အစိုးရ၊ ပုဂ္ဂလိကနှင့် ပြည်သူ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မကွေးတိုင်းဒေသကြီး၏ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကဏ္ဍ အောင်မြင်သော ခရီးစဉ်ဒေသ ဖြစ်ပေါ်လာနိုင်

 

မကွေး     ဇူလိုင်     ၂၂


၂၀၂၂ ခုနှစ် ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်းလုပ်ငန်းကျွမ်းကျင်မှုဆိုင်ရာအရည်အသွေးများ ပိုမိုဖွံ့ဖြိုး တိုးတက်စေရေး အလုပ်ရုံဆွေးနွေးပွဲကို ထိန်ထိန်သာဟိုတယ်ခန်းမ(၁)၌ ကျင်းပရာ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်၊ တိုင်းဒေသကြီး ဝန်ကြီးများ၊ တိုင်းအဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ဟိုတယ်ဆိုင်ရာ လုပ်ငန်းရှင်များအသင်း (မကွေးဇုန်)မှ တာဝန်ရှိသူများ၊ ဟိုတယ်လုပ်ငန်းရှင်များနှင့် ဝန်ထမ်း များ၊ မကွေးတိုင်းဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ကြသည်။

 


အဆိုပါ   အခမ်းအနားတွင်   တိုင်းဒေသကြီး ဝန်ကြီးချုပ်က ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေး ပွဲသည်    နိုင်ငံတော်၏ခရီးသွားလုပ်ငန်းဆိုင်ရာမူ တစ်ခုဖြစ်သည့် ဟိုတယ်နှင့်ခရီးသွားကဏ္ဍအတွင်း လုပ်ငန်းကျွမ်းကျင်မှုအရည်အသွေးအတွက် အလုပ်ရုံ ဆွေးနွေးပွဲများဖြင့် ဆွေးနွေးဖလှယ်စေခြင်းဆိုသည့် မူတစ်ခုနှင့်   ဆောင်ရွက်လုပ်ကိုင်နေကြခြင်းဖြစ်ပါ ကြောင်း၊ ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ၏ ဦးဆောင်မှုနှင့်   သာယာလှပသော ခရီးသွားနေရာ ဖြစ်ပေါ်စေရေး၊  ခရီးသွားလုပ်ငန်းမှ  အလုပ်အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်ရရှိစေရေး၊ ရေရှည် ဖွံ့ဖြိုးတိုးတက်သော သဘာဝပတ်ဝန်းကျင် အလှအပ များ၊ ယဉ်ကျေးမှုပတ်ဝန်းကျင်ကို ခရီးသွားလုပ်ငန်း ဖြင့် မြှင့်တင်စေရန် မျှော်မှန်းထားပါကြောင်း။

 


နိုင်ငံတော်မှ ချမှတ်သော မူဝါဒတွေနဲ့အညီ(PPP)လို့ခေါ်သော အစိုးရ၊ ပုဂ္ဂလိကနဲ့ ပြည်သူ ပူးပေါင်း ဆောင်ရွက်ခြင်းဖြင့် ရရှိလာမည့် အကျိုးကျေးဇူးများ ကို ဖော်ထုတ်မြှင့်တင် ဆောင်ရွက်သွားကြခြင်းကြောင့် မကွေးတိုင်းဒေသကြီး၏      ဟိုတယ်နှင့်ခရီးသွား လုပ်ငန်းကဏ္ဍသည် ပိုမိုမြိုင်ဆိုင်တိုးတက်ဖြစ်ထွန်း လာပြီး အောင်မြင်သော  ခရီးစဉ်ဒေသကောင်းတစ်ခု ဖြစ်ပေါ်လာနိုင်ပါကြောင်း   စသည်ဖြင့်   ပြောကြား သည်။

 


ဆက်လက်၍  Health and Safety Protocol National Level (HSP) နိုင်ငံအဆင့်  ကျန်းမာရေးနှင့် ဘေးကင်းလုံခြုံရေးအသိအမှတ်ပြုတံဆိပ်ရရှိသော ထိန်ထိန်သာဟိုတယ်(၁)နှင့်  မြင့်မိုရ်စံဟိုတယ်တို့ ကို  မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်မှ အသိအမှတ် ပြု   တံဆိပ်ချီးမြှင့်ပေးခဲ့ပြီး၊   မြန်မာနိုင်ငံဟိုတယ်ဆိုင်ရာလုပ်ငန်းရှင်များအသင်း(မကွေးဇုန်)  ဥက္ကဋ္ဌ ဦးစံထွေးမှ   ဌာနဆိုင်ရာဥပဒေများ    ဆွေးနွေး ပြောကြားပေးသည့် တာဝန်ရှိသူများအား အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်သည်။

 


ယင်းနောက် အလုပ်ရုံဆွေးနွေးပွဲတွင်  မြန်မာ နိုင်ငံရဲတပ်ဖွဲ့၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိူးသား မှတ်ပုံတင်ရေးဦးစီးဌာန၊   အလုပ်သမားညွှန်ကြားမှု ဦးစီးဌာန၊  ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနတို့မှ  ဆွေးနွေးပြောကြားကာ၊ တက်ရောက် လာသူများမှ  သိရှိလိုသည်များ   မေးမြန်းဆွေးနွေးခဲ့ ကြပြီး   ဆွေးနွေးချက်များအပေါ်     အဖွဲ့များဖွဲ့၍ ဆွေးနွေးချက်ရလဒ်များ      ဖော်ထုတ်ခဲ့ကြောင်းနှင့် ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန  ညွှန်ကြား ရေးမှူးမှ   ကျေးဇူးတင်စကား  ပြောကြားခဲ့ကြောင်း သိရသည်။                  

မောင်ညီညာ