်တန်းပို့ချ ခြင်းများကိုလည်း   လေ့လာမှတ်သား သင်ကြားခွင့်ရရှိကြမည် ဖြစ်သည်။
အနုပညာဆိုင်ရာ အသက်မွေးဝမ်း ကျောင်းတက္ကသိုလ်ဖြစ်သဖြင့် ကျောင်း ပြီးလျှင် လုပ်ငန်းခွင်နယ်ပယ်အသီးသီးသို့  ယုံကြည်မှု၊   ရဲဝံ့မှု၊    ကျွမ်းကျင်မှုတို့ဖြင့်  ပညာရဲရင့်ပွဲလယ်တင့်ကာ    ခေါင်းမော့   အလုပ်လုပ်ကိုင်နိုင်ကြမည်ဖြစ်သည်။
ယခုအခါ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်၊မန္တလေး)မှ ကျောင်းဆင်းဘွဲ့ရ ကျောင်းသား ကျောင်းသူများသည်    သက်ဆိုင်ရာ ဝန်ကြီးဌာနများတွင် နိုင်ငံ့ဝန်ထမ်းများ အဖြစ်လည်းကောင်း၊      သက်ဆိုင်ရာ အနုပညာနယ်ပယ်အသီးသီးတွင် အနု ပညာရှင်၊  အတတ်ပညာရှင်အများဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်လျက် ရှိကြပါသည်။
ဂုဏ်ယူစရာ အနုပညာကျောင်းသား ကျောင်းသူ
နိုင်ငံတည်ဆောက်ရေးတွင် ယဉ်ကျေး  မှုသည်   အရေးပါသော  အစိတ်အပိုင်း တစ်ရပ်အဖြစ်ပါဝင်နေကြောင်း  နိုင်ငံ တိုင်းက  ခံယူထားသည်။  ယဉ်ကျေးမှု အဆင့်အတန်းမြင့်မားသော   နိုင်ငံတိုင်း အမျိုးသားအကျိုးစီးပွားနှင့်   အမျိုးသား ယဉ်ကျေးမှုကို   ဦးစားပေးဆောင်ရွက် လေ့ရှိသည်။  အဘယ်ကြောင့်ဆိုသော်        နိုင်ငံတည်ရှိမှု၏ သမိုင်းအစဉ်အလာနှင့် နိုင်ငံ၏ဂုဏ်သိက္ခာ အမျိုးသားရေးစရိုက် လက္ခဏာတို့သည်  ယဉ်ကျေးမှုတည်း ဟူသော  နိုင်ငံ၏အသက်ဝိညာဉ်အပေါ် တည်မှီနေသောကြောင့်ဖြစ်သည်။
အနုပညာတက္ကသိုလ်ကျောင်းဆင်း လူငယ်မောင်မယ်များသည် အမျိုးသား ယဉ်ကျေးမှုနှင့်    အမျိုးသားရေးစရိုက် လက္ခဏာများကို ထိန်းသိမ်းစောင့်ရှောက် နိုင်သော၊ တီထွင်ကြံဆမှု၊ ဖန်တီးနိုင်မှု စွမ်းပကားဖြင့်  နိုင်ငံ၏  တိုးတက်မှုကို ရှေးရှုနိုင်သော     နိုင်ငံသားကောင်းများ အဖြစ်      ဝမ်းမြောက်ဂုဏ်ယူကြရမည်   ဖြစ်ပါသည်။     ။