အစိုးရစက်မှုလက်မှုသိပ္ပံ(ကျောက်ဖြူ) AGTI ကျောင်း ပြန်လည်ဖွင့်လှစ်၊ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာပညာသင်ကြား

 

ကျောက်ဖြူ    ဇန်နဝါရီ   ၆


မြန်မာနိုင်ငံတစ်ဝန်းတွင်  ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားမှုအခြေအနေများကြောင့် ယာယီပိတ်ထားခဲ့သည့်  အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ)  AGTI ကျောင်းကို ယနေ့နံနက်ပိုင်းမှစတင်ကာ   ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

 


အဆိုပါ နည်းပညာ၊ သက်‌မွေး‌ပညာနှင့် လေ့ကျင့် ရေးဦးစီးဌာန‌အောက်ရှိ  အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဖြူ) ကျောင်းတွင် AGTI ပထမနှစ် သင်တန်း အား တက်ရောက်သင်ယူနေသည့် ကျောင်းသား ကျောင်းသူ ၁၄၅ ဦးနှင့် ဒုတိယနှစ်သင်တန်းအား  တက်ရောက်သင်ယူနေသည့် ကျောင်းသား ကျောင်းသူ ၁၂၄ ဦးရှိပြီး ဆရာ ဆရာမ ၄၈ ဦးတို့က သင်ကြား ပို့ချပေးလျက်ရှိသည်။  ယင်းနောက်  သင်ကြားမှု အပိုင်းတွင် အဓိကဘာသာရပ်များအနေဖြင့် Civil (မြို့ပြအင်ဂျင်နီယာ)၊     EP   (လျှပ်စစ်စွမ်းအား အင်ဂျင်နီယာ)၊ IT(သုတနည်းပညာ) စသည့်ဘာသာ ရပ်များကို သင်ကြားပြသပေးလျက်ရှိကြောင်း အဆိုပါ ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါက်တာ အောင်မွန်က ပြောကြားသည်။  

 


ထိုသို့ ကျောင်းဖွင့်လှစ်မှုနှင့်ပတ်သက်၍ စစ်တွေ မြို့မှလာရောက်ကာ AGTI Civil ပထမနှစ်သင်တန်း   တက်ရောက်သင်ယူနေသည့် မထက်ထက်မြတ်က “သမီးတို့က  ကျောင်းပိတ်ထားတာ  နှစ်နှစ်နီးပါး ရှိပါပြီ။ အိမ်မှာနေရင်း အသက်တွေကြီးလာတယ်။ တချို့သူငယ်ချင်းဆို အလုပ်တွေရပြီး ဝန်ထမ်းတွေ ဖြစ်နေကြပြီ။ ခုလိုကျောင်းပြန်ဖွင့်ပြီဆိုတော့ အလွန် ဝမ်းသာမိပါတယ်။ သူငယ်ချင်းတွေနဲ့တွေ့ရလို့လည်း အလွန်ပျော်ပါတယ်။ ကျောင်းပြန်လည်ဖွင့်လှစ်ပေးတဲ့ နိုင်ငံတော်အကြီးအကဲတွေကိုလည်း သမီးအနေနဲ့ အထူးကျေးဇူးတင်ပါတယ်။ ဒီကျောင်းက  ပို့ချပေး ခဲ့တဲ့ပညာတွေနဲ့   နိုင်ငံတော်ကိုအကျိုးပြုတဲ့ ဝန်ထမ်း ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားသင်ယူသွား ပါမယ်”ဟု ပြောသည်။ 

 


ကျောက်ဖြူမြို့၌    အစိုးရစက်မှုလက်မှုသိပ္ပံ ကျောင်းကို ယခင်က သန်ပန်ချောင်းရပ်ကွက်တွင် ယာယီဖွင့်လှစ်ထားသော်လည်း ယခုအခါ  စေတီယျ ရပ်ကွက်ရှိ ကျောင်းဆောင်သစ်ကြီးတွင် ပြောင်းရွှေ့ ဖွင့်လှစ်ထားရှိပြီးဖြစ်ရာ ကျောင်းသား ကျောင်းသူ များကလည်း   ကိုဗစ်-၁၉ ရောဂါ   ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ အေးချမ်းစွာ တက်ရောက် သင်ယူလျက်ရှိကြောင်း သိရသည်။ 


တင်ထွန်းဦး
ဖြိုးဝေလင်း